Showing posts with label အထူးကဏ္ဍ. Show all posts
Showing posts with label အထူးကဏ္ဍ. Show all posts

“သင်” မဲ ပေးတော့မယ် ဆိုရင်ဖြင့်

Saturday, October 16, 2010 · 0 ရဲ့ အမြင်

အခုချိန်မှာ စစ်အုပ်စု ဘာလုပ်လုပ် ဘာမှ တရားမ၀င်ဘူး။ သို့သော်လည်း ရွေးကောက်ပွဲကို လက်ခံပြီး မဲပေးလိုက်တာနဲ့ သုညရာခိုင်နှုန်း တရားဝင်ရာကနေ ၂၅% အမြဲတမ်း တရားဝင်သွားမှာ ဖြစ်သလို နောင်တချိန်မှာ အချိန်မရွေး အာဏာပြန်သိမ်းခွင့်ကို တရားဝင် အပ်နှင်း ပေးလိုက်ရာ ရောက်သွားလိမ့်မယ်။

စစ်အုပ်စုဟာ ဆိုရှယ်လစ် စနစ် ထူထောင်ပေးမယ် ဆိုပြီး ဆိုရှယ်လစ် နိုင်ငံတွေက ကမ္ဘာမှာ အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတွေ ဖြစ်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံက ဆိုရှယ်လစ် စနစ်ကတော့ မြန်မာ့နည်းမြန်မာ့ဟန် လုပ်ပြီး ဖျက်ဆီးခံလိုက်ရလို့ ကမ္ဘာ့အဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။ အခုလည်း ဒီမိုကရေစီကျင့်စဉ် လုံးဝမပါဘဲ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံနဲ့ မြန်မာ့နည်း မြန်မာ့ဟန် လုပ်ပြီး ဒီမိုကရေစီကို ဖျက်ဆီးဖို့ ကြိုးစား နေပြန်ပြီ။ တစ်ခါ အလိမ်ခံဖူးရင် လိမ်သူအပြစ် အကြိမ်ကြိမ် ထပ်အလိမ်ခံရရင် အလိမ် ခံရသူရဲ့ အပြစ်သာ ဖြစ်နိုင်ပြီး ခဲလုံး မိဖူးတဲ့ စာသူငယ် ပမာ အတိုင်း ခဲလုံး ထပ်မမိအောင် သတိရှိရှိနဲ့ ဒီရွေးကောက်ပွဲကို ၀ိုင်းဝန်း ဆန့်ကျင်ဖို့ လိုအပ်ပါတယ်။ အကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်အုပ်စု သက်ဆိုး ရှည်ရေး အတွက် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ မပါဘဲ စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ်လို့ ဒီမိုကရေစီ အနှစ်သာရ လုံးဝ မပါရှိပါ။

ဒါကြောင့်မို့ နိုဝင်ဘာမှာ ပြုလုပ်မယ် ဆိုတဲ့ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုပဲ မဲပေးပေး စစ်အုပ်စု အကျိုးအမြတ် အတွက်သာ ဖြစ်လိမ့်မယ်။ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တဲ့ ပါတီ အားလုံးဟာ စစ်အာဏာရှင် စနစ် ထာဝရ တည်တံ့အောင် ပံ့ပိုးခြင်းသာ ဖြစ်လို့ အတိုက်အခံ ပါတီ ဆိုတာ မရှိပါဘူး။ အတိုက်အခံ မရှိတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ၀င်သူ အားလုံးဟာ စစ်တပ် မဆိုင်တဲ့ အလုပ်ကို ၀င်လုပ်တာကို တရားဝင်အောင် အားပေး ကူညီသူများသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လုံးဝမရှိဘဲ စစ်အုပ်စုက ဒီမိုကရေစီလို့ ဗြောင်လိမ်ပြီး လုပ်မည့် ဒီရွေးကောက်ပွဲကို မဲသွားပေးမည် ဆိုပါက စစ်အုပ်စု တရားဝင် တည်တံ့ ခိုင်မြဲအောင် ၀ိုင်းဝန်း ပံ့ပိုးပြီး ဒီမိုကရေစီကို ၀ိုင်းဝန်း ဖျက်ဆီးရာ ရောက်ပါ လိမ့်မယ်။ ဒါကြောင့်မို့ စစ်အုပ်စုကို အာဏာ တရားဝင် မအပ်နှင်းဖို့အတွက် လုံးဝ မဲမပေးကြပါနဲ့။

ဖတ်ကြည့်ချင်သေးလား....

တပ်မတော် နှင့် ပြည်သူ လူထု

Thursday, October 14, 2010 · 0 ရဲ့ အမြင်

★        တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို လူတိုင်း ချစ်ခင် လေးစားကြသည်။ ထိုသို့ ဆိုလိုက်၍ ကျွန်တော်ကို အတွေးအခေါ် ဖောက်ပြန် သွားပြီလို့လည်း မထင်ကြပါနဲ့အုံး။ ကျွန်တော် တကယ်တမ်း ဆိုလိုတာက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာပါ။ စစ်အာဏာရှင် စနစ်ဆိုး ကြီးကို မွေးမြူပြီး မိုက်လုံးကြီး နေတဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာ မဟုတ်ပါဘူး။ ဘာကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို လူတိုင်း ချစ်ခင် လေးစားကြတယ်လို့ ပြောတာလည်း။ အဖြေကို သက်သေ ပြရရင်တော့ ဗိုလ်ချုပ် အောင်ဆန်းကို ပထမဆုံး ဥပမာ ပေးမိတာ အမှန်ပါဘဲ။ ဒီနေ့ ထိတိုင် မြန်မာ နိုင်ငံသားတွေ ချစ်ခင် လေးစားကြတာကို တွေ့မြင် ကြားသိ နေရတုန်းပါဘဲ။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓါတ်ပုံ လေးတွေ၊ သူပြောဆို ဆုံးမခဲ့တဲ့ စာသားလေးတွေကို မြန်မာ နိုင်ငံသားတွေ ချစ်ခင်လေးစား နေကြတုန်းဘဲ ဆိုတာကိုတော့ နေရာ အနှံ့အပြားမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

★        နောက် တစ်ယောက်က မကြာခင်က စကာင်္ပူကို လာပြီး ဆေးကုသမှု ခံယူသွားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် သူရ တင်ဦး။ ဘဘ ဦးတင်ဦး စင်္ကာပူကို ဆေး လာကုမယ် ဆိုတော့ စင်္ကာပူကို မရောက်ခင် ကတည်းက ၀ိုင်းပြီး သတင်း မေးကြတဲ့ လူတွေ မနည်းပါဘူး။ ထို့အတူ ခွဲစိတ် ကုသမှု မလုပ်ခင်မှာလည်း ၀ိုင်းဝန်း ဆုတောင်း ပေးကြတဲ့ လူတွေ၊ ဆေးကုသမှု အောင်မြင်ကြောင်း သတင်းကို တင်ပေးလိုက်တဲ့ အခါ ကမ္ဘာ တ၀ှမ်းမှာ ရောက်နေတဲ့ မြန်မာ လူမျိုးတွေနဲ့ မြန်မာ ပြည်တွင်းက လူတွေ ၀မ်းသာကြောင်း လာပြောကြတာလည်း မနည်းပါဘူး။ မြန်မာ နိုင်ငံသား တွေတင် မကပါဘူး စင်္ကာပူ လူမျိုး တွေကလည်း လေးစား ကြတာပါဘဲ။ မြန်မာ နိုင်ငံသားတွေဟာ သူရဲကောင်းတွေကို ဘယ်လောက် မြတ်နိုး တန်ဖိုး ထားလိုက် သလဲ ဆိုတာ၊ တိုင်းပြည် အကျိုးအတွက် အရင်ကလည်း ဆောင်ရွက် ခဲ့သလို အခု ချိန်မှာလည်း ဆောင်ရွက် နေဆဲ ဖြစ်တဲ့ ဘဘ ဦးတင်ဦးကို စင်္ကာပူရောက် မြန်မာ နိုင်ငံသား တွေက ဂါဝရ ပြုခဲ့ကြတဲ့ အခမ်းအနား မှာလည်း အားလုံး တွေ့မြင်တဲ့ အတိုင်း ပါဘဲ။ ဒါတွေဟာ ဘယ်သူမှ ခိုင်းလို့ လုပ်ကြတာ မဟုတ်ပါဘူး၊ မလာ မနေရ စနစ်ကိုလည်း မသုံးပါဘူး၊ လေးစားလွန်းလို့ ရိုသေစွာ ရှစ်ခိုး ကန်တော့ပြီး ဆုမွန်ကောင်းတွေ ၀ိုင်းတောင်း ပေးကြတာ မြင်တဲ့ လူတိုင်း မျက်ရည်ဝဲ လောက်အောင် ၀မ်းသာ အားရ ဖြစ်မိကြပါတယ်။

★        ကျွန်တော် မှတ်မိ သလောက် ဆိုရင် ယခု စစ်အာဏာရှင် ခေါင်းဆောင်ပိုင်း တော်တော်များများ စကာင်္ပူကို ဆေးလာကုဘူး ပါတယ်။ သူတို့တွေ လာတုန်းက ဘယ်လို ၀ိုင်းပြီး ဆုတောင်း ပေးကြလဲ။ ခင်ဗျားတို့ အမှတ်ရကြအုံးမှာပါ။ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ဖို့ ကြံစည်ရာက ဦးသန်းရွှေ သဘောကျလို့ ရာထူးတွေ တဆင့်ပြီး တဆင့် တက်လာတဲ့ ဗိုလ်ချုပ် စိုးဝင်းလည်း စကာင်္ပူမှာ ဆေးလာကုတာ သေပြီလည်း သတင်း ကြားရော ပြည်သူ တွေမှာ ၀မ်းသာ အားရ ဖြစ်လိုက်ကြတာကို ပြန်ပြီးတောင် မြင်ယောင် လာမိတယ်ဗျာ။ ထို့အတူဘဲ စစ်အာဏာရှင် ဗိုလ်ချုပ် သန်းရွှေ လာတုန်း ကလည်း အလားတူ ပါဘဲ။ ပြည်သူ တွေက ဘယ်အချိန်များ သူ ကွယ်လွန်ပြီ ဆိုတဲ့ သတင်းကို ကြားရမလဲ ဆိုပြီး မျှော်လင့်စွာ စောင့်စားခဲ့ဘူး ကြပါတယ်။ သူတို့တွေ လာရင်လည်း သံရုံး ၀န်ထမ်း တွေက လွဲရင် ဘယ်ပြည်သူ လူထု မှ သွားတွေ့တယ်လို့ မကြားမိပါဘူး။ မတတ်သာလို့ သွားတွေ့ရတဲ့ လူတွေရဲ့ ရင်ထဲမှာလည်း စေတနာ ဆိုတာ ပါနိုင်ပါ့မလား။ စိတ်မပါဘဲ လုပ်ခိုင်းတဲ့ အလုပ်ကို ဘယ်သူမှ စေတနာ မပါဘူး ဆိုတာ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေနဲ့ နှိုင်းယှဉ် ကြည့်စမ်းပါ။

★        ဦးတင်ဦး ဆိုတာက ပြည်သူ လူထု အားလုံး သိပြီးကြတဲ့ အတိုင်း တိုင်းပြည်နဲ့ လူမျိုး အကျိုးကို စွမ်းစွမ်း တမံ ဆောင်ရွက်ခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ အာဏာရှင် စနစ်ဆိုးကြီးက တိုင်းပြည်ကို အကျိုး ယုတ်စေမယ်၊ ဒီမိုကရေစီ စနစ်ကသာ ပြည်သူ လူထုတွေ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ အုပ်ချုပ်ရေး စနစ်ဆိုတာကို ကျွန်တော်တို့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြား ခဲ့တာကို လေးစားစွာ လိုက်နာကျင့်ကြံ နေတဲ့ ပုဂ္ဂိုလ်လေ ။

★        ဒီနေ့ စစ်အာဏာရှင် စနစ်ဆိုးကို မွေးထုတ် နေတဲ့ ဗိုလ်ချုပ် တွေက သူတို့ ကောင်းစားရေးကို ဦးထိပ်ထား သလောက် ပြည်သူတွေ ဒုက္ခရောက် နေတာ သိသိကြီးနဲ့ လှည့်ကြည့် ကြတာ မဟုတ်ပါဘူး။ အာဏာ တည်မြဲရေး အတွက်ဆို သံဃာတောင် ချမ်းသာ မပေးဘူး ဆိုတဲ့ ၀ါဒကို ကိုင်စွဲထားသူတွေ၊ ဖြစ်ချင်တာဖြစ် ပစ်သာ ပစ်ကွာ ဆိုတဲ့ အမိန့် စကားကို လက်ကိုင် ထားပြီး သူတို့ ကိုယ်ကြိုး ရှာဖို့ တပ်မတော်နဲ့ ပြည်သူ လူထုကို ရန်တိုက် ပေးနေတဲ့ လူတွေ၊ ဒို့မြေကို တစ်လက်မမှ အထိ မခံ ရအောင် ကာကွယ်ကြဖို့ ဖွဲ့စည်း ထားတဲ့ စစ်တပ်က၊ အခုတော့ သူတို့ အာဏာ တည်မြဲရေး အတွက်ဆို ကျွန်တော်တို့ တိုင်းပြည်ကို တိုင်းတပါး လက်ထိုး အပ်ဖို့တောင် ၀န်မလေးတဲ့ သူတွေ၊ အောက်ခြေပိုင်း ရဲဘော်တွေ ၀မ်းရေး အတွက် မနည်း ရုန်းကန် လှုပ်ရှား နေကြရတဲ့ အချိန်မှာ သူတို့ တတွေက တိုင်းပြည် ဘဏ္ဍာတွေနဲ့ နောက်ဆုံးပေါ် ဇိမ်ခံ ပစ္စည်းတွေ အမျိုးမျိုး ၀ယ်သုံးပြီး အာဏာ ယစ်မူးနေကြတဲ့ လူတွေ၊ ပြောလို့တောင် ကုန်စရာ မရှိပါဘူးဗျာ။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စစ် အာဏာရှင် တွေဟာ လူမိုက် တွေထက်လည်း ပိုမိုက်သလို လူယုတ်မာ တွေထက်လည်း ယုတ်မာ နေကြတာ အားလုံး အသိပါ ။

★        တပ်မတော်သား ဗိုလ်ချုပ် ချင်း တူပါလျှက်နဲ့ တိုင်းပြည် အပေါ်ကို ထားရှိတဲ့ စေတနာနဲ့ ခံယူချက်ချင်း မတူကြတော့ ပြည်သူလူထု ကလည်း သူတို့ အပေါ်ကို ထားရှိတဲ့ စေတနာတွေက ကွဲပြား နေတာ သဘာဝ အမှန်တရား ပါဘဲ။

★        ဒီနေ့ တပ်မတော်သား အဖြစ် ခံယူထားတဲ့ မိတ်ဆွေ အပေါင်းကို ကျွန်တော် လေးနက်စွာ အသိပေးချင် ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ ကြိုးစားစဉ် ဗိုလ်ချုပ် အောင်ဆန်း လက်အောက်က တပ်မတော်သား တွေကို ပြည်သူလူထု ထားရှိတဲ့ သဘောထား လေးကို ဒီသီချင်းလေးကို လိုက်ရွတ်ကြည့်စမ်းပါ။ ပြည်သူတွေဟာ တပ်မတော် သားတွေကို ဘယ်လောက် ကြည်ညို လိုက်သလဲ၊ ဘယ်လောက် လေးစား လိုက်သလဲ။
ချွေးနဲ့ သာရယ် သွေးနဲ့ သာရယ်
စစ်တိုက်တဲ့ နေရာဝယ် အသက်စွန့် ကြလေတော့တယ်
သနား လောက်စရာ တကယ် စားသောက် ရှာတယ်
အဆင်းရဲလည်း ခံရှာတယ် ....... ဇွဲ သတ္တိ ထုံးနဲ့ရယ်
ဗမာ့ တပ်မတော်ကြီးကိုသာ ၀င်တယ်
စွန့်စားတဲ့ လူတွေရယ် ကျေးဇူးကို မျှော်တွေးလို့
ဗမာ့သွေး ကို
နှမ ပေးချင်ပါတယ် ။

ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ ပါကွယ် ....
သြော်... ရန်သူတွေကို အသေနှံတယ် .. စေတနာရှိ လွန်းလို့ပါကွယ် ...
ပိုပြီး ပျော်ဖို့ရယ် ဟေ့ ဒို့ ကြီးတော်ကြီး ကိုပါ ငါ ပေးမယ် ။

ယူမယ် ယူမယ် ဗမာတိုင်း ဗမာတိုင်း မှတ်သားကြကွယ်
ခေတ်ပေါ် တိုင်းပြည်မှာကွယ် စစ်သည် အပေါင်းကို ကောင်းမွန်စွာရယ်
ကြိုက်တာ လိုရာ ပေးလို့ အင်မတန် အရေးယူတယ်
အဲဒီလို ဗမာ တပ်မတော်ကိုမှ တတ်နိုင်သလို ကူပါကြဖို့
နမူနာ ပြလို့ ကျွန်တော်များ ဆိုပါတယ်.... ။
★        ဖက်ဆစ် ဂျပန်ကို တော်လှန်ဖို့ တိုက်ပွဲဝင်ကြမယ့် ရဲဘော်တွေကို ပြည်သူ လူထု ကိုယ်စား ဂီတာ သိန်းမောင်က ဂျူဗလီဟောမှာ ဖျော်ဖြေခဲ့တဲ့ သီးချင်းလေးပါ။ အဲဒီ သီချင်းလေးကို နားဆင်ရတဲ့ ရဲဘော်တွေ မျက်ရည် ကျတယ်တဲ့။ ဘယ်လောက် လွမ်းစရာ ကောင်းလိုက်တဲ့ သီချင်းလေးလဲဗျာ။

★        ယခင်က တပ်မတော်သားတွေကို ပြည်သူလူထုက လေးစား ချစ်ခင်ခဲ့တာကို အခွင့်ကောင်း ယူပြီး စစ်အာဏာရှင် တွေက သူတို့ ကိုယ်ကျိုးအတွက် တပ်မတော်သား တွေကို အသုံးချခြင်းကို ခံခဲ့ရလို့ အခု ချိန်မှာ တပ်မတော်သား တွေကို ပြည်သူ လူထုက နာကြည်း မုန်းတီး နေကြပါပြီ။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူ လူထုကို အရက်စက်ဆုံး နှိမ်နှင်းခဲ့ကြတဲ့ တပ်မတော်သား တွေကို နာကြည်း လာတာ မုန်းတီး လာတာ ပြည်သူတွေ ကို အပြစ် ဆိုလို့လည်း မရပါဘူး။ ဒီနေ့ ပြည်သူ လူထု ကိုယ်စား ကျွန်တော် ပြောကြား ချင်တာက ကျွန်တော်တို့ တပ်မတော်သား တွေကို မမုန်းပါဘူး။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူ လူထုကို ဒုက္ခပေးတဲ့ စစ်သားတွေ ကိုသာ မုန်းတာပါ။ ကျွန်တော် တို့တတွေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို မမုန်းပါဘူး။ စစ်အာဏာရှင် စနစ်ကြီးကို မွေးဖွား ပေးတဲ့ ယုတ်မာ လွန်းလှတဲ့ ဗိုလ်ချုပ်တွေ ကိုသာ မုန်းတာပါ။

★        စစ်အာဏာရှင် တွေဟာ သူတို့ အာဏာ တည်မြဲရေး အတွက် တပ်မတော်သား တွေကို မြှောက်ပေးပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ရန်သူ သဖွယ် သတ်ဖြတ် ခိုင်းခဲ့သလို၊ ပြည်သူ လူထုကို လည်း အကြမ်းဖက် နှိမ်နှင်းခဲ့တာ တွေဟာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ခိုင်း သလိုပါဘဲ။ အဲဒီလို မှားယွင်းတဲ့ လုပ်ရပ် တွေကိုသာ ရပ်ပြီး ပြည်သူ လူထုနဲ့ လက်တွဲ ကြမယ် ဆိုရင် မကြာခင် အချိန်အတွင်းမှာ ပြည်သူ လူထု ကလည်း တပ်မတော်သားတွေ အပေါ်ကို သဘောထား ပြောင်းလာ ကြမှာ သေချာ ပါတယ်။ တချိန်က တပ်မတော်နဲ့ ပြည်သူ လူထု ချစ်ခင် စည်းလုံး ခဲ့ကြလို့ လွတ်လပ်ရေးကို ရရှိခဲ့ကြတယ် ဆိုတာကို မမေ့ စေချင်ပါဘူး။ ပြည်သူ ချစ်သော စည်းကမ်း ပြည့်ဝတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ တပ်မတော်ကြီးကို ပြန်လည် မွေးဖွားဖို့ အတွက် ဒီနေ့ တပ်မတော် သားတိုင်းမှာ တာဝန် ရှိပါတယ်။ ယခု အချိန်ဟာ တပ်မတော်သားတွေ အမြင်မှန် ရကာ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ပြည်သူ လူထုနဲ့ ပူးပေါင်းပြီး မြန်မာ တမျိုးသားလုံးက လေးစား ချစ်ခင်ရတဲ့ တပ်မတော်ကြီးကို ပြန်လည် တည်ဆောက်ဖို့ အတွက် ကမ္ဗည်း မော်ကွန်း ရေးထိုးရမည့် အချိန်ကို ရောက်လာ ပါပြီလို့ လေးစားစွာ အသိပေး နိုးဆော် လိုက်ပါတယ်။

★        ပြည်သူ လူထု အနေနဲ့လည်း လွတ်လပ်၍ တရားမျှတကာ အေးချမ်း သာယာ၍ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီသို့ ချီတက်ရန် အတွက် ကျရာ အခန်း ကဏ္ဍကနေ ပါဝင်ပြီး တိုက်ပွဲကို ၀င်ရောက် ဆင်နွှဲ ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင် လေးစားလျှက်
ဗမာ့သွေး

လက်ရှိ တပ်မတော် တွင် တာဝန် ထမ်းဆောင် နေသော တပ်မတော်သား အားလုံး အမှန်တရားကို သိမြင်လာ စေရန် ကူညီ၍ ဖြန့်ဝေ ပေးကြပါ။

ဖတ်ကြည့်ချင်သေးလား....

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ နိုင်ငံတကာ သံရုံးများသို့ တောင်းဆိုစာများ ပေးပို့

Thursday, October 7, 2010 · 0 ရဲ့ အမြင်

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ EU အပါအ၀င် နိုင်ငံတကာ သံရုံးများသို့ ၄င်းတို့ ၏ ကြေငြာချက်နှင့် တပ်ပေါင်းစုဝင် ကျောင်းသား လူငယ်ပေါင်း နှစ်ရာနီးပါး လက်မှတ် ရေးထိုး တောင်းဆို ထားသော တောင်းဆိုချက် စာကို ပေးပို့ ခဲ့ကြသည်။

တောင်းဆိုချက်စာတွင် နိုင်ငံကြီးများ အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြရန်နှင့် ရွေးကောက်ပွဲဝင် ပါတီများကိုလည်း ထောက်ပံ့ ကူညီမှုများ မပြုလုပ်ကြရန် ကန့်ကွက် တောင်းဆို ထားပြီး ဗဒတ တပ်ပေါင်းစု၏ အချက် ခြောက်ချက်ပါ ကြေငြာချက်နှင့် လက်မှတ်ပေါင်း နှစ်ရာ နီးပါး ပါဝင်သော တောင်းဆိုချက် စာကိုပါ တပါတည်း ပေးပို့ ခဲ့ကြခြင်း ဖြစ်သည်။

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုကို ၁၉၈၈ ပြည်သူ့ အရေးတော်ပုံ နှစ်ဆယ့်နှစ် နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည့် (၈.၈.၂၀၁၀) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး (၁၆.၉.၂၀၁၀) ရက်နေ့ တွင် ၄င်းတို့၏ အချက် ခြောက်ချက်ပါ ကြေငြာချက်ကို ထုတ်ပြန် ကြေငြာခဲ့ကြသည်။

ယခု ပြုလုပ်သော တောင်းဆိုချက် ပေးပို့ခြင်းကို EU အပါအ၀င် နိုင်ငံတကာ သံရုံး အတော်များများသို့ ပေးပို့ ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ တပ်ပေါင်းစု ပြန်ကြားရေး ကော်မတီက ယခု လှုပ်ရှားမှုကို သတင်း ထုတ်ပြန်ရာတွင် နိုင်ငံတကာ အနေဖြင့် မြန်မာ ပြည်သူများ၏ ယခု လက်ရှိ အခြေအနေနှင့် ခံစားချက် အစစ်အမှန် များကို ကောင်းစွာ နားလည်မှု မရှိပဲ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံ အားပေးနေခြင်း များကို တွေ့မြင် နေရသဖြင့် ယခုကဲ့သို့ သံရုံးများသို့ စာရေး တောင်းဆို ရခြင်း ဖြစ်ကြောင်းနှင့် ၄င်း သံရုံးများမှ တဆင့် သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများက မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်ကို နားလည် သဘောပေါက် လာပြီး ၄င်းတို့ ၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ သဘောတရား များကို ပြန်လည် သုံးသပ် ပြုပြင် လာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြား သွားပါသည်။

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု၊ ၂၀၀၇ မျိုးဆက် ကျောင်းသား သမဂ္ဂ၊ ရွှေဝါရောင် မျိုးဆက်၊ NEW GENERATION၊ ရန်ကုန်တိုင်း အတွင်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ ကျောင်းသား လူငယ် အင်အားစု အဖွဲ့နှင့် မြေလတ် ကျောင်းသားများ အဖွဲ့များ ပါဝင်ပြီး အမာခံ ကျောင်းသား လူငယ်ပေါင်း နှစ်ရာကျော်နှင့် တနိုင်ငံလုံး အနေဖြင့် တပ်ပေါင်းစု အဖွဲ့ဝင်ပေါင်း ငါးရာကျော်ထိ ရှိသည်။ ၄င်းတို့ တပ်ပေါင်းစုသည် စစ်အာဏာရှင် စနစ် ဖြုတ်ချရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကို ပုံစံ မျိုးစုံ နည်းမျိုးစုံဖြင့် မည်သည့် အင်အားစုနှင့် မဆို ပူးပေါင်း လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်း သိရှိရသည်။

ဖတ်ကြည့်ချင်သေးလား....

ပြည်သူ လူထူကြီးအား သိစေရန်

Wednesday, October 6, 2010 · 0 ရဲ့ အမြင်

အာဏာရှင်တွေ၏ ယုတ်မာ ကောက်ကျစ်သော အကြံဆိုးကို အားလုံး နားလည် စေချင်သောကြောင့် ဖြန့်ဝေ ပေးလိုက် ပါသည်။

အာဏာရှင် တို့သည် သူတို့အား အုပ်ချုပ်ရေး အာဏာကို ပြည်သူ လူထုမှ တရားဝင် အပ်နှင်းရန် အလို ရှိသောကြောင့် အရေခွံ လဲပွဲကို ကျင်းပခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံသားများ ဗိုလ်ချုပ် အောင်ဆန်း၏ ရင်သွေးလည်းဖြစ် ၊ မြန်မာနိုင်ငံအား စစ်မှန်သော ဒီမိုကရေစီ စနစ်ကိုဖော် ဆောင်ပေးမည့် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း လွန်စွာ မုန်းတီးလျှက် ရှိသော ကြောင့် NLD ပါတီကို ဖျက်စီးရန် အမျိုးမျိုး ကြိုးစားလျှက် ရှိပေသည်။

ထို့ကြောင့် NLD ပါတီဝင် များထဲမှ ကိုယ်ကြိုးရှာ နိုင်ငံရေး သမားများကို စည်းရုံးကာ ပါတီ ခွဲထောင်ရန် နောက်ကွယ်မှ ထောက်ပံ့ပေး၍ ကြိုးကိုင်လျှက် ရှိပါသည်။ ယခု အစိုးရ၏ ရွေးကောက်ပွဲသည် အတု အယောင် ရွေးကောက်ပွဲ ဖြစ်သည်သာ မက ရွေးကောက်ပွဲဝင် ပါတီများ၏ နောက်ကွယ်တွင် စစ်အစိုးရ နှင့် လျှို့ဝှက် ဆက်သွယ်၍ မြန်မာ တမျိုးသားလုံးကို ကျွန်အဖြစ် သွတ်သွင်းရန် ကြံစည်လျှက် ရှိပါသည်။ ထို ရွေးကောက်ပွဲကို လက်ခံ လိုက်ခြင်းသည် သင့်ကိုယ်သင် ကျွန်အဖြစ် အသိအမှတ်ပြု လက်မှတ်ထိုး လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင် ရမည်။ ရွေးကောက်ပွဲ ဆန့်ကျင်ခြင်းသည် လမ်းဆုံး မဟုတ် ၊ သို့သော် ဒီမိုကရေစနစ်၏ လမ်းစပင် ဖြစ်သည်။

တရားမျှတ၍ လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံ အဖြစ်သို့ ရောက်ရှိ လိုပါလျှင် တရား မျှတမှု မရှိသော ယခု ရွေးကောက်ပွဲကို အရင်ဆုံး ဆန့်ကျင်ကြပါ လေးစားစွာ တိုက်တွန်း ပြောကြား လိုပါတယ်။

ခင်မင် လေးစားလျှက်
ဗမာ့သွေး

ဖတ်ကြည့်ချင်သေးလား....

ပြည်တွင်းက သူတွေကို သတိပေး ပေးကြပါ

Thursday, September 9, 2010 · 0 ရဲ့ အမြင်

အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက် ရေးရာ အထူး လုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်း ပုံစံဖြင့် အမျိုးသမီးငယ် များအား လာရောက် ထည့်သွင်း မြုပ်နှံ ထားကြောင်း ရန်ကုန်မှ အင်တာနက် ဆိုင်ရှင် တစ်ဦးမှ ဆက်သွယ် ပြောဆို လာပါတယ်။

ဆိုင်ပိုင်ရှင်မှ ပြောဆို ရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီး ဝန်ထမ်းတွေပဲ ဆိုပြီး သိပ်ပြီး ဂရုမစိုက် ကြတဲ့ အတွက် အန္တရာယ် များကြောင်း .. စအဖမှ အင်တာနက် ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော် များများမှာ ထည့်ထားကြောင်း.. ယခု ရက်ပိုင်း အတွင်း လာရောက် ထည့်သွင်း ထားတာ ဖြစ်ကြောင်း... ဆိုင်ပိုင်ရှင် များလည်း စိတ်ညစ် နေရကြောင်း ဒီသတင်းကို ဆက်လက် ဖြန့်ဝေ ပေးစေလိုကြောင်း ဆက်သွယ် ပြောကြား သွားပါတယ်။

ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေ ပေးကြပါရန်....

ဖတ်ကြည့်ချင်သေးလား....

ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက်စွဲ

Wednesday, September 1, 2010 · 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

“ပျက်အောင် ဖျက်ကြရမဲ့ ရွေးကောက်ပွဲနဲ့ သတိထားကြရမဲ့ စိတ်ဓါတ် စစ်ဆင်ရေး”

Monday, August 23, 2010 · 0 ရဲ့ အမြင်

မောင်ချင့်ချိန်

“အာရုံဦးမှာ ဖူးသည့်ကြာ”တဲ့ ၊ အင်တာနက် စာမျက်နှာ တွေနဲ့ Group Mail တွေထဲမှာ အပြော များလာပြီး ပါတဲ့ သရုပ်ဆောင် တွေကို ဆန္ဒပြရေး မပြရေး ၊ အငြင်းပွား နေကြကထဲက ကျွန်တော် စိတ်ဝင်စား ခဲ့တာပါ ။ န၀တ/နအဖ (စစ်အာဏာရှင်) ခေတ် ၂၂ နှစ်သက်တမ်းမှာ “ပါပီမ” ဇတ်လမ်းက စလို့ ခု “အာရုံဦးမှာ ဖူးသည့်ကြာ” ထိ စစ်အုပ်စုရဲ့ ၀ါဒ ဖြန့်ချီရေး ၊ ပေါ်လစီကားဆိုတာတွေ မနည်းတော့ပါဘူး ၊ အဆင့်တန်းရှိရှိ ၊ သိက္ခာရှိရှိနဲ့ ဘယ်လို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးမယ် ဆိုပြီး ပြည်သူကို စည်းရုံးတဲ့ ဇတ်ကား တွေထက် တဘက် (တော်လှန်သူတွေ)ကို မဟုတ်တမ်း တရားပြော အပုတ်ချ ရိုက်ကူးထားတဲ့ အောက်တန်း ကျတဲ့ ဇတ်လမ်း တွေပဲ ဖြစ်ခဲ့ပါတယ် ။

၁၉၇၄ အလုပ်သမား အရေးတော်ပုံ ၊ ဦးသန့် ဈာပနနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ထိခိုက် စော်ကားထားပြီး ၊ သမိုင်းကို လိမ်ညာထားတဲ့ အဲဒီ ဇတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တွေကို ဗီဇာပိတ်ဘို့ တောင်းဆို တာတွေ ၊ နေတိုးနဲ့ အဖွဲ့ကို အင်္ဂလန်မှာ ဆန္ဒ ပြကြတာတွေ ၊ ဘတ်ဖဲလိုးမြို့မှာ ၀ိုင်းစုခိုင်သိန်း ကို ဆန္ဒ ပြကြတာတွေနဲ့ ကိုယ့် အချင်းချင်း အငြင်းပွား ရတာတွေ အတွက် ဒီဇတ်ကား အကြောင်း ရေရေ ရာရာ သိချင်ပြီး လေ့လာ ဖြစ်ခဲ့ပါတယ် ။

ရုပ်ရှင်ကို မကြည့်ရခင် မဇ္ဈိမ သတင်းဌာနနဲ့ တင်သန်းဦး (အဲဒီကားရဲ့ ဇတ်ညွှန်းနဲ့ ဒါရိုက်တာ)တို့ရဲ့ အင်တာဗျူးကို အရင် ဖတ်ဖြစ် ခဲ့ပါတယ် ၊ အဲဒီမှာထဲက တင်သန်းဦး ကိုယ်တိုင်က ဒီဇတ်ကားဟာ နအဖ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ပြောင်ကျ လွန်းတဲ့ စိတ်ဓာတ် စစ်ဆင်ရေး ဖြစ်နေတယ် ၊ သူကိုယ်တိုင် သဘော မကျတာတွေ ရှိတယ် ဆိုတာမျိုး ၀န်ခံထားတာတွေ တွေ့ရတဲ့ အတွက် တင်သန်းဦးလို စိတ်ဓါတ် စစ်ဆင်ရေး ဌာနမှာ နှစ်၂၀ ကျော် လုပ်ခဲ့တဲ့ ဦးစီး အရာရှိ ပထမတန်း ဒုဗိုလ်မှုးကြီး တယောက် တောင်စိတ် မပါပဲ လုပ်ပေး ခဲ့ရပါတယ် ဆိုရင် သာမန် အနုပညာရှင်တွေ မျှသာ ဖြစ်တဲ့ ၆၈ ယောက်သော လူကြမ်းတွေ၊ နိုင်ငံကျော် မင်းသား မင်းသမီးတွေ ၊ မော်ဒယ်တွေ ကရော စိတ်ပါ လက်ပါ ရိုက်ပေး ခဲ့ရတာ ဟုတ်ပါဦးမလား ၊ ပြီးတော့ ဘယ်လောက်တောင် သိမ်ဖျင်း ယုတ်ညံ့ အောက်တန်း ကျနေမလဲ စဉ်းစား မိပါတယ် ။

ဒီနေရာမှာ သရုပ်ဆောင်တွေကို ဆန္ဒ ပြသင့်သလား ဆိုတဲ့ အငြင်း ပွားဖွယ်ရာ အကြောင်းအရာ တစ်ခုကို ကြားဖြတ် ပြောချင် ပါတယ် ၊ အနုပညာသည် ဆိုတာလဲ အာဏာရှင် ခိုင်းရာ လုပ်ရတဲ့ ဖိနှိပ်ခံ တွေပါပဲ ဆိုပေမဲ့ အကန့်အသတ်တော့ ရှိရပါမယ် ၊ အနုပညာသည် ဆိုတာကိုက ပြည်သူ လူထုက ကျွေးတာ စားပြီး ပြည်သူကို အလုပ်အကြွေး ပြုဘို့ပါ ၊ ပြည်သူကို အဆိပ်ဆေး တိုက်ဘို့ မဟုတ်ပါဘူး ၊ ဇတ်ကား တစ်ကား ရိုက်ဘို့ ထုတ်ဝေသူတွေ ၊ ဒါရိုက်တာတွေက ကမ်းလှမ်း လာရင် ဇတ်လမ်းကို အရင်ဖတ်ပြီးမှ လက်ခံကြရတာပါ ၊ ဇတ်ဝင်ခန်းမှာ ပြောရမဲ့ ဒိုင်ယာလော့(စကားလုံး)တွေကိုလဲ ကြိုပြီး ကျက်မှတ် ထားရတာပါ ၊ ဒီတော့ “မသိလို့ပါ” ဆိုတာမျိုး ဆင်ခြေက ယုတ်တိ မတန်သလို ၊ “မလွန်ဆန် နိုင်လို့ပါ”ဆိုရင်လဲ ဘာအတွက် မလွန်ဆန် နိုင်တာလဲ ထပ်မေးရမှာပါ ၊ ပြည်သူကို အသိမှား အယူအဆ မှားတွေ ဖြစ်စေတာ အနုပညာကို သစ္စာ ဖေါက်တာ ဖြစ်သလို ပြည်သူကို စော်ကားတာလဲ ဖြစ်ပါတယ် ၊ အဲဒီတော့ သူတို့လဲ ဖိနှိပ်ခံတွေ ပါပဲလေ ဆိုပြီး ငြိမ်နေ လိုက်ရင် ပြည်သူကို ခံစားမှုတွေ ပေးနိုင်စွမ်း ရှိတဲ့ အနုပညာသည်တွေ လမ်းမှား ဆက်လျှောက် မိနေနိုင်ပါတယ် ၊ ဘယ်သူမှ ဘာမှ တတ်နိုင်တာမှ မဟုတ်ပဲ ၊ အာဏာပိုင်တွေ အလိုလိုက် တာ ဘေးကင်းတာပဲ ဆိုတဲ့ သူတွေကိုလဲ၊ ဘယ်လို အခြေအနေမှာမှ ပြည်သူကို စော်ကားလို့ မရဘူး ဆိုတာ ပြရပါမယ်၊ ဒီတော့ သရုပ်ဆောင်တွေကို ဆန္ဒ ပြသင့်ပါတယ်၊ ပြကို ပြကြ ရပါမယ် ၊ ကန့်ကွက် ရှုတ်ချ ကြရပါမယ် ၊ တခုတော့ ရှိပါတယ် ၊ သရုပ်ဆောင်တွေ အနေနဲ့ မလွန်ဆန်နိုင်လို့ ပါဝင် မိခဲ့တာပါ ဆိုတာနဲ့ ၊ တကယ့် ဖြစ်ရပ်မှန် ဇတ်လမ်း မဟုတ်ပဲ အာဏာပိုင်တွေ ဖန်တီးထားတဲ့ ဇတ်လမ်းသာ ဖြစ်တယ် ဆိုတာ မီဒီယာ တွေကနေ ပြည်သူ သိအောင် ၀န်ချ တောင်းပန်ရင် ခွင့်လွှတ် ပေးရပါမယ် ၊ သဘောထား ကြီးရမယ် ၊ မြင့်မြတ် ရမယ် ၊ အမြင် ကျယ်ရမယ် ဆိုပြီး ၀ါရင့် နိုင်ငံရေး သမားကြီးတွေလို လေသံနဲ့ အနုပညာသည် လောက်ကို ဆန္ဒပြဘို့ မလိုဘူး ယူဆသူ တွေအနေနဲ့ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပေမဲ့ ၊ ပြည်သူကို စော်ကားရင် ၊ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အပေါင်း သွေးနဲ့ ရေးခဲ့တဲ့ သမိုင်းတွေကို ဖျက်ဆီးရင် ၊ ဘယ်သူ့ကို ဖြစ်ဖြစ် ဆန့်ကျင် ရမှာပဲ ယူဆတဲ့ စစ်အာဏာရှင်တွေရဲ့ယုတ်မာ ကောက်ကျစ်မှုတွေကို ခါးခါး သီးသီး နာကျည်း ခံပြင်း နေသူတွေရဲ့ သဘောထား ကိုတော့ ကန့်လန့် မလုပ်သင့်ပါဘူး ၊ ခုလို အချိန် ၀န်ချ တောင်းပန် ဖြေရှင်းမှု မလုပ်ရသေးတဲ့ အနုပညာသည် တွေကို ဖက်လှဲ တကင်း ဆက်ဆံခြင်းဟာ လူမိုက် အားပေးလုပ်နေ သလို ၊ ရန်သူ (စစ်အာဏာရှင် တွေ)ရဲ့ ၀ါဒဖြန့် စိတ်ဓါတ် စစ်ဆင်ရေး လုပ်ငန်းတွေကို အထောက်အကူပြု ပေးနေသလို ဖြစ်စေမယ် ဆိုတာ သတိထားသင့်ပါတယ်။

ဇတ်ကား အကြောင်း ပြန်ဆက် ရရင် မဇ္ဈိမ သတင်းဌာနနဲ့ တင်သန်းဦး အင်တာဗျူးမှာတင် စိတ်ဝင်စားစရာ အချက်တွေ တွေ့ပါတယ် ၊ တင်သန်းဦး ကိုယ်တိုင်ရဲ့ အပြော တွေထဲက “ဦးတည်ချက်က ဘာကို ဆိုလို ချင်တာလဲ။ ဦးတည်ချက် တချက်ပဲ ပေး။ ရုပ်ရှင်ကားက ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲ ပေးရမှာ ၊ ခုဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို ”ဆိုတာမျိုးနဲ့ “စိတ်ဓာတ် စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီးလုပ်တယ်။ ဘယ်သူ လုပ်မှန်း မသိဘူးပေါ့နော်။ စာရေးရင်တမျိုး ၊ အသံလွှင့် နေရင်လည်း ဘယ်က လွှင့်နေမှန်း မသိဘူး ဒါမျိုးတွေက စိတ်ဓာတ် စစ်ဆင်ရေး စနစ်ပေါ့ ။ နောက်တမျိုးက အထင် ကရလုပ်တဲ့ စိတ်ဓာတ် စစ်ဆင်ရေး လူသိရှင်ကြား ဗြောင်ကြီး လုပ်တဲ့ စစ်ဆင်ရေး။ ကျနော်သာ စိတ်ဓါတ် စစ်ဆင်ရေး လုပ်ရင် ဒါမျိုး မလုပ်ဘူး။ ခုက နဲနဲလေး ဒဲ့ဒိုး ဆန်တာပေါ့။ စိတ်ဓါတ် စစ်ဆင်ရေးဆိုတာ ဒဲ့ဒိုး မဟုတ်ဘူး။ လုပ်လို့ လုပ်လိုက်မှန်း မသိအောင် လုပ်တာ။ စိတ်ဓါတ် စစ်ဆင်ရေးမှာ မူဝါဒ တခု ရှိပါတယ်။ သီအိုရီ ပါပဲ ။ ပရိသတ်ရဲ့ အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ အခု ဒီကားမှာ ဆိုရင် ပြောင်းပြန် လောက်ဖြစ်တယ်။” ဆိုတာတွေက စိတ်ဝင်စားစရာ အချက်တွေပါ။

တင်သန်းဦးလို ကိုယ်တိုင် ပေါ်လစီ ဇတ်လမ်းတွေရေး ၊ ဒါရိုက်တာ လုပ်ဇတ်လမ်းတွေရိုက် ၊ ဖော်လံဖား ဆောင်းပါးတွေ တောက်လျှောက် ရေးပြီး ၂၀၀၇ခုနှစ်ကမှ ကျန်းမာရေး မကောင်းလို့ စစ်ဦးစီး ပထမတန်း ဒုဗိုလ်မှုးကြီး ရာထူး ကနေ (ခံစားခွင့်တွေ အများကြီး ရပြီးမှ) အနားယူ လိုက်တဲ့သူက ဒီဇတ်လမ်းကျမှ စိတ်မပါပဲ လုပ်ပေး ခဲ့ရတာလို့ ဘာလို့ ပြောတာလဲ ၊ ဒီဇတ်ကား အတွက် သမိုင်း ဆိုင်ရာ အချက်အလက်တွေ စီစစ်တဲ့ ချစ်နိုင် စိတ်ပညာက ဗိုလ်မှူးဟောင်း ၊ တက္ကသိုလ် မြတ်သူ ဆိုတာက (စစ်ဗိုလ်မှန်း ဘာမှန်း သာမသိတာ) သတင်းစာ တွေမှာ စစ်အုပ်စု အလိုကျ ၀ါဒဖြန့်ချီရေး ပင်တိုင် ဆောင်းပါးရှင် ၊ တင်သန်းဦးနဲ့က ပုလင်းတူ ဗူးဆို့ ပြန်ကြားရေး ၀န်ကြီး ဌာနရဲ့အရေးပါ အရာရောက်သူတွေ ၊ ပရိသတ်ရဲ့အကြိုက်ကို ဆန့်ကျင်တယ် ဆိုတာလဲ သိသိနဲ့ ဆိုတော့ ဦးတည်ချက်က ဘာလဲ ၊ ဟို ဦးတည်ရမလို ဒီ ဦးတည်ရမလို ဖြစ်နေတယ်လဲ ပြောသေးတယ် ၊ စိတ်ဓါတ် စစ်ဆင်ရေး ကျတော့ ဒဲ့ဒိုး ဆန်တယ်လဲ ပြောသေးတယ် ၊ တင်သန်းဦး အဖြေတွေမှာတင် မရိုးသားမှုတွေလဲ ရှိနေပါတယ်။

ဇတ်လမ်းက ပထမပိုင်း ၊ ဒုတိယပိုင်း ၊ ဇတ်သိမ်းပိုင်းဆိုပြီး တပိုင်းမှာ နှစ်ချပ်နဲ့ စီဒီ ခြောက်ချပ် ။ န၀ရတ် ရွှေစင် ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေး ကနေ ဖြန့်ချီတာပါ ၊ လက် တွေ့ဘ၀နဲ့ကင်းကွာနေတဲ့ ဘာ ဦးတည်ချက် ဘယ်နှစ်ရပ် ဆိုတာတွေနဲ့ ကြေငြာတွေ အပြီး ပထမဆုံး စာတမ်းထိုးတဲ့ကျေးဇူး တင်လွှာထဲက ၀ိုင်းဝန်း ပါဝင် ထားရသူ တွေဖြစ်တဲ့ တိုင်မှုးတွေ ၊ ၀န်ကြီးဌာနတွေ ၊ စစ်ဌာနချုပ်တွေ ၊ တိုင်းတယကတွေ ၊ စစ်တပ်တွေ ကိုကြည့်ရင် ဘယ်လောက်ထိ ၀ါဒ ဖြန့်ချီရေး ရည်မှန်းချက် ကြီးကြီး ထားတဲ့ ဇတ်ကားလဲ သိနိုင် ပါတယ် ၊ သမိုင်းကြောင်း နောက်ခံ ဖြစ်ရပ်မှန် ဇတ်လမ်း ဆိုပြီး ပါဝင်တဲ့ မင်းသား မင်းသမီး ၊ မော်ဒယ် ၊ ဇတ်ရံ ၊ လူကြမ်းတွေ ကြေငြာပြီး ပထမဆုံး ဇတ်ဝင်ခန်းမှာတင် ဒီဇတ်ကားရဲ့ ပြောင်ကျ တာရော ၊ မသိမသာရော ၊ အောက်တန်း ကျတာရော စိတ်ဓါတ် စစ်ဆင်ရေး ဆိုတာတွေ စတွေ့တာပါပဲ ။

မဲပေး ကြရတော့မယ် ဆိုတာပါတယ် ၊ ဆူဆူ ပူပူတွေ မလုပ်ပြီးရော ဆိုပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ NLDကို မဲပေး ခဲ့ကြတယ် ဆိုတာ ပါတယ် ၊ ၁၉၇၄ မှာ တပါတီ စနစ်ကို ရာနှုန်းပြည့် ထောက်ခံ အခြေခံ ဥပဒေ အတည်ပြုခဲ့ပြီး ကိုယ်အာဏာ မရသူတွေ ထလုပ်တဲ့ အလုပ်သမား အရေးအခင်း ဖြစ်ခဲ့ပါတယ် ၊ အရေးအခင်း ဖြစ်ရင် ကျောင်းသားတွေ နစ်နာတယ် ၊ ကျောင်းတွေ အကြာကြီး ပိတ်တယ် ဆိုတာ ပါတယ် ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး သက်တမ်း သုံးကြိမ် ဖြစ်ဘူးတဲ့ ဦးသန့်က အမေရိကားမှာ ပါမောက္ခလား ကထိကလား လုပ်နေပြီး အစိုးရက နိုင်ငံခြားရေး ၀န်ကြီး ပေးပါမယ် ခေါ်တာတောင် ပြန်မလာတဲ့သူ ၊ ဟိုမှာ သဂြိုင်္လ် လိုက်လဲ ရရဲ့သားနဲ့ အစိုးရက ကြံတောမှာ ဂူ လုပ်ပေး ရအောင် ပြန်သယ် လာတာ ၊ လုပြီး တက္ကသိုလ်ထဲမှာ လာလုပ်တာလေ ၊ ကျောင်းသားက ၂၀၀ လောက်ထဲ အရပ်သားက ၆၀၀၀ လောက်နဲ့ ၊ ဗကပ ယူဂျီတွေနဲ့ ပြည်ပြေး တွေရဲ့လက်ချက်ပါ ၊ အဲဒီမှာလဲ ကျောင်း ၆ လပိတ်တာပဲလေ ဆိုတာ မျိုးလဲ ပါတယ်၊ နေပြည်တော် ဆိုတဲ့ နေရာက လူတွေ အပျော်အပါး သွားလာလို့ ရတဲ့ နေရာတွေပါတယ် ၊ အဲဒီကနေ လွတ်လပ်ရေး ရပြီး ခေတ် ၁၉၄၉ ကို ရောက်သွား လိုက်တာ နေ၀င်း အာဏာ သိမ်းတဲ့ ၁၉၆၂ ထိ အလယ်သား စီဒီိ လေးချပ် စာလုံးကို ဘုရား မရှိ တရား မရှိ ၆၄ ဖြုတ်ထုတ်သတ် လမ်းစဉ်နဲ့ ဖအေကို သားက ပြန်သတ် အချင်းချင်းတွေသတ် လုပ်တဲ့ ဗကပ ၊ ရထားလမ်း မိုင်းထောင် ၊ ရွာတွေဝင် ဆက်ကြေးကောက် လူသစ်စု မိန်းကလေးတွေ ဆွဲလုပ်တဲ့ KNU ၊ပျူစောထီးလို ခါးပိုက်ဆောင် တပ်တွေ မွေးပြီး ကိုယ်အာဏာ ရဘို့ သူငယ်ချင်း အချင်းချင်းတောင် ပြန်သတ်ခိုင်းနေတဲ့ တည်မြဲနဲ့ သန့်ရှင်း ဖဆပလ ၊ နိုင်ငံရေး ဆိုတာ အာဏာ မက်မော သူတွေလုပ်တာ ၊ ရွေးကောက်ပွဲ ဥပဒေဆိုတာ ဒါပဲ ဆိုပြီး သေနတ်ပြ ၊ တပ်မတော် ကတော့ အမြဲတမ်း ကယ်တင်ရှင် ဆိုတာတွေ ပြသွားပြီး နောက်ဆုံးချပ်မှာ ကျောင်းသားတွေ အသတ် မခံရပဲ အသတ်ခံ ရတယ် ၊ ကျောင်းသူတွေ မုဒိန်း အကျင့် မခံရပဲ ခံရတယ် လိမ်ညာ မြှောက်ပေးရာက ရှစ်လေးလုံး ဖြစ်လာပြီး ခေါင်းတွေဖြတ် အလံကိုင် နှဘူးစီးနဲ့ လူတွေက နေ့ခင်း ကြောင်တောင် လမ်းပေါ် ဓါးပြတိုက် လုပ်တာတွေ ပါတယ် ၊ ရှစ်လေးလုံမှာ ဦးဆောင်တာက ပျူစောထီးခေတ် ဖဆပလခေတ်မှာ အာဏာလု ခဲ့ကြသူတွေရဲ့ သားသမီးတွေ ဆိုတာလဲ ပါသေးတယ်၊ တောခို ကျောင်းသားတွေက မြို့ပေါ် ဖေါက်ခွဲရေး လုပ်ရအောင် ပြန်လာပြီး ကိုယ့်လက်ထဲတင် ပေါက်ကွဲတာ ပါတယ် ။

ကဲ.. ဘယ်မှာလဲ အမှန်တရား.. အာဏာ လက်ဝယ်ရှိသူက သမိုင်းရေး စတမ်းလို့ ဇတ်အိမ် မခိုင်မာတဲ့ ဆီသည်မ လက်သုတ် ဆိုပေမဲ့ ဒီတစ်ခါတော့ သမိုင်းတွေ လိမ်ယုံ မဟုတ်တာတော့ သေချာတယ် ၊ ဦးတည်ချက်တွေက နိုင်ငံရေး ဆိုတာ အနိဌာရုံတွေ ၊ စိတ်ဝင်စား အပ်တာ မဟုတ် ဆိုတာမျိုး နိုင်ငံရေးကို လူတွေ စိတ်မ၀င်စား စေချင်တဲ့ သဘောပါတယ် ၊ ရွေးကောက်ပွဲ လုပ်တယ် ဆိုတာ အချင်းချင်း နေရာလု ပြန်သတ် စစ်ပွဲတွေ ဖြစ်လာ နိုင်တယ်လို့ ရွေးကောက်ပွဲ အပေါ် စိတ်မ၀င်စား ကြစေချင်တဲ့ သဘောတွေ ပါတယ် ၊ ရွေးကောက်ပွဲ ဥပဒေ ဆိုတာ ဒါပဲလို့ သေနတ်ပြ ခြိမ်းခြောက်တဲ့ သဘောတွေ ပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲလဲ စိတ်မ၀င်စား ကြနဲ့ ၊ နိုင်ငံရေးလဲ မပတ်သက်နဲ့ ဆိုတာမျိုး ပြောင်ရော မသိမသာရော စိတ်ဓါတ် စစ်ဆင်ရေး လုပ်တာပါပဲ ။

ဒီနေရာမှာ အငြင်းပွား နိုင်ပါတယ် ၊ “ဟ စစ်အုပ်စုက ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့ လူတွေကြားထဲ အတင်း ၀ါဒဖြန့်နေတာ ၊ လူတွေကို ရွေးကောက်ပွဲကို စိတ်မ၀င်စားအောင် လုပ်တယ် ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ ”ငြင်းနိုင် ပါတယ် ၊ သတိပြု ကြရမှာက စစ်အုပ်စုဟာ ပြည်သူ လူထုရဲ့ဆန္ဒ အတွက် ရွေးကောက်ပွဲ လုပ်တာ မဟုတ်ဘူး ဆိုတာပါ ၊ စစ်တပ် အုပ်ချုပ်မှုကနေ အရပ်သား အစိုးရ တစ်ရပ် ပြောင်းပါပြီ ဆိုပြီး ကမ္ဘာကို လိမ်ဘို့ ၊ အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ဆက် ထိမ်းနိုင်အောင် လို့ ၊ သူတို့စိတ်တိုင်းကျ အခွံချွတ် ဒါမှ မဟုတ် စစ်တပ်သြဇာခံ ကြံ့ဖွတ်၇၅%နဲ့စစ်ယူနီဖေါင်းဝတ်၂၅%လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လာဘို့ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်မ၀င်စားလေ ပိုကောင်းလေပါ ၊ ဒါ့ကြောင့် တဘက်က ရွေးကောက်ပွဲ ဆိုပြီး ဟန်ပြ နေသလောက် တကယ်တမ်းမှာ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်မ၀င်စားကြအောင် စိတ်ဓါတ် စစ်ဆင်ရေးတွေ လုပ်နေတယ် ဆိုတာ သတိထားကြ သင့်ပါတယ် ။

ဒီနေ့ ပြည်သူတွေ ကြားမှာ စစ်အုပ်စု လိုချင်တဲ့ ပုံစံ အတိုင်း ရွေးကောက်ပွဲကို စိတ်မ၀င်စား ကြပါဘူး ၊ စစ်အုပ်စုကလဲ လူတွေ စိတ်ဝင် စားစား မစားစား ၊ မဲလာပေးပေး မပေးပေး ၊ သူ့ဘာသာ ရွေးကောက်ပွဲ လုပ်ပြီး သူ့ စိတ်တိုင်းကျ ဖွဲ့မဲ့ အစိုးရ တစ်ရပ် ကြေငြာမှာပါ ၊ ရွေးကောက်ပွဲ လုပ်ဖြစ်ပြီ ဆိုတာနဲ့ လက်ရှိ အာဏာပိုင်တွေ အားလုံး ပြောင်ပြောင် တင်းတင်း ကျောထောက် နောက်ခံ ပြုပေးနေတဲ့ လက်ရှိ ယူနိဖေါင်း ၀တ်ရော ယူနီဖေါင်း ချွတ်ရော ဦးစီးတဲ့ ကြံ့ဖွတ် အဖွဲ့က အလိုလို အနိုင် ရသွားမှာပါ ၊ ရွေးကောက်ပွဲကို သပိတ် မှောက်ကြဆို ယုံတင် ကတော့ စစ်အုပ်စု အကြိုက်ပဲ ဖြစ်ပါ လိမ့်မယ် ၊ စစ်အုပ်စု ဖန်တီး ထားတဲ့ စိတ်ဓါတ် စစ်ဆင်ရေး အဆင့်အတိုင်းပဲ ဖြစ်သွား မှာပါ၊ ကျွန်တော် ဆိုလိုတာက လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုယုံနဲ့ စစ်အုပ်စု လုပ်ရပ်တွေကို တားနိုင်မှာ မဟုတ်ဘူး ၊ ရွေးကောက်ပွဲ ကို ပျက်အောင်ကို ဖျက်မှ စစ်အုပ်စု ခြေလှမ်းကို ချိုးနိုင်မှာပါ ၊ ဒါဟာ စစ်အာဏာရှင် လက်အောက်မှာ နောင် ဘယ်လောက် ကြာဦးမလဲ ဆိုတဲ့ အဖြေလဲ ဖြစ်ပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲကို စိတ်ဝင်စားအောင်ကို လုပ်ရပါမယ် ၊ ဒါဟာ မဲသွားပေးဘို့ မဟုတ်ပါဘူး ၊ ပျက်အောင်ဖျက်ဘို့ စိတ်ဝင်စား စေရမှာပါ ၊ ဒီရွေးကောက် ပွဲဖြစ်သွားရင် ၊ ပြီးသွားရင် ဆိုတဲ့ အခြေအနေတွေကို ပြည်သူတွေ သေချာ သိစေပြီး ပျက်အောင် ဖျက်မှ ရမယ်ဆိုတဲ့ စိတ်ဝင်စားမှုကို ဖြစ်စေ သင့်ပါတယ် ၊ စစ်အုပ်စု ကြေငြာထားတဲ့ နိုဝင်ဘာ(၇)ရက် မတိုင်မှီမှာ လူထု အုံကြွမှုတွေ ၊ ရရာ လက်နက်နဲ့ အခြေအနေပေး သလို ပြန်ခံချတာတွေ လုပ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပျက်အောင်ကို ဖျက်ကြ ရအောင်ပါ ။

တော်လှန်ရေး သစ္စာ ခိုင်မာမှုဖြင့်
မောင်ချင့်ချိန်

ဖတ်ကြည့်ချင်သေးလား....

“ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇာတ်မှာ သားကောင် ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

Thursday, August 12, 2010 · 0 ရဲ့ အမြင်

သင်္ကြန် ဗုံးဖေါက်ခွဲမှုတွင် ပါဝင် “ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇာတ်မှာ သားကောင် ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”
မောင်ချင့်ချိန်

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အပါအဝင်၊ မင်္ဂလာတောင်ညွန့် မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော် ငြိမ်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့် ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရ ခိုင်းဖတ် လက်ပါးစေ အများအပြား သေဆုံး ဒါဏ်ရာ ပြင်းစွာ ရခဲ့ပြီးး ပြည်သူ လူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန် အကြတ်နေ့ ကန်တော်ကြီး ဗုံးပေါက် ကွဲမှုကို ဘယ်သူ လုပ်တာလဲ လို့ ကမ္ဘာကရော မြန်မာ ပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်း ခဲ့ပြီး ကျောင်းသား လူငယ်လေးတွေက အစ သေနတ်ကိုင် ပြန်တိုက်တဲ့ ခေတ် (၂၂ နှစ် ကာလ) မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ် သုံးရာ ကျော်ပြီးလို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက် တွေမှာ ဖေါ်ပြ ထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှ တလ တကြိမ် နှုန်းလောက် ကွဲနေသလိုမို့ ဗမာ ပြည်သူ တွေရော၊ နိုင်ငံတကာ ကပါ ယဉ်ပါးနေပြီးး ဗုံးကွဲ တယ်ဆိုတာ ကို သိပ် စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီး၊ တိုင်းပြည် မတည်ငြိမ်ဘူး ဆိုပြီး ဆက် အုပ်ချုပ်လို့ ရအောင် သူတို့ဘာ သူတို့ ခွဲတာ နေမှာ ပါဆိုတာမျိုးလဲ ပြည်သူ အများစုက သဘော ထားခဲ့ ကြပါတယ်။ ခု ဧပြီးလ (၁၅) ရက်၊ သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော၊ လူအများအပြား ထိခိုက် တာကြောင့်ရော၊ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေး တာဝန်ရှိ ရာထူး ကြီးကြီး မားမား ပုဂ္ဂိုလ်များနဲ့ အာဏာပိုင် အသိုင်းအဝိုင်းကြား ထိခိုက်မှု များတာကြောင့်ရော၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စု အချင်းချင်း လုပ်တာလို့ အမျိုးမျိုး ပြောနေ ကြတာတွေကြောင့်ပါ ကမ္ဘာ ကရော မြန်မာ ပြည်သူ တရပ်လုံး ကပါ စိတ်ဝင်တ စားရှိခဲ့တာပါ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်က ဗုံးတွေနဲ့ မတူပဲ သေဆုံး ဒါဏ်ရာရ စာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ် တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာက လွဲရင်) ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြခွင့် ပေးခဲ့ပါတယ်။ နောက် ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေ ဆယ်သိန်း ပေးမယ်လို့ တယက ကြေငြာချက် ထုတ်ပြန် ပြီးး ရန်ကုန်တိုင်း မြို့နယ် ပေါင်းစုံက ရယက ရုံးတွေနဲ့ လူစည်ကားရာ လမ်းဆုံ လမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါ တယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်း ရပ်ကွက် ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီး ဝပ်လို့ အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကို နေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရ စာပေ စိစစ်ရေးက ခွင့်ပြု ထုတ်ဝေတဲ့ ဂျာနယ် တွေထဲမှာလည်း ဖေါ်ပြ ထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပြီးး သုံးပါတ် အကြာမှာတော့ အားလုံး သိပြီးးတဲ့ အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲ အချော်ချော် သတင်းစာ ရှင်းပွဲလုပ်ပါ တယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင် ပါဝင် ကျူးလွန်သူ တယောက်ကို ဖမ်းမိ ထားတယ် ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့ အဖွဲ့ များစွာကိုလည်း စွပ်စွဲ လိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက် မညီ အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲကို သေချာ လေ့လာပြီးချိန် မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင် ပါဝင် ကျူးလွန် သူလို့ စစ်အစိုးရ ဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ် ကျူးလွန်သူ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာ ပါတယ်။

နဂိုကတည်းက ယုံစရာ မကောင်းလို့ စစ်အစိုးရ ပြောတာတွေ မို့လို့၊ စိတ် အခံကြောင့် လက်မခံတာမျိုး မဟုတ်ပဲ လုပ်ကြံ ဖန်တီးထားတဲ့ ဇတ်လမ်း ဖြစ်နိုင်တယ်လို့ ရဲချုပ် ခင်ရီ ဆက်စပ် ပြနေတဲ့ အလွဲ တွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံ ဇတ်ထွင် ရသလဲ ဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့် တရားခံ အဖြစ် ပြခံရလဲ ဆိုတာ ပြောစရာ ရှိလာပါတယ်။

အဓိက လုပ်ကြံ ဇတ်ထွင် ရတဲ့ အကြောင်းက သူ့တပ် သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူ ဘာပြောပြော၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရု မစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကို လိမ်ဘို့ ဆိုတာထက် သူ့တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းဘို့၊ အာဏာရှင် သန်းရွှေနဲ့ စဉ်းစား ဉာဏ်မရှိတဲ့ သူ့တပ် အသိုင်းအဝိုင်းကို ပြန်လိမ် တာပါ။

X2O ရေကစား မဏ္ဍပ်ဟာ စစ်အုပ်စု ရာထူးကြီး ပုဂ္ဂိုလ်များရဲ့ သားသမီးတွေ စုဝေးရာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အချစ်တော် မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါ လာသွား နေခဲ့ပါတယ်၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက သူ့အပိုင် စစ်ဒေသ မဟုတ်ဘဲ ဖိုးလပြည့်နဲ့ VIP သားသမီးများ လုံခြုံရေး အတွက် သီးသန့် လာစောင့် ပေးနေရတာပါ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဝင်ထွက်ခွင့် တံဆိပ်ပါ ကားတွေ ရပ်ထားပြီးး ဗိုလ်မှူးကြီး ကိုယ်တိုင် လုံခြုံရေး ယူပေးနေတာမို့ သက်ဆိုင်ရာ မြို့နယ် ရဲမှူးနဲ့ မယက ဥက္ကဋ္ဌ အပါအဝင် လုံခြုံရေး များစွာ ရှိနေတဲ့ ကြားမှာ ကွဲခဲ့ ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ် စရာတွေ ဖြစ်လာ ပါတော့တယ်၊ ဖိုးလပြည့်ကို မကြည် တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ တခြား VIP သားသမီး တချို့ကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ ဗိုလ်မှူးကြီး အုန်းချိုကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း တခုခုက လုပ်တာလို့ သူတို့ အချင်းချင်း ကြားမှာကို ထင်ကြေးတွေ ယူဆချက်တွေ အမျိုးမျိုး ဖြစ်လာ ခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပ မြို့နယ်၊ ချယ်ရီ ဥယျာဉ် အိမ်ယာက နေပြည်တော် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလွင် နေအိမ်နဲ့ နယ်စပ် စည်ပင် ဒုဝန်ကြီး ဗိုလ်မှူးကြီး တင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေ တွေ့ခဲ့ပြီးး သတင်း ထုတ်ပြန်ခြင်း မရှိပဲ ဖုံးကွယ် ထားခဲ့ပါတယ်၊ (သုံးလကျော် ကြာပြီးးမှ ခု သတင်းစာ ရှင်းပွဲမှ ထုတ်ပြောတာပါ)၊ ထောက်လှမ်းရေး အသိုင်းအဝိုင်းနဲ့ အရာရှိကြီးတွေသာ သိခဲ့ပြီး ချယ်ရီဥ ယာဉ် အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ ကိုတောင် အဲဒီ ဝန်းထဲမှာပဲ ကျိတ်ပြီး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက် လေးစားမှု မရှိပဲ အကျိုး ခံစားမှု တွေနဲ့၊ အမိန့် အာဏာတွေက ပေါ်နေ ပတ်သက် နေကြတဲ့ အသိုင်း ဝိုင်းဖြစ်တာကြောင့်၊ သတင်း လုံခြုံမှု မရှိဘဲ ပေါက်ထွက်လာပြီး ပြည်ပ သတင်းဌာနတွေ ကနေ ပြောမှ သိကြ ရတာကြောင့် တပ်တွင်း မှာပဲ အချင်းချင်း ပြန်လုပ် နေသလား၊ တယောက်ကို တယောက် မယုံ သင်္ကာနဲ့ ကြည့်နေ ခဲ့ကြတာမှာ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာ ပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာ မလုံမခြုံ ဖြစ်လာပြီးး ဗုံးပေါက်ကွဲပြီး မကြာမှီ အဆင့်မြင့် အရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ် လိုက်တာ၊ လူအင်အား လက်နက် အင်အား စာရင် ကြိုသတင်းပို့ ရမှာတွေ ဖြစ်လာပါ တယ်။

သို့လော သို့လောနဲ့ အချင်းချင်း မယုံမကြည် ဖြစ်လာတဲ့ တပ်တွင်း ပဋိပက္ခကို ထိန်းဖို့၊ မျက်မာန်ရှ နေတဲ့ အာဏာရှင်ကြီး သန်းရွှေ ကို နှစ် သိမ့်နိုင်ဖို့၊ အသုံးမကျ သလို ဖြစ်နေတဲ့ ရဲနဲ့ ထောက်လှမ်းရေး တွေရဲ့ သိက္ခာကို ကာကွယ်ဖို့၊ ပြည်သူတွေ ကြားမှာ ပြောနေတဲ့ စစ်အစိုးရ ကိုယ်တိုင်ခွဲတာပါကွာ ဆိုတာကို ရှင်းပြီးးသား ဖြစ်အောင်လို့၊ အတိုက်အခံ တွေကို နိုင်ငံရေး အရ ထိုးနှက် ရအောင်လို့ စသဖြင့် အကြောင်းရာတွေကြောင့် လုပ်ကြံ ဇတ်ထွင် ရခြင်း ဖြစ်ပါတယ်။

ရဲချုပ် ခင်ရီရဲ့ အကြံပေး ဇတ်လမ်းရေး ဆရာတွေရဲ့ ရွှေဉာဏ်တော် စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံ အဖြစ် ပြခံရလဲ ဆိုတာက ဇတ်လမ်း ဖန်တီး လွယ်မယ့် ဆက်စပ်မှုမှာ ရှိနေလို့ပါ၊ ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှူးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ် တာဝန်ခံ အင်ဂျင်နီယာ အဖြစ် လုပ်ခဲ့ ဖူးသူ တယောက်ဖြစ်ပြီး သံသယ ဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်က တရင်းတနှီး နေထိုင် ခဲ့တာကြောင့် အဲဒီ ဗုံးကိစ္စမှာ စစ်မေးခံဖူး သူ၊ ထောက်လှမ်းရေးတွင် ခံဝန် လုပ်ထား ရသူ ဖြစ်ပါတယ်။ သင်္ကြန် အပြီးး ပြစ်ချက်ဟောင်း ရှိသူ သံသယ ဖြစ်စရာ အားလုံးကို ဖမ်းတာ မှာ ပြန်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမ အကြိမ် ချယ်ရီ ဥယျာဉ် အိမ်ယာ ဝန်းထဲမှာ အလုပ်သမားတွေ ရှေ့မှာ စစ်ဆေးတာမျိုး မဟုတ်ဘဲ စစ်ကြောရေး စခန်းမှာ ညှင်းပန်းနှိပ် စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာ ဖြစ်တဲ့ အတွက် အရင်က နိုင်ငံရေး လုပ်ခဲ့တာတွေ၊ နိုင်ငံရေး နယ်ပယ်က သူတွေနဲ့ ပတ်သက် ခဲ့တာတွေကို ပြောပြ ဖြစ်ခဲ့မှာ ဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံး အရေးအခင်း တွက် စာဖြန့်တယ် ဆိုပြီးး ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေး ကင်းရှင်းပြီးး ကောင်းမွန်စွာ နေထိုင် ကျောင်းတက် ပါမည်ဟု ဝန်ခံ လက်မှတ် ထိုးဘူးကြောင်း၊ ၂ဝဝ၇ သြဂုတ်လကုန်က ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီ ဈေးနှုန်း တက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော် များအား ထောက်ခံ သင့်ကြောင်းစာကို အစ္စလာမ် ဘာသာဝင် များကြား ကိုယ်တိုင် ရေးသား ဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံ ဘုန်းကြီးကျောင်းကို ထရန်စဖေါ်မာ ဆင်ပေး နေချိန် ဖြစ်၍ ၎င်းသံဃာတော်များနှင့် အတူ လမ်းလျှောက်စဉ် လိုက်ပါ ခဲ့ကြောင်း၊ အတူလုပ်ခဲ့ သူများမှာ ၂ဝဝ၇ ပြီးးနောက်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြ ဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

မူလထဲက လက်တွေ့ ကျူးလွန် သူတွေကို မဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံ အစားထိုးဘို့ ကြံစည် နေတဲ့ ရဲချုပ် ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့ တခြား စွပ်ဆွဲသူတွေကို ဇွတ် ဆက်စပ် ရပါတော့တယ်။ တခြား စွပ်ဆွဲ ခံရသူတွေကို ဒီကိစ္စမှာပါဝင်ပတ်သက် တာ ဟုတ်မဟုတ် ဘယ်သူမှမပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီး လုပ်ပေးမယ် လက်ခံ ခဲ့တာကြောင့် နှစ်ယောက် အတူတွဲပြီးး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှု ဖြစ်တဲ့နေ့)က တနေ့လုံး ရန်ကင်း စင်တာ မှာပဲ ရှိနေတယ် ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်း စင်တာမှ တာဝန်ကျ ဝန်ထမ်းများ၊ လုံခြုံရေး များလည်း သိကြောင်း၊ လာဖမ်းသွားပြီး နောက်နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံး ကိစ္စ စစ်မေးရန် ခေါ်သွားကြောင်း ပြောရာ ငါနဲ့ အတူရှိနေ တာပဲ၊ သူနဲ့မှ မဆိုင်တာ၊ ဒါဆို ပြန်လွတ် လာမှာပါ ပူမနေနဲ့ ပြောကြောင်း၊ ကျွန်မ အမျိုးသားက မတရား စွပ်ဆွဲ ခံရတာပါလို့ RFA ကိုပြော သွားတာ တွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင် ထားပြီးး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က မိခင် ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာ ထက်ဝေအောင်တို့ ၁၅ မိနစ် တွေ့ခွင့် ရခဲ့ပါတယ်၊ ဒေါက်တာ ထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်း ဆိုင်ရာ ညှင်းပန်း နှိပ်စက်မှုမျိုး လုပ်ခံ ထားရပုံ ပေါ်နေပြီး တွေ့ခွင့် ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာ လေးမျိုးကိုပဲ ထပ်ကာ ထပ်ကာ ပြောနေ ခဲ့တယ်လို့ ပြောပါတယ်၊ အဓိက ကတော့ သူမတရားခံ ရတာ ဖြစ်ကြောင်း၊ လုံးဝ မပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့ သိရ ပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက ရှေ့နေ ဦးကျော်ဟိုးကို ငှားရမ်းထားပြီး ကိုယ်စားလှယ်လွှဲ ရှေ့နေ ပါဝါ ယူဘို့ အင်းစိန် ထောင်ကို သွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့် မရခဲ့ဘဲ ထောင် အာဏာပိုင်တွေက သူတို့ ဘက်က လက်မှတ်ထိုး လုပ်ပေး ရမဲ့ဟာ လုပ်ပေး ထားပြီးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက် သက်တမ်းမှာ နိုင်ငံရေးမှုပဲ ဖြစ်ဖြစ် ဘာမှုပဲ ဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေက ရှင်းပါတယ်၊ ရှေ့နေ ပါဝါ လွှဲခွင့် ပေးလိုက်ရင် ပုဒ်မ တခုခု တပ်ထားတာ ပြောရ တော့မယ်၊ ထောင် ပို့ပြီး ဆိုကထဲက ပုဒ်မ တခုခု တပ်ပို့ ရတာပါ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူး ပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာ အမှု (ပုဒ်မ) နဲ့ ပတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန် သိရတဲ့ အခါ ရှေ့နေက သက်သေပြလို့ ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ ရန်ကင်း စင်တာက ဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေ ဖြစ်လာရင် လုပ်ကြံ ဇတ်လမ်း သတင်းစာ ရှင်းပွဲဆိုတာ ထင်ရှား သွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့် မပေး၊ သက်သေ ပြခွင့် မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှု မပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရား ထောင်ချမယ် ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖြေရှင်းချက် ပေးဖို့နဲ့ ထုံးစံ အတိုင်း ပြည်သူတွေကို လိမ်ညာ လှည့်ဖြားဖို့ ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင် ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင် လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင် ဖြစ်သွား နိုင်တာမို့ အခြေခံ အကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို ဝိုင်းဝန်း တိုက်ဖျက်ကြပါစို့။

မောင်ချင့်ချိန်
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီး ကြည့်နိုင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

“ကျောင်းသားတွေ၊ လူငယ်တွေကို ပြောပြချင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး အကြောင်း”

Monday, August 2, 2010 · 0 ရဲ့ အမြင်

မောင်ကျောင်းသား

ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ခဲ့တာ ၂၂နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကို အနိုင်အထက်ပြု အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကို ဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာ မျိုးတွေ ရှိနေတဲ့ အတွက် ဒီ ၂၂ နှစ်တာ ကာလမှာမှ မွေးဖွားခဲ့တဲ့ သူတွေနဲ့ အဲဒီ အချိန်က မူလတန်း အောက်မှာပဲ ရှိဦးမဲ့ လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ သမိုင်း ဖြစ်ရပ်မှန်တွေကို မသိကြရပါဘူး ။

အာဏာရှင်တွေက ဒီလောက်၂၂ နှစ်တာ ကာလ မဆိုထားနဲ့ နေ့စဉ် ဖြစ်နေတဲ့ အခြေအနေတွေ ကိုတောင် ပြည်သူတွေ သတင်းမှန် ဖြစ်ရပ်မှန် မသိအောင် ဖျောက်ဖျက် လိမ်ညာ ဖုံးကွယ် နေတာပါ ၊ အားလုံး လက်လှမ်း တမှီ ရှိမဲ့ ရွှေဝါရောင် တော်လှန်ရေးလို့ တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေ မေတ္တာပို့ စီတန်း လမ်းလျှောက်ပွဲ ကိုတောင် သံဃာ အတုအယောင်တွေက လုပ်တာပါ ဆိုတာမျိုး ဒီ သုံးနှစ် နီးပါးသာ ရှိသေးတဲ့ ကာလ တိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက် ဆီးနေတာပါ ။

ဘာဖြစ်လို့လဲ ! သူတို့ ,သမိုင်းတွေကို ဘာကြောင့် ဖျက်ဆီးချင် ထိမ်ချန် ဖုံးကွယ်ချင် လိမ်ညာချင် နေရတာလဲ ! ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအ၀င် သမိုင်းဖြစ် စဉ်တွေထဲမှာ ကြက်သီး မွှေးညှင်း ထလောက်အောင် စိတ်ဓါတ် တက်ကြွ အားကျ အတုယူ စရာကောင်းတဲ့ ကျောင်းသားတွေ ပြည်သူတွေရဲ့ ရဲရင့်မှုတွေ ၊ တောက်ခေါက် ဒေါသထွက် မချိတင်ကဲဖြစ် ၊ ခံပြင်း နာကျည်း သွားစေမဲ့ အာဏာပိုင်တွေရဲ့ ရက်စက် ယုတ်မာမှုတွေ ၊ အပြစ်မဲ့လက်နက်မဲ့ ကျောင်းသား ပြည်သူတွေ ရဟန်း သံဃာတွေကို စစ်မြေပြင် တခုလို နံပါတ် တုတ်တွေနဲ့ ရိုက် ၊ ဘက်နက်နဲ့ထိုး ၊ သေနတ်နဲ့ပစ်၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင် တွေထဲမှာ ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်လုပ်နေတဲ့ ကြေကွဲဝမ်းနည်းစရာ သွေးအလိမ်းလိမ်းမြင်ကွင်းတွေ ရှိနေပြီး သူတို့ကို အစဉ်သဖြင့် စိတ်ခြောက်ခြား နေစေလို့ပါ ။ သမိုင်း တွေကို ပြည်သူတွေပြန်အမှတ်ရနေရင် ၊ နောင်လာ နောက်သားတွေ သိရင် မတရားသဖြင့်အနိုင်ကျင့်ရယူထားတဲ့ သူတို့ အာဏာ ကုလားထိုင်ကို ကိုင်လှုပ် လာနိုင် တယ်လို့ အမြဲတမ်း တွေးကြောက် နေတာကြောင့် သမိုင်းတွေကို ဖျောက်ဖျက်လိမ်ညာ ထိမ်ချန် ဖုံးကွယ် နေတာပါ ။

ကဗျာလေး တပုဒ်ရှိပါတယ် ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က န၀တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့) အမည်ခံ အာဏာသိမ်း အပြီး ၊ သူတို့ ကိုးကွယ်တဲ့ ဗေဒင်ဆရာ ညွှန်ကြားချက် အတိုင်း သွေးညှီနံ့ လွှမ်းနေတဲ့ အတိတ်ဆိုးတွေ အတွက် မြို့တိုင်း လမ်းမကြီးတိုင်းက ခြံစည်းရိုးတွေကို ထုံးသုတ်ဘို့ အမိန့် ထုတ်တဲ့အချိန်ထွက်လာတဲ့ “သွေးမော်ကွန်း” ဆိုတဲ့ ကဗျာလေးပါ ၊ ဘယ်သူ ရေးမှန်း မမှတ်မိတော့ပါဘူး ၊ “သမိုင်းသစ်ရေး…၊ ငါတို့သွေးကို….၊ ထုံးဖြူဆေးသုံး…၊ ဖျောက်ဖျက်ဖုံးလဲ……..၊ မဆုံး ကမ္ဘာတည် လိမ့်မည်……”တဲ့ ။ ကနေ့ထိ ရင်ဘတ်ထဲ စွဲကျန်နေတဲ့ အဲဒီ ကဗျာလေးလို ပါပဲ ၊ သမိုင်းတွေကို ဘယ်လို နည်းလမ်းတွေနဲ့မှ ဖျောက်ဖျက် ဖုံးကွယ်လို့ မရဘူးဆိုတာ အာဏာရှင်တွေ သိနေလောက်ပါပြီ် ။

(၂)

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စကားလုံး အရ အမျိုးမျိုး ပြောကြပါတယ် ၊ ရှစ်ဆယ့်ရှစ် အရေးအခင်း ၊ ၁၃၅၀ပြည့် အရေးတော်ပုံ ၊ ရှစ်လေးလုံး အရေးတော်ပုံ ၊ ရှစ်ဆယ့်ရှစ် သပိတ်တိုက်ပွဲ စသဖြင့် ပြောကြပြီး ၊ နောက်ပိုင်းမှာ အရေးအခင်း ဆိုတဲ့ စကားလုံးက န၀တလို စစ်အာဏာရှင်တွေက တန်ဘိုး ပေါ့သွားအောင် သုံးတာ ၊ သာမန်ဆန်တယ် ၊ အရေးတော်ပုံ ဆိုတာက အကြောင်းရာကြီး ဖြစ်တယ်နဲ့ ပြောကြရင်း နောက်ပိုင်းတော့ရှစ်လေးလုံးအရေးတော်ပုံကြီးလို့ပဲ အားလုံးကအသိ အမှတ်ပြု သုံးနှုန်းခဲ့ကြပါတယ် ။

ဘယ်လိုပဲ ပြောပြော ဗမာ့ သမိုင်းရော ကမ္ဘာ့ သမိုင်းမှာပါ အံ့သြ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဘာသာစုံ ၊ လူမျိုးစုံ ၊ အလွှာစုံ ၊ လူထု အုံကြွမှုကြီး ၁၉၈၈ ခုနှစ်မှာ ဗမာ နိုင်ငံနေရာအနှံ့ဖြစ်ပေါ်ခဲ့တယ်ဆိုတာနဲ့ အဲဒီအုံကြွမှုကြီးကို ကျောင်းသားတွေ အသေခံ ဦးဆောင် ခဲ့ကြတယ်ဆိုတဲ့ သမိုင်း ဖြစ်ရပ်တွေကို နောင်လာနောက်သားတွေ အမှန်အတိုင်းသိရှိကြဘို့က အဓိကဖြစ်ပါတယ် ။

ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ် လာစေတဲ့ ဆင့်ကဲ ဖြစ်စဉ်တွေမှာ အဓိက, က အဲဒီ အချိန်မှာ နှစ် ၄၀ သက်တမ်း ရှိနေပြီ ဖြစ်တဲ့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး ထဲက ဖြစ်ခဲ့တဲ့ ပြည်တွင်း စစ်မီးပဲ ဖြစ်ပါတယ် ။ ဦးနုနဲ့ ဦးနေ၀င်း အပါအ၀င် တိုင်းပြည် အုပ်ချုပ် ခဲ့သူတွေက ပြည်သူတွေ အပေါ် စေတနာ မမှန်ခဲ့ဘူး ၊ လက်နက်ကိုင် ပုန်ကန်ကြတဲ့ တိုင်းရင်းသားတွေ ၊ အဖွဲ့စည်းတွေကို မျှမျှ တတ ဆွေးနွေး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် ရမဲ့ အစား စစ်ပွဲတွေကိုပဲ ဖန်တီး မွေးမြူပြီး နိုင်ငံ့ ဘဏ္ဍာငွေတွေကို စစ်သုံး စရိတ် ခေါင်းစဉ်တွေပြ ၊ ကိုယ့်မိသားစု ကြွယ်ဝ ချမ်းသာရေးတွေပဲ လုပ်ခဲ့ကြလို့ ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် လို့ဖြစ်လာတဲ့ အထိ ပြည်သူတွေ ဖွတ်ဖွတ် ညက်ညက်ကျေ မွဲတေစေခဲ့တာကြောင့်နဲ့ ၊ နိုင်ငံ့ခေါင်းဆောင်ပိုင်းက ကိုယ်ကျိုး စီးပွားရှာ အဂတိ လိုက်စားမှုရဲ့ နောက်ဆက်တွဲ ဥပဒေမဲ့မှု ၊ မတရားအနိုင်ကျင့်မှုတွေ အောက်ခြေ အဆင့် အာဏာပိုင်တွေအထိ အဆင့်ဆင့် ကျူးလွန် လာခဲ့ ကြတာကြောင့် ပြည်သူတွေ မျိုသိပ် ခံစားခဲ့ရတဲ့ နာကျည်းမှုတွေက ရှစ်လေးလုံး အရေးတော်ပုံကြီး အဖြစ် ပေါက်ကွဲ ထွက်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဗကပ (ဗမာပြည် ကွန်မြူနစ် ပါတီ) ၊ KNU ၊ KIA ၊ SSA ၊ စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မျိုးစုံနဲ့ ပြည်တွင်း စစ်မီး အရှိန်ကို မြင့်စေခဲ့တာက အဲဒီ ပြည်တွင်းစစ်နဲ့ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေတွေကို အကြောင်းပြပြီး (၁၉၆၂ ခု မတ်လ ၂ ရက်)နေ့မှာ တော်လှန်ရေး ကောင်စီ အနေနဲ့ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ် နေ၀င်းနဲ့ စစ်ဝါဒီတွေကြောင့်ပဲ ဖြစ်ပါတယ် ၊ အယောင်ဆောင် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီး ပြည်တွင်းစစ် အဟုန်မြင့် တက်ခဲ့သလို စစ်တပ် သြဇာ ထူထောင်လိုမှု တွေကြောင့် ၁၉၆၂ -7JULY ကျောင်းသား သတ်ပွဲနဲ့ ကျောင်းသား သမဂ္ဂ အဆောက်အဦ ဖြိုဖျက်တာ ၊ ၁၉၇၄ ဇွန် အလုပ်သမား အရေးအခင်းကို ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၄ ဒီဇင်ဘာမှာ ဦးသန့် ဈာပနစီစဉ်သူ ကျောင်းသား တွေကို ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းတာ ၊ ၁၉၇၆ မတ်လ၂၃ ရက်နေ့ သခင် ကိုယ်တော်မှိုင်း ရာပြည့်ပွဲမှာ ကျောင်းသား တွေကို ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းတာ စတဲ့ ပြည်သူတွေ ကျောင်းသားတွေ အပေါ် လက်နက် အားကိုး အကြမ်းဖက် ဖြေရှင်းမှုတွေကို ကျူးလွန်ခဲ့ပါတယ် ။

အဲဒီဖြစ်စဉ်တွေမှာ အံကြိတ် ခံခဲ့ရတဲ့ ကျောင်းသားတွေ ပြည်သူတွေရဲ့ လက်ဆင့်ကမ်း နှိုးဆော်မှု တွေက ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်လာဘို့ အကြောင်းချက် တွေ ဖြစ်ပါတယ် ၊ အနီးစပ်ဆုံး အကြောင်းအရာ ကတော့ ပြည်တွင်း စစ်ကြောင့် စစ်သုံးစရိတ်တွေများခဲ့သလို ကိုယ်ကျိုး စီးပွားရှာမှုတွေကြောင့် စီးပွားရေး ချွတ်ခြုံကျ၊ ငွေကြေး မတည်မငြိမ် ဖြစ်လာတဲ့ အပေါ် တစ်ရာတန် ၊ နှစ်ဆယ့်ငါးကျပ်တန် ၊ သုံးဆယ့် ငါးကျပ်တန် ၊ ခွန်နှစ်ဆယ့် ငါးကျပ်တန် ငွေစက္ကူတွေကို တရား မ၀င်တော့ ကြောင်း (၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့မှာ) ကြေငြာ လိုက်တာပါပဲ ။ အဲဒီ အချိန် ထိုးတက်သွားတဲ့ ကုန်ဈေးနှုန်း အခြေအနေနဲ့ လက်ထဲ ငွေမရှိတော့မှု ဆိုတဲ့ ပြဿနာက ပြည်သူတွေ အတွက် အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုဖြစ်လာပြီး နာကျည်းမှုတွေ ပေါက်ကွဲပွင့်အံထွက်ဘို့ အခြေပြုလာပါတယ် ။

အာဏာပိုင်တွေရဲ့ မတရားသဖြင့် ဥပဒေတွေ ၊ အမိန့် အာဏာ တွေတိုင်းကို ရှေ့ကနေ ဦးဆောင် ဆန့်ကျင်တာ ကျောင်းသား တွေပဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် တော်လှန်ရေး ကောင်စီ ကနေ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အမည်ခံ အုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ် နေ၀င်းနဲ့ စစ်ဝါဒီတွေရဲ့ ရန်ဘက် သဖွယ် အညှိုးထားတာ ခံရပါတယ် ။ ငွေစက္ကူတွေ တရား မ၀င်ကြောင်း ကြေငြာချိန် မာစဒါဂျစ်ကား မီးရှို့ ဆန္ဒပြခဲ့တဲ့ စက်မှု တက္ကသိုလ်(RIT) ကျောင်းသား တွေကို အညှိုးထားမှု ကနေ ကျောင်းသားနဲ့ အရပ်သား ဖြစ်တဲ့ ရန်ပွဲ အကြောင်းပြပြီး (၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ည) ရန်ကုန် စက်မှု တက္ကသိုလ် (RIT) ကျောင်းဝန်းထဲ လုံထိန်းရဲတွေနဲ့ စစ်မြေပြင် တခုလို ပစ်ခတ် ခဲ့တဲ့ အတွက် RIT ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ သေဆုံးပြီး ကျောင်းသား အများအပြား ထိခိုက် ဒါဏ်ရာ ရခဲ့ကြပါတယ်။

အဲဒီ ဖြစ်စဉ်ကြောင့် “ဒါး ဒါးချင်း လှံ လှံချင်းယှဉ်ယုံပဲ”လို့ ပြည်သူတွေကို စိန်ခေါ်ခဲ့တဲ့ ၊ “ဆူဆူပူပူ လုပ်ရင်တော့ စစ်တပ်ကို သုံးရင် မသက်သာဘူးသာ မှတ်ကြပေတော့ ၊ စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး ” လို့ ခြိမ်းခြောက် ခဲ့တဲ့ စစ်အာဏာရှင်တွေ အပေါ် ကျောင်းသား တွေရဲ့ ဆန့်ကျင် အုံကြွမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ် ။ ရန်ကုန် စက်မှု တက္ကသိုလ်(RIT)ကနေ ၊ လှိုင်တက္ကသိုလ် (RC2)၊ ရန်ကုန် တက္ကသိုလ် (Main) ၊ ဆေးတက္ကသိုလ် စတဲ့ ကျောင်းတွေကို ချက်ခြင်း ကူးစက်သွားပြီး “ဖမ်းဆီး ကျောင်းသား ပြန်လွတ်ရေး ၊ သေဆုံးမှု ဖြစ်စဉ် အမှန် ကြေငြာရေး ” ဆိုတဲ့ တောင်းဆိုမှုတွေနဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာပါ တော့တယ် ။

စစ်အာဏာရူး အရိုင်းတွေ ကတော့ လူသတ်ပွဲတွေ ဆက်လက် ကျူးလွန်ခြင်း နဲ့သာ တုန့်ပြန် လိုက်ပါတယ်၊ မတ်လ ၁၆ ရက် အင်းလျားကန်(တံတားဖြူ)မှာ ဆန္ဒပြ ကျောင်းသား တွေကို ဘက်နက်နဲ့ထိုး ၊ နံပါတ်တုတ် တွေနဲ့ရိုက် ၊ စစ်ဖိနပ်နဲ့ နင်းတာတွေကြောင့် တံတားနီလို့ ပြောင်းလဲ တင်စား ခေါ်ရလောက်အောင် သွေးချင်းချင်း နီခဲ့ရပါတယ် ၊ အဲဒီနေရာမှာ အသက်တွေ စတေး ခဲ့ရသလို မဆန့်မပြဲ ကြပ်သိပ် နေအောင် ဖမ်းတင် သွားတဲ့ အချုပ်ကားပြာကြီး တွေပေါ် အသက်ရှူကြပ်မွန်း သေသွား သူတွေ ရှိလာခဲ့ပါတယ် ။ အဲဒီ အတွက် ကျောင်းသား တွေကလဲ အသတ်ခံ ၊ အဖမ်းခံပြီး ဆန္ဒပြပွဲတွေ ရဲရဲရင့်ရင့် ဆက်လုပ် ခဲ့တာကြောင့် ဇွန်လ အထက်တန်း ကျောင်းတွေ ဖွင့်တဲ့ အချိန်မှာ အခြေခံပညာ ကျောင်းသားတွေ ပါဝင်လာကြတဲ့ အထိ ကူးစက် ခဲ့ပါတော့တယ် ။

ရန်ကုန် တက္ကသိုလ်ထဲမှာ နေ့စဉ်လို တရား ဟောပွဲတွေ ရှိလာပြီး ကျောင်းသားတွေ ကြားထဲ ကျောင်းသား သမဂ္ဂ ရှိခဲ့ဘူးတယ် ၊ ကျောင်းသား သမဂ္ဂ ဖျက်ဆီး ခံခဲ့ရတာ ကြောင့် ကျောင်းသား အခွင့်အရေးတွေ ဆုံးရှုံး နေရတာ ဖြစ်တယ်ဆိုတာမျိုး ခံစား သိရှိ လာကြပါတယ် ၊ “ကျောင်းသား သမဂ္ဂ ဖွဲ့စည်းရေး-ဒို့အရေး ၊ ဖမ်းဆီး ကျောင်းသား ပြန်လွတ်ရေး -ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ ချီတက်လာတဲ့ ကျောင်းသားအုပ် (အများစု အထက်တန်း ကျောင်းသားတွေ)နဲ့ လုံထိန်း တွေရဲ့ရိုက်ပွဲ (ဇွန်၂၁ မြေနီကုန်း)ဟာ ပြည်သူ တွေပါ ပါဝင်လာစေတဲ့ ကျောင်းသား အရေးအခင်းကနေ လုထုအရေးအခင်းကိုကူးပြောင်းသွားတဲ့ ပွဲဖြစ်ပါတယ်။

အဲဒီလို ကျောင်းသားထု လှုပ်ရှားမှုတွေနဲ့ ဆင့်ကဲ ဖြစ်စဉ်တွေကနေ ရှစ်ဂဏန်း လေးလုံးစုံတဲ့နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထု လူတန်းစား အသီးသီးက မဆလ (တစ်ပါတီအာဏာရှင်စနစ်)ကိုဖြုတ်ချကြရအောင်ဆိုတဲ့ ကြေငြာချက်တွေ ၊လှုံ့စော်စာတွေ ပေါ်ထွက် လာပြီးတဲ့နောက် ရှစ်လေးလုံး အရေးတော်ပုံကြီးလို့ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ် ။

(၃)
  • သပိတ်…သပိတ် - မှောက် …မှောက်
  • ကျောင်းသား သမဂ္ဂဖွဲ့စည်းရေး - ဒို့အရေး …ဒို့အရေး
  • ဖမ်းဆီး ကျောင်းသား ပြန်လွတ်ရေး - ဒို့အရေး …ဒို့အရေး
  • ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး …ဒို့အရေး
  • တပါတီ စနစ် - အလိုမရှိ ..အလိုမရှိ
  • အရေးတော်ပုံ - အောင်ရမည် …အောင်ရမည် ..။
အဲဒီလို ကြွေးကြော်သံတွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို စခဲ့တာပါ ။ ရန်ကုန် အနေနဲ့ကတော့ သြဂုတ်လ ၈ရက် (ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်)မှ စတာ မဟုတ် ပါဘူး ၊ မတ်လကစတဲ့ ကျောင်းသား လှုပ်ရှားမှုတွေ ကနေ ၊ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ဆက်တိုက် ဖြစ်လာခဲ့တာပါ ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဆိုရင် အထူးသဖြင့် အထက်တန်း ကျောင်းတွေမှာ ဆန္ဒပြမှုတွေ ဆက်တိုက်လို ဖြစ်နေခဲ့တာပါ ။ ဟိုမြို့နယ် ဒီမြို့နယ် ဟိုကျောင်း ဒီကျောင်း ဟိုနေရာ ဒီနေရာ စသဖြင့် နေရာ ကွက်ကြားဆန္ဒပြပွဲတွေ ဖြစ်နေပြီး ပြည်သူတွေပါ (ရန်ကုန် တမြို့လုံးလို) ပါလာတာက ၃.၈.၈၈ နေ့ပါ ။

အဲဒီနေ့က ကန်တော်ကြီး ပန်းခြံ ဗိုလ်ချုပ် ကြေးရုပ်ရှေ့မှာ မနက် ရှစ်နာရီ ကျော်လောက် ကျောင်းသားတွေ စုရုံးကြပြီး နတ်မောက်ကျောင်း (စက်မှု လက်မှု အထက်တန်း ကျောင်း)ရှေ့ကနေ ကားတွေတား ချောဆွဲ ဆူးလေကို မောင်းခိုင်း ကြပါတယ် ၊ မြို့တော် ခန်းမရှေ့ ကားတွေ ရပ်ပြီး သပိတ်…သပိတ် - မှောက် …မှောက် လို့ ပြေးဆင်း ကြွေးကြော် လိုက်တဲ့ အချိန် လူတွေ .. ပျားအုံကြီးကို တုတ်နဲ့ ဆွလိုက် သလို ၀ိုင်းအုံ လာလိုက်တာ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံဘူးတဲ့ အဖြစ်ပါပဲ ၊ ကုန်ဈေးနှန်း ကျဆင်းရေး - ဒို့အရေး … ဒို့အရေး လို့ကြွေးကြော်ရင်း ကျွန်တော်တို့ ပြည်သူတွေ အတွက် တိုက်ပွဲ ၀င်နေပါပြီ ၊ လက်ခုတ်တီးပြီး အားပေးကြပါ အော်တော့ တီးလိုက်ကြတဲ့ လက်ခုတ်သံတွေ ၂၆ နှစ် အောင့်ထား မျိုသိပ် ထားခဲ့ရသမျှ ဖွင့်ဟ အားပေး လိုက်ကြတာ..၊ ဓါတ်ပုံ ရိုက်ရင် ကာဘို့ ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ရင်ကာဘို့ ၊ လက်ကိုင် ပုဝါလေးတွေ ပေးကြပါ တောင်းတော့ တိုက်တွေ ပေါ်ကနေတောင် ပစ်ချပေးကြတာ ။ လေထဲမှာ လက်ကိုင် ပုဝါလေးတွေဝဲလို့ ၊ ပြည်သူတွေရဲ့ တခဲနက် အားပေးမှုက ပြန်တွေးတိုင်း ၊ ကြက်သီး မွှေးညှင်း ထရလောက်အောင် ပါပဲ ။

မတရားမှုတွေများ လွန်းလို့ ဆင်းရဲ မွဲတေလွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာ ဖြစ်ပြီး ပြည်သူတွေနဲ့ ကျောင်းသားတွေ(အများစု)က နိုင်ငံရေး နားလည်လို့ မဟုတ်ပါဘူး၊ ဘာတွေ တောင်းဆို ရမလဲတောင် မသိကြပါဘူး ၊ နေ၀င်းနဲ့ မဆလ အစိုးရ ပြုတ်ကျဘို့ပဲ သိကြတာပါ ။ အဲဒီ အချိန်မှာ ဗိုလ်ချုပ်စိန်လွင်(1962 ၊ 7 July ကျောင်းသား သတ်တပ်ရဲ့တပ်ရင်းမှုး)သမတဖြစ်နေတော့ “ဆန်တပြည် ၁၅ကျပ် စိန်လွင် ခေါင်းကိုဖြတ် ” “ဆန်တပြည် ၁၅ပြား နေ၀င်း သေမှစား” “စိန်လွင် ခြောက်တန်း တစောက်ကန်း စောက်ရမ်း မလုပ်နဲ့” ဆိုတာ မျိုးတွေလဲ အော်ကြပါတယ် ။ တပါတီ စနစ် - အလိုမရှိ .. အလိုမရှိ အော်နေကြပေမဲ့ တပါတီ စနစ်ကပဲ မကောင်းတာလား ၊ အာဏာရှင် စနစ်ကပဲ မကောင်းတာလား ၊ ဒီမိုကရေစီ ဆိုတာ ဘာလဲ မသိကြသေးပါဘူး ။

“အဲဒီနေ့က မုန်တိုင်းဆင်မဲ့ ကောင်းကင်ပြင် တခုလိုပဲ ၊ လူလှိုင်းတွေ တလိမ့်လိမ့် ၊ ဟစ်ကြွေးသံတွေ တချိမ့်ချိမ့်နဲ့ မြေမိုးပွက်လျံ သိမ့်သိမ့် ညံခဲ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် တဲ့ ၊ ခေတ်တခေတ်ကို ထုဆစ် ပေတော့မည် ” မုန်တိုင်း ၈၈ ဆိုတဲ့ ကဗျာ အစ ပိုဒ်လေးလိုပါပဲ ၊ ရှစ်လေးလုံး နေ့မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အုံကြွ ဆန္ဒပြ ခဲ့ကြပါတယ် ၊ ရန်ကုန် မှာတော့ ကမ္ဘာအေး ဘုရား လမ်းမကြီးပေါ် ၊ ခု ဆီဒိုးနားနဲ့ က္ကိုင်း လမ်းဆုံကြား ကားလမ်း တခြမ်း စစ်ကားတန်း လက်နက် မျိုးစုံနဲ့ စောင့်နေတာကို စတင် တွေ့ရပြီး ပြည်သူတွေက “ပြည်သူ့ စစ်သား ဒို့စစ်သား ၊ ပြည်သူ့ တပ်မတော် ဒို့တပ်မတော်” လို့ ဟစ်အော် ကြပါတယ် ၊ တချို့ ကျောင်းသား ငယ်တွေက ထိုင်ကန်တော့ ကြပါတယ် ။ ည ဆယ့်တစ်နာရီခွဲ ၀န်းကျင်မှာတော့ မြို့တော် ခန်းမရှေ့မှာ ရန်ကုန်မြို့မီး အမှောင်ချပြီး ပစ်ခတ် သတ်ဖြတ်တဲ့ ပွဲကြီး စပါတော့တယ် ၊ ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံ ကိုင်ထားတဲ့ ဆယ့်လေး ငါးနှစ်လောက် ကျောင်းသူလေးရဲ့ ခေါင်း ဂျီ3မောင်း ပြန် ပြင်းအားကြောင့် ပွင့်ထွက်သွားပြီး လက်နက်မဲ့ လူအုပ်ကြီး သွေးသံ အရဲရဲ အလဲလဲ အပြိုပြို ဖြစ်ကုန် ပါတော့တယ် ။

အစွမ်းကုန် ရက်စက်ပြ ပစ်ခတ် သတ်ဖြတ်ပြ လိုက်လို့ ကျောင်းသားတွေနဲ့ လူထုကြီးရဲ့ ဆန္ဒပြ သပိတ်မှောက် အုံကြွမှုတွေ ရပ်မသွား ပါဘူး ၊ စစ်တပ် ကလဲ ထပ်ထွက် ထပ်ပစ်တာပါပဲ ၊ မခံမရပ်နိုင်ပေါက်ကွဲလာတဲ့ လူထုကြီး ကတော့ တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာ တွေမှာ ရဲတွေကို ခေါင်းဖြတ် သတ်တာမျိုး ပြန်ခံ ချကြပါတယ် ၊ ၉ရက် ၁၀ ရက် ၁၁ ရက် ၁၂ ရက်နေ့တွေ တောက်လျှောက် ပစ်လိုက်တာ ရန်ကုန် ဆေးရုံကြီး ၀န်းထဲတောင် မချန် ပစ်ထဲ့လို့ ဆရာဝန်တွေပါ သေဆုံး ခဲ့ကြရပါတယ်။ တနေရာထဲမှာ အစုလိုက် အပြုံလိုက် ပစ်သတ် ခံရမှုမှာ ကျောင်းသား ၊ ရဟန်း ၊ ယောက်ကျား ၊ မိန်းမ ၊ ကလေး အားလုံး လူသုံးရာကျော် အလောင်းချင်းထပ် နေအောင် ပစ်သတ် ခံခဲ့ကြရတဲ့ စစ်ကိုင်းမြို့က အဆိုးဆုံးလို့ ပြောကြပါတယ် ။

ဘယ်လောက် ပစ်ပစ် အသေခံ တိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့ လူထုကြီးရဲ့ စိတ်ဓါတ်ကို စစ်ဝါဒီတွေ အရှုံးပေး နည်းဗျူဟာ ပြောင်းရ ပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင် အနားယူပြီ ဖြစ်ကြောင်း ကြေငြာပြီး သေနတ်သံတွေ ရပ်သွားပါတော့တယ် ။ နိုင်ငံတော် သမ္မတ အဖြစ် ဒေါက်တာ မောင်မောင် တက်လာပေမဲ့ မြို့တိုင်း မှာ သပိတ် စခန်းတွေ ဖွင့်ပြီး ကိုယ့်အုပ်ချုပ်ရေးနဲ့ ကိုယ် လုပ်ကြပါတယ် ၊ ကိုယ့်ဘာသာ တရား စီရင်ကြပါတယ် ၊ ဆန္ဒပြသူတွေ သောက်မဲ့ ရေအိုးကို အဆိပ်ခတ်တာ ၊ အသိ ပျောက်စေတဲ့ ထုံဆေး မူးယစ်ဆေးတွေ ထိုးပေးပြီး သံဃာတွေ ကျောင်းသားတွေကို သတ်ခိုင်းတာမျိုးတွေ ရှိတဲ့ အတွက် မိတဲ့သူတွေကို ခေါင်းဖြတ် သတ်တာတွေ ရှိလာပါတယ် ၊ စစ်တပ်က အာဏာ သိမ်းပြီး နောက်ပိုင်း မင်းမဲ့ စရိုက် ဖြစ်စဉ်တွေလို့ သုံးနှုန်းပြီး ပြည်သူတွေ ကြောက်ရွံ့ ထိတ်လန့်စေမဲ့ ရက်စက်မှုမျိုး တွေကိုသာ ကွက် ဖေါ်ပြခဲ့ပါတယ် ၊ ဘာကြောင့် ဖြစ်ရတယ် ၊ ဘယ်လို လူတွေ အသတ် ခံရတာ ဆိုတာတွေ မပြပဲ ပြည်သူတွေ ရမ်းရမ်း ကားကား လူသတ်တယ် ဆိုတာမျိုး ဖြစ်အောင် ဖုန်းကွယ် လိုက်ပါတယ်။

ဟုတ်ပါတယ် ။ ပြည်သူတွေရဲ့ လက်စားချေတဲ့ လူသတ်ပွဲတွေ ၊ တန်ပြန် သပိတ် ဆိုပြီး ဆန္ဒ ပြသူတွေကို လုပ်ကြံ သတ်ဖြတ် လာသူတွေကို ပြည်သူတွေ ကိုယ်တိုင် တရား စီရင်တဲ့ လူသတ်ပွဲတွေ တကယ်ဖြစ်ခဲ့ပါတယ် ၊ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာတော့ ထည့်ပြော ရမှာပါ ။ မင်း ရှိနေလျက်နဲ့ အားကိုး မရလို့ ၊ မင်းကိုယ်တိုင်က မင်းဆိုး မင်းညစ် ဖြစ်နေလို့ ကိုယ့်တရားကိုယ်စီရင်ဖြစ်လာရတာတွေပါ ၊ လွတ်လပ်ရေး ရပြီးတာတောင် လွတ်လပ်ရေး အရသာ မခံစားရပဲ အမျိုးသားချင်း ကျွန်လို ပြန် အုပ်ချုပ် ခံလာရတဲ့ နှစ်ပေါင်း များစွာ မျိုသိပ် ခံစားလာရတဲ့ ၊ လက်နက်မဲ့ ဆန္ဒပြမှုကို ဗလာချီ ပစ်သတ် ခံထားရတဲ့ လူတွေရဲ့မခံမရပ်နိုင် ပေါက်ကွဲမှုတွေပဲ ဖြစ်ပါတယ် ။

မြို့တိုင်းမှာ သပိတ် စခန်းတွေ ဖွင့်ကြပြီး နေရာ အများစုမှာ သံဃာတော်တွေ ဦးဆောင်လို့ ကိုယ့်မြို့နယ်/ ရပ်ရွာတွေကို ကိုယ့်ဘာသာ အုပ်ချုပ် ကြပါတယ် ၊ ဓါး ၊ လှံ ၊ လောက်လေး ၊ ဂျင်ကလိတွေနဲ့ ရပ်ကွက် အဆင့်ထိ ကိုယ့်ဒေသ လုံခြုံရေး ကိုယ်တာဝန် ယူကြပါတယ် ၊ ရန်ကုန် ဆေးရုံကြီးကတော့ ရန်ကုန်တိုင်း သပိတ်စခန်း အဖြစ်ရှိခဲ့ပြီး တရားဟောပွဲတွေ တောက်လျှောက် ကျင်းပ ခဲ့ပါတယ် ၊ ကိုဇာဂနာလို ရယ်စရာ ဟာသတွေ ပုံနှိုင်း ပြောပြ ဟောပြောတဲ့ သူရှိသလို ၊ မင်းသိင်္ခလို ခပ်ကြမ်းကြမ်းတွေ ပြောပြီး ဆဲပြီး ဟောပြောတဲ့ သူတွေလဲ ရှိပါတယ် ၊ ရှေ့နေတွေ ၊ စာရေးဆရာတွေ ၊ ဂီတနဲ့ အနုပညာရှင်တွေ၊ အသိုင်းဝိုင်းစုံက လာရောက် ဟောပြော ကြပြီး ဒီမိုကရေစီ ၊ လူ့အခွင့်အရေး စတဲ့ နိုင်ငံရေး ဝေါဟာရတွေ ခေတ်စား လာသလို ကြွေးကြော်သံလည်း ပြောင်းသွား ခဲ့ပါတယ် ။

“ဒီမိုကရေစီ ရရှိရေး - ဒို့အရေး … ဒို့အရေး …၊ စစ်အာဏာရှင် စနစ် ကျဆုံးရေး - ဒို့အရေး … ဒို့အရေး ” တဲ့။

ရဟန်းပျိုများ သမဂ္ဂ ၊ သံဃာ့သမဂ္ဂီ ၊ သီလရှင်များ သမဂ္ဂ ၊ အိမ်ထောင် ရှင်မများ သမဂ္ဂ ၊ တောင်သူ လယ်သမားများ သမဂ္ဂ၊ အလုပ်သမား သမဂ္ဂ ၊ စသဖြင့် အလွှာစုံ အသင်း အဖွဲ့တွေဖွဲ့ ဆန္ဒပြကြသလို ၀န်ထမ်း တွေကလဲ သက်ဆိုင်ရာ ဌာနတွေ အလိုက် စုဖွဲ့ ဆန္ဒ ပြကြပါတယ် ၊ ရဲ ၊ လေတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်အချို့လဲ တဖြည်းဖြည်း ပါဝင်လာကြပါတယ် ၊ မိန်းမလျှာတွေ ကတောင် အလှ ဖန်တီးရှင်များ သမဂ္ဂလို့ ဆန္ဒပြ ခဲ့ကြပါတယ် ။

လူတိုင်း လူတိုင်းဟာ သက်ဆိုင်ရာ အဖွဲ့အစည်း တံဆိပ်နဲ့ နဘူးစီး အနီတွေ ၊ လက်ပါတ် အနီတွေ ပါတ်ပြီး ထိုင်သပိတ် ၊ အစာငတ်ခံ ဆန္ဒပြပွဲ ၊ လမ်းလျှောက် ကြွေးကြော် ချီတက်ပွဲ ၊ မဆလ အသက်၂၆နှစ် ရေးထားတဲ့ အခေါင်းကို မီးရှီု့ပွဲ ၊ ခွေးလည်ပင်းမှာ နေ၀င်း , စိန်လွင် ရေးပြီး လွှတ်ပွဲ စသဖြင့် အသွင် သဏ္ဍာန်မျိုးစုံနဲ့ တစ်နိုင်ငံလုံးမှာ အုံးအုံး ကြွက်ကြွက် ဆန္ဒ ထုတ်ဖေါ် ပြသခဲ့ကြပါတယ် ။

နိုင်ငံတော် သမ္မတ ဒေါက်တာ မောင်မောင်က “ဆန္ဒတွေ မစောကြပါနဲ့ ၊ တစ်ပါတီ စနစ်ကိုပဲ ကြိုက်ကြိုက် ပါတီစုံကိုပဲ ကြိုက်ကြိုက် ရွေးကောက်ပွဲကြီး လုပ်ပြီး ဆုံးဖြတ် ကြတာပေါ့ ၊ ကျောင်းသား သမဂ္ဂ အဆောက်အဦးကြီးကိုလဲ ပျော်ပျော်ကြီး အုတ်မြစ် ချကြတာ ပေါ့လို့ ” နတ်ကတော် တွေထက် ချွဲပျစ်တဲ့ လေသံနဲ့ ညတိုင်းလို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ တောင်းပန်ပြော ပြောနေပေမဲ့ ၊ နောက်ကွယ် မှာတော့ ပြည်သူတွေကို သတ်ဖြတ် နှိမ်နှင်းဘို့ ကောက်ကျစ် စဉ်းလဲစွာ အကြံထုတ် ပြင်ဆင် နေခဲ့ပါတယ် ။

လူထု အုံကြွမှုကြီး တစ်နိုင်ငံလုံး အတိုင်းတာနဲ့ လေးဆယ့် နှစ်ရက် အကြာ ၁၉၈၈ ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှာ ရာထောင် ချီတဲ့ စစ်သားတွေက မြို့ကြီး တွေကို ပစ်ခတ် စီနင်းပြီး စစ်တပ် အနေနဲ့ အာဏာ ပြန်သိမ်း လိုက်ကြောင်း ကြေငြာ ပါတော့တယ် ။ ဗမာပြည် စစ်တပ် အတွက် မဆန်းတော့တဲ့ အပြစ်မဲ့ ပြည်သူကို သတ်ပွဲ တွေထဲမှာ အရက်စက် အပြင်းထန်ဆုံး သတ်ပွဲကြီး ဖြစ်ပါတယ် ၊ G-3 , G-4 မောင်းပြန် ရိုင်ဖယ်တွေ အပြင် စက်လတ်လို အမျိုးအစားတွေနဲ့ပါ အတွဲလိုက် ပစ်ခတ် ခဲ့ကြပါတယ် ၊ ပြည်သူ တွေက စစ်ကားတွေ ၀င်မလာရအောင် သစ်ပင်တွေ ခုတ်လှဲ လမ်းတွေပေါ် ကန့်လန့်စီချ ပိတ်ဆို့ ၊ လက်ထဲရှိ လောက်လေးတွေ ၊ ဂျင်ကလိတွေနဲ့ ခံချ လုပ်ကြ သေးပေမဲ့ အဆမတန် ရက်စက်မှုရဲ့ ဒါဏ်ကို မခံနိုင်ကြတော့ ပါဘူး ၊ အားမတန် မာန်လျှော့ ပေးခဲ့ကြတဲ့ နောက်မှာ စောမောင်နဲ့ ခင်ညွန့် ဦးစီးတဲ့ စစ်တပ်က န၀တ( နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့)ဆိုပြီး စစ်တပ် အစိုးရ အမည်ခံ အုပ်ချုပ် ခဲ့ပါတော့တယ်။

(၄)

စိတ်ဓါတ်..။ ရှစ်လေးလုံး အရေးတော်ပုံကြီး ကနေ ကျောင်းသား ပြည်သူတွေ ရင်ထဲ ထည့်ပေး လိုက်တာ ကတော့ အသက်အပါအ၀င် ကိုယ်ကျိုး စီးပွား အားလုံး စွန့်လွှတ် တိုက်ပွဲဝင်မယ် ၊ မတရားမှုကို ရဲရဲ အံတုမယ် ဆိုတဲ့ စိတ်ဓါတ်ပါပဲ ၊ စစ်အာဏာရှင် တွေက လက်နက်မျိုးစုံ ၊ ယုတ်မာ ကောက်ကျစ်မှု မျိုးစုံ ၊ မတရားမှု မျိုးစုံနဲ့ အဲဒီ စိတ်ဓါတ်ကို ချိုးနှိမ်ဘို့ ကြိုးစားခဲ့ပေမဲ့ ကနေ့ထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲ ၀င်နေကြဆဲ ဖြစ်ပါတယ် ။

အထက်မှာ ပြောပြခဲ့သလို ပြည်သူတွေနဲ့ ကျောင်းသားတွေ (အများစု)က နိုင်ငံရေး နားလည်လို့ မဟုတ်ပဲ မတရားမှုတွေ များလွန်းလို့ ဆင်းရဲ မွဲတေ လွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာ ဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ ကတော့ အများကြီး ရှိခဲ့ပါတယ် ၊ ခေါင်းဆောင်တွေ စုစည်းပြီး ကြားဖြတ် အစိုးရ မဖွဲ့နိုင်ခဲ့တာ ၊ တောတွင်း လက်နက်ကိုင် အင်အားစုတွေနဲ့ ပေါင်းစည်းပြီး နိုင်ငံတော် အာဏာကို အရ မယူနိုင်ခဲ့တာ ၊ စနစ်တကျ မဟုတ်တဲ့ စုဖွဲ့မှုတွေနဲ့ အသေချာ ပြင်ဆင် စီစဉ်မှုတွေ မရှိပဲ လျှပ်တပြက် ဆုံးဖြတ် လုပ်ဖြစ် ခဲ့ကြတာတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး ကနေ သင်ခန်းစာ ယူရမှာတွေ ဖြစ်ပါတယ် ။

မဆလ အမည်ခံ နေ၀င်း ၊ စန်းယု ၊ စိန်လွင် အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တာ ၊ ပြည်သူတွေ ကျောင်းသားလူငယ်တွေကို နိုင်ငံရေး နား မျက်စေ့ ပွင့်စေခဲ့တာ ၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) နဲ့ အတူ မင်းကိုနိုင် ၊ ကိုကိုကြီး တို့လို ကျောင်းသား ခေါင်းဆောင်တွေ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး တို့လို လူထု ခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့တာ ၊ လက်နက်ကို လက်နက်ချင်း ပြန်ချနိုင်မှ သာရမယ်လို့ ယုံကြည်ချက်တွေနဲ့ ကျောင်းသား တပ်မတော် (ABSDF) ဖွဲ့စည်း ပေါ်ပေါက်ခဲ့တာ ၊ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ပေါ်ပေါက် ခဲ့တာတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးကနေ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ် ။

ရှစ်လေးလုံး အရေးတော်ပုံကြီး ၊ လူထု အုံကြွမှု ပုံစံကနေ ရပ်ဆိုင်း လိုက်တာဟာ စစ်တပ်က ပစ်သတ် နှိမ်နှင်းလို့ ဆိုတာထက် တောင်းဆို ဆန္ဒပြနေတဲ့ လိုအပ်ချက်ကို စစ်တပ်က လုပ်ပေးမယ် ဆိုတဲ့ မြှူဆွယ် မှုကြောင့် ရပ်ဆိုင်း လိုက်တာလို့ ထင်ပါတယ် ၊ “တပ်မတော်က နိုင်ငံတော်အာဏာကိုချုပ်ကိုင်လိုက်ပါပြီ ၊ ဆန္ဒပြပွဲ တွေရပ်ကြပါ ၊ နိုင်ငံရေးပါတီတွေထောင်ခွင့်ပေးပြီး ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး လုပ်ပေးပါ့မယ် ၊ ပြီးရင် အနိုင်ရ ပါတီကို အာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျား ပြန်မှာပါ ”ဆိုတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ကတိ စကားကို ယုံစားမိခဲ့ကြလို့ လို့ထင်ပါတယ် ။

၁၉၈၉ မှာ ကိုမင်းကိုနိုင်နဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖမ်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်း လုပ်ပြီး မဆလကနေ အမည်ပြောင်း တစည (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ) အနိုင်ရအောင် နည်းမျိုးစုံ ကြိုးစား ခဲ့ပေမဲ့ ပြည်သူတွေရဲ့ နိုင်ငံရေး နိုးကြားမှုက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ထူးထူးကဲကဲမဲပေးခဲ့ကြပါတယ် ။ ပြည်သူတွေ ဆန္ဒမဲ ပေးခဲ့ကြတဲ့ အနိုင်ရ ပါတီကို အာဏာ လွှဲမပေးပဲ ကတိတွေကို ချိုးဖေါက်ပြီး စစ်အာဏာရှင်တွေက လူပြောင်း နာမည်ပြောင်း ကနေ့ထိ ဆက် အုပ်ချုပ် နေဆဲ ဖြစ်ပါတယ် ။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို အာဏာ သိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး စောမောင်နဲ့ ဗိုလ်ချုပ် ခင်ညွန့် တို့ကို ဖယ်ရှားပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေက န၀တ အမည်ကနေ နအဖ (နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ)လို့ ပြောင်းလဲ အုပ်ချုပ် နေခဲ့ပါတယ် ။

၁၉၉၆ ကျောင်းသား အရေးအခင်း ၊ ၉၉၉၉ အရေးအခင်း ၊ ၂၀၀၇ သြဂုတ်လ လောင်စာဆီ ဈေးမြင့်တက်မှု လမ်းလျှောက်ပွဲ ၊ တစ်ကိုယ်တော် ဆန္ဒပြပွဲများစွာနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဆိုတာတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲ အရှိန်အဟုန်တွေ ဖြစ်ပါတယ် ။

ရှစ်လေးလုံး အရေးတော်ပုံ ဆိုတာ ဒဏ္ဍာရီ မဟုတ် ၊ ရာဇ၀င် ဖြစ်တယ် ။ ကျောင်းသားတွေ ၊ ဗမာပြည်သူတွေရဲ့ အထင်ကရ သမိုင်းကြီး ဖြစ်တယ် ။ သေချာ နားစွင့် ကြည့်ပါ ၊ နှလုံးသားနဲ့ နားထောင်ကြည့်ပါ ၊ “ လွတ်လပ်မှ အမျှဝေပါ ” ဆိုတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကျဆုံးခဲ့တဲ့ ၀ိဥာဉ်တွေရဲ့ ဒို့အရေး ဒို့အရေး ကြွေးကြော် သံတွေနဲ့ ဆက်လက် တိုက်ပွဲဝင်ကြပါလို့ မှာကြား နေသံတွေ ကြားရ ပါလိမ့်မယ် ။

စစ်အာဏာရှင် စနစ် ကျဆုံးသည် အထိ
မောင်ကျောင်းသား ။

ဖတ်ကြည့်ချင်သေးလား....

စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ

Thursday, July 29, 2010 · 0 ရဲ့ အမြင်

စအိုပေါက် မပါသည့် ကလေး တစ်ဦး စေတနာရှင်များ၏ အကူအညီကို လိုအပ် နေကြောင်း သိရသည်။

ကလေးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့် အကွာတွင် တည်ရှိသော လက်ပံချောင်း စံပြ ကျေးရွာနေ အဖ ဦးငွန်တောင်းလိန်နှင့် အမိ ဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေး တစ်ဦး မွေးဖွားခဲ့ပြီး အဆိုပါ ကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ ဆေးရုံ၌ သွားရောက် ဆေးကုသရာ ဆေးရုံမှ ဆရာဝန်များက ကလေး၏ ဗိုက်ကို အပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။

၂၀၀၉ခုနှစ် သြဂုတ် ၅ရက်တွင် မန္တလေး ပြည်သူ့ ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ် အပေါက်ဖောက် ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှ ဖောက်၍ ထုတ်ထားသော အူမကြီးကို ဗိုက်ထဲ ပြန်ထည့်ပြီး ပုံမှန် အတိုင်း ဖောက်ထား သည့် စအိုပေါက်နှင့် ဆက်သွယ်ရန် အတွက် ကလေး အားနည်း နေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။

ကလေးအား အာဟာရရှိသော အစားအစာများ ကျွေးရန် ဆရာဝန်များက ညွှန်ကြား ထားသော်လည်း မိဘများမှာ ငွေရေး ကြေးရေး တတ်နိုင်မှု မရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေး ပြုစုထားသည်။ ကလေး ဆေးကုသမှု စရိတ်လည်း လိုအပ်နေရာ စေတနာရှင်များ အနေဖြင့် ဦးငွန်တောင်းလိန်+ဒေါ်ဆွီးခင်တောင်း ဖုန်း- (တစ်ဆင့်) ၀၇၃-၂၂၀၀၇ သို့ ဆက်သွယ် လှူဒါန်း နိုင်သည်။ (ရန်ကုန်တိုင်း(မ်) ဂျာနယ်)

ရဲဘော်ကြီး ကိုဝဏ္ဏ ဘလော့ဂ် မှာ တင်ထားတာ တွေ့လို့ ပြန်လည် ဖေါ်ပြ လိုက်ပါတယ်။ ကလေးလေး အတွက် ငါးပြားနိုင် ငါးပြား ဆယ်ပြားနိုင် ဆယ်ပြား ကူညီ လှူဒါန်းသည့် စေတနာရှင်များ ပေါ်ထွက် ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။ မျှဝေပေးတဲ့ မငယ်နိုင် ကိုလည်း ကျေးဇူး တင်ပါတယ်။

ဖတ်ကြည့်ချင်သေးလား....

၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့

Friday, July 16, 2010 · 0 ရဲ့ အမြင်

ကျွန်တော့် အနေဖြင့် အခု တစ်လော ပြည်တွင်း ၊ ပြည်ပမှာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်ကူးယဉ် နေသူများကို ယခင် အတွေ့အကြုံ နဲ့ ယခုလက်ရှိ နေပြည်တော်လို့ ခေါ်တဲ့ ကြပ်ပြေး မြို့တော်က သူငယ်ချင်း များရဲ့ ပေးပို့ နေတဲ့ သတင်းများကို အခြေခံကာ သုံးသပ် တင်ပြ ချင်ပါတယ် ။

၁၉၈၈ ခု စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းမှာ AD လမ်းမှာနေတဲ့ ဗိုလ်ချုပ် နေ၀င်းရဲ့ အိမ်တွင် ပြုလုပ်ခဲ့သော အရေးပေါ် အစည်းအဝေး တစိတ်တပိုင်းကို အရင်ဦးဆုံး ပြောပြ ချင်ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဦးနေ၀င်းနဲ့ သူ့ရဲ့ လက်ရုံး တင်မဲ့ လက်သားတွေ ဖြစ်ကြတဲ့ ဦးစန်းယု၊ ဦးအေးကို၊ ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် အပါအ၀င် ထိပ်ပိုင်း ခေါင်းဆောင်များ ရှိခဲ့ကြပါတယ် ။

လက်ရှိ တပ်မတော်ရဲ့ တာဝန် ရှိသူတွေထဲမှာ ထိုစဉ်က စစ်ဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်ညွှန့်တို့လည်း တက်ရောက် ခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေးမှာ ဦးနေ၀င်းကနေပြီး “စောမောင်နဲ့ ခင်ညွှန့် တိုင်းပြည်ရဲ့ အခြေအနေကို အားလုံး သိအောင် ရှင်းပြ”လို့ အမိန့်ပေးတော့ ဗိုလ်မှူးကြီး ခင်ညွှန့်က တစ်နိုင်ငံလုံး ဆူပူအုံကြွပြီး အုပ်ချုပ်ရေး ယန္တရား လုံးဝ ရပ်ဆိုင်းနေပြီ ဖြစ်တာရယ်၊ ကုန်သွယ်ရေး ၀န်ကြီးရုံးမှာ ပြည်သူလူထုနဲ့ စစ်တပ် နားလည်မှု ရသွားတာရယ်၊ တပ်မတော်တွင်း မှာ စစ်သည်များ မကျေမနပ် ဖြစ်ပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာတွေ၊ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင် များရဲ့ လှုပ်ရှားမှုတွေ၊ ဖမ်းဆီး ရမိမှု အခြေအနေ အလုံးစုံကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီ နောက်ပိုင်း မှာတော့ ဦးနေ၀င်းက ဗိုလ်မှူးကြီးခင်ညွှန့်ရဲ့ တင်ပြချက်အပေါ် တက်ရောက် နားထောင်ကြတဲ့ အစိုးရ ခေါင်းဆောင်များရဲ့ သဘောထားကို မေးခဲ့ပါတယ်။ မည်သူ တစ်ဦး တစ်ယောက် ကမျှ ထုံးစံအတိုင်း ဘာသဘောထား မှတ်ချက်ကိုမှ ဦးနေ၀င်းရဲ့ ရှေ့မှာ မပေး ရဲခဲ့ကြပါဘူး။ ဒီတော့ ဦးနေ၀င်းက မဆလ ပါတီနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထောက်ခံမှု၊ ဘယ်လောက် ရာနှုန်းလောက် ရှိနိုင်လဲဆိုတာကို တက်ရောက်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေကို မေးတော့ သူတို့က အဲဒီ အချိန်မှာ တပ်မတော်သား တွေကို သူတို့ရဲ့ ထောက်ခံမဲလို့ အပိုင်တွက် ထားပုံ ပေါ်ပါတယ်။ ဒါကြောင့် တပ်မတော် မိသားစုနဲ့ မဆလ ပါတီဝင် အင်အားစုတွေကို ပေါင်းပြီးတော့ ပြည်သူလူထု ထောက်ခံမှု အနည်း ဆုံး ၆၀% အထက်မှ ရှိကြ လိမ့်မည်လို့ တွက်ခဲ့ကြပါတယ်။

အဲဒီနောက် ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ လက်ရှိ အာဏာ ယူထားတဲ့ လူကြီးတွေကို “မင်းတို့ စောမောင်နဲ့ ခင်ညွှန့်တို့ကို အာဏာ လွှဲပေးလိုက်တော့”လို့ အမိန့် ပေးခဲ့ပါတယ်။ ဆက်လက် ညွှန်ကြားတာကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုပြီး ဖွဲ့ ဖို့ရယ် ဥက္ကဋ္ဌက စောမောင်၊ အတွင်းရေးမှူးက ခင်ညွှန့်ကိုထားပြီး တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်တိုင်းမှူးတွေကို အဖွဲ့ ၀င်တွေ ထားပြီး ဖွဲ့ဖို့ ဦးနေ၀င်းက အမိန့် ပေးခဲ့ပါတယ်။ အာဏာလွှဲယူပြီး စစ်အစိုးရဲ့ ကြေငြာချက် လမ်းညွှန်မှု အနေနဲ့ ကတော့ ဒို့တာဝန်အ ရေးသုံးပါးကို အခြေခံပြီး ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပမည် ဆိုတဲ့ (Guide Line)အား ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ ချမှတ် ပေးခဲ့ပါတယ်။

ဦးနေ၀င်းရဲ့ Guide Line တွေကို စာသားအဖြစ် ရေးပေးခဲ့ရသူက ဒေါက်တာ မောင်မောင် ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့  ပြည်သူ လူထုထံ ပြောကြားသည့် ကြေငြာချက်ကို အဲဒီ အစည်းအဝေးမှာဘဲ ဒေါက်တာ မောင်မောင်က လက်ရေးမူနဲ့ ရေးသားခဲ့ပါတယ်။ န၀တ ဖွဲ့စည်းတာနဲ့ ပတ်သက် လို့ကတော့ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်မှူးကြီး ခင်ညွှန့်တို့က အဲဒီ အစည်းအဝေးမှာဘဲ ဘယ်သူတွေ ပါဝင် ဖွဲ့စည်းမည် ဆိုတာ ကို ဦးနေ၀င်းကို တင်ပြ ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ လက်ရေးမှုတွေနဲ့ ရေးထားတဲ့ စာရွက်တွေကို ထိုစဉ်က တပ်မတော် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးသန့်(နောင် ပြန်ကြားရေး ၀န်ကြီး) ဒုတိယ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (နောင်ဘဏ္ဍာ ရေး ဒုတိယ၀န်ကြီး)တို့ (၂)ဦးက မြန်မာ့အသံကို သွားရောက်ပြီး စက်တင်ဘာလ(၁၈)ရက်နေ့ ညနေ(၄)နာရီမှာ နိုင်ငံတော်ကို ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမိန့် ကြေငြာချက်တွေ ဆက်တိုက် ထုတ်ပြန်လာပြီး နိုင်ငံရေး သမားတွေနဲ့ ပြည်သူ လူထုတွေကို ဆူပူ ဆန္ဒပြ နေရာက ရွေးကောက်ပွဲလမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ အဲဒီ အချိန်က ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့ အမှန်တကယ်ဘဲ ရွေးကောက်ပွဲပြီးရင် ပြည်သူ လူထုကို အာဏာလွှဲပေးမယ် ဆိုတာကို တရားဝင် ပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့သိသလောက် ဗိုလ်ချုပ်စောမောင် အဲဒီအချိန်က ယုံကြည်ခဲ့တာက တစညနဲ့ စစ်တပ်ကို ထောက်ခံတဲ့ နိုင်ငံရေး ပါတီတွေ သည်ရွေးကောက်ပွဲမှာ ရှုံးရင်တောင်မှ အပြတ်အသက် မရှုံးနိုင်ဟု လျှော့တွက် ခဲ့ပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲကို သမာသမတ်နဲ့ လုပ်ဖို့ လက်အောက်ကို အမိန့် ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင် မသိတာကတော့ တစည ပါတီကို ပြည်သူတွေ ဘယ်လောက် မုန်းတီးနေတယ် ဆိုတာနဲ့ တစည အမတ်လောင်းတွေ (Golf) ရိုက်ပြီး စည်းရုံးရေး ဆင်းနေတာ တွေကိုပါ။

ဒီ့အပြင် ဗိုလ်စောမောင်ဟာ ဦးနေ၀င်းနဲ့ အစည်းအဝေးမှာ သူ့ရဲ့  ဆရာသမား မဆလ ခေါင်းဆောင် တွေရဲ့  ပြောစကားတွေကို ယုံကြည် မိခဲ့တာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ကို ကျောထောက် နောက်ခံလုပ်မဲ့ အစိုးရကသာ အာဏာရ လိမ့်မယ်လို့ သူ့အနေနဲ့ လျှော့တွက် ခဲ့ပါတယ်။ အားလုံး သိကြတဲ့ အတိုင်းပါဘဲ။ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ န၀တ တဖွဲ့လုံး မျက်လုံးပြူး မျက်ဆံပြူးဖြစ်ခဲ့ကြ ပါတယ်။ ခြေမကိုင်မိ၊ လက်မကိုင်မိ ကြိတ်မနိုင် ခဲမရ ဖြစ်ခဲ့ကြတယ်။

ဒီအထဲမှာ ရွေးကောက်ပွဲမှာ နိုင်တဲ့ အမတ်အချို့က စစ်တပ်ကို ပြုပြင် ပြောင်းလဲရမယ်၊ အရေးအခင်းမှာ ပြည်သူတွေကို သတ်ခဲ့သူတွေ ဖေါ်ထုတ် အရေးယူရမယ်၊ စစ်တပ်တွင်း မှာလဲ ဗိုလ်မှူးကြီး အဆင့်နဲ့ အထက် ပုဂ္ဂိုလ်များကို ဖယ်ရှားပစ် ရမယ်၊ စတဲ့ အချက်တွေကို ကြွေးကြော် လာခဲ့တာ တွေ့ရှိ လာပါတယ်။ စစ်တပ် အတွင်းမှာလဲ တပ်မတော်ရဲ့ အနာဂါတ် ဘယ်လို ဖြစ်လာ နိုင်မလဲ ဆိုတာကို စိုးရိမ် လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင် ကိုလဲ ကျန်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် န၀တ အဖွဲ့ဝင် တချို့က ဖိအား ပေးလာခဲ့တာ တွေ့ရှိ ရပါတယ်။ အဲဒီ အချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပုဂ္ဂိုလ်ရေး အရ ပိုမို ရင်းနှီးတဲ့ ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်ချုပ် ဖုန်းမြင့်၊ ဗိုလ်ချုပ် မောင်မောင်ခင် (ရေ)၊ ဗိုလ်ချုပ် တင်ထွန်း(လေ)၊ ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ် တင်ဦး တို့ရဲ့ ဖိအားကိုလည်း ဗိုလ်ချုပ်ကြီး စောမောင် ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ကြီး စောမောင် အရက်တွေ ဖိသောက်လိုက်၊ ပုတီးစိပ်လိုက်နဲ့ ဂယောင် ခြောက်ခြား ဖြစ်ခဲ့ ရပါတယ်။

NLD ကလည်း ရွေးကောက်ပွဲ နိုင်တဲ့ အမတ်တွေစုပြီး စစ်တပ်ကို အာဏာလွှဲပေးဖို့ ဂန္ဒီခမ်းမမှာ စုဝေးပြီး တောင်းဆိုမဲ့ ကြေငြာချက် စာတမ်းတွေ ထုတ်မယ်လို့ သတင်းတွေလဲ ရခဲ့ပါတယ်။ နောက်ဆုံးတော့ NLD ကို အာဏာ လွှဲမပေးဖို့ ဗိုလ်ချုပ် သန်းရွှေနဲ့ အပေါင်းအပါတွေ သဘောထား တင်းမာတဲ့ သူတွေရဲ့တောင်းဆိုချက်ကို ဗိုလ်ချုပ် ခင်ညွှန့်တို့ပါ ပူးတွဲပြီး ဗိုလ်ချုပ်ကြီး စောမောင်ကို တင်ပြလာတဲ့ အခါမှာတော့ NLD ကို အာဏာလွှဲ မပေးဖို့နဲ့ ရွေးကောက်ပွဲနိုင် အမတ်တွေဟာ အခြေခံ ဥပဒေအသစ် ရေးဆွဲဖို့သာ ဖြစ်တယ် ဆိုတဲ့ န၀တရဲ့၁/၉၀ ကြေ ငြာချက်ကို ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ကတိကို လွယ်လွယ်လေး လက်နဲ့ ရေးပြီး ခြေနဲ့ ဖျက်ခဲ့တာကို အားလုံး အမှတ်ရ လိမ့်မယ် ထင်ပါတယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရဲ့ သင်ခန်းစာကို ဗိုလ်ချုပ်ကြီး သန်းရွှေ ကောင်းကောင်းကြီး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်လဲ ရွေးကောက်ပွဲမှာ ကတိ ဖျက်ခဲ့ရတာရယ်၊ လက်အောက်က လုပ်ဖေါ် ကိုင်ဖက် များရဲ့ Pressure တွေရယ်၊ ပြည်တွင်း နိုင်ငံရေး အင်အား စုတွေရဲ့Pressure တွေရယ်၊ ပြည်ပနိုင်ငံများရဲ့ Pressure တွေရဲ့ ဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး နောက်ဆုံး ယဉ်ယဉ်လေးနဲ့ ရူးခဲ့ရတဲ့ အရှုးတပိုင်းလို ဖြစ်သွား ခဲ့ရပါတယ်။

အဲဒီတုန်းက ဗိုလ်ချုပ် ခင်ညွှန့် ကိုယ်တိုင် ဗိုလ်ချုပ် သန်းရွှေ ဘက်ကို ဘက်ပြောင်းခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမောင် ဖယ်ရှားရေးကို တိုးတိုး တိတ်တိတ် ကြိတ်ပြီး စီစဉ်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာဘဲ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ၁၉၉၀ ရွေးကောက်ပွဲကို တသားတည်း ဥပက္ခာပြု ဖယ်ရှားခဲ့ပါတယ်။ နောက် ဗိုလ်ချုပ်ကြီးသန်းရွှေတက်လာပြီး အမျိုးသားညီလာခံဆိုတဲ့ နိုင်ငံရေးခေါင်းစဉ်တပ်ကာ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူ လူထုကို လှည့်စား ခဲ့ပြန်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဟိုလိုလို ဒီလိုလိုလုပ်ပြီး နိုင်ငံရေး လှည့်ကွက် အမျိုးမျိုးနဲ့ အယုံ သွင်းခဲ့တယ် ဆိုတာကိုလည်း ကျွန်တော့် အနေနဲ့ သတိပေးချင် ပါတယ်။

ဒီနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့တန်းက အော်နေရှာတဲ့ ကိုအေးလွင်(၈၈ကျောင်းသား) နဲ့ အဖွဲ့တွေကို အကျဉ်းကျ နေစဉ် ထောက်လှမ်းရေး အဖွဲ့တွေက ကြိမ်ဖန် များစွာ နားချ စည်းရုံးမှုနဲ့ အတူ အမျိုးသား ညီလာခံ ဆိုတာကြီးကို ဘုမသိ ဘမသိ အချိန် ကတည်းက သဘောတရား ရိုက်သွင်း နိုင်ခဲ့ပါတယ်။ NLD ဖြိုခွဲရေး ဆိုတဲ့ Plan အရလည်း NLD ထဲက မိုးလင်း၊ ကြည်ဝင်းတို့ အဖွဲ့တွေကို ထောက်လှမ်းရေး အဖွဲ့ တွေကဘဲ ဖဲ့ထုတ် စည်းရုံး နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ ထောက်လှမ်းရေး ပျောက်သွားပေမဲ့ ဒီအဖွဲ့တွေ ကတော့ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေရဲ့(Psy War)မှာ အသုံးချဖို့ လက်ကွက် ကျန်ရစ် နေဆဲပါ။ ပြည်ပမှာ ဆိုရင် နိုင်ငံခြားသား တွေနဲ့ ပေါက်ရောက်တဲ့ အထူးသဖြင့် အနောက် နိုင်ငံတွေကို ထိုးဖောက် ၀င်ရောက် နိုင်မဲ့ ဒေါက်တာ ကျော်ရင်လှိုင် တို့၊ ဒေါက်တာ ဇာနည် တို့အား ထောက်လှမ်းရေး ကဘဲ အသိမဲ့ သတင်းပေး Unconscious Informer အဖြစ် သုံးခဲ့သလို ယခုလဲ ဒေါက်တာကျော်ရင်လှိုင် အပါအ၀င် English လို ဘိုလို ပြောနိုင်တဲ့ သူတွေကို အများကြီး ပြန်လည် အသုံးချ နေတာတွေကို တွေ့ရမှာဖြစ် ပါတယ်။ နအဖရဲ့  စည်းရုံးမှုကို ခံသွားရရှာသော အေးလွင်ကို ကျွန်တော့် အနေနဲ့ ပြောချင်တာက ယခင်၊ ယခု အသုံးချနေတဲ့ သူတွေကို မျိုးချစ် စိတ်ဓာတ်တွေ သွင်းပြီး ထင်ရောင် ထင်မှားဖြစ်စေမဲ့ အကြောင်းအရာများကို အခြေခံကာ မြှောက်ပင့် ပေးလိုက်သည့် အတွက် Brain Wash လုပ်ခံ ရမှန်း မသိ လုပ်ခံလိုက်ရတာကို သတိထား စေချင်ပါတယ်။ အဲဒီ သူတွေ ကိုယ်တိုင်ကတော့ သူတို့ကိုယ် သူတို့ မသိ ဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ကိုလည်း အမြင်မှန်တွေ ပြန်ရအောင် Brain Wash ပြန်လုပ် ပေးဖို့ လိုလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒါကြောင့် ယနေ့ နေပြည်တော် ကနေ သတင်းပေးပို့လာတဲ့ အတွင်းသတင်း တစ်ခုကို အသိပေးချင် ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခင်၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ မဖြစ် စေရန်၊(Plan)များ ရေးဆွဲ ထားတယ်လို့ သိရပါတယ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မှာ ဖြစ်ပါတယ်။
  • (A - Plan )အနေနဲ့ ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ အုပ်စုက ပြတ်ပြတ် သားသား နိုင်ခဲ့မည် ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အစိုးရဖွဲ့၍ အာဏာလွှဲပြီးပါက ၄င်းအနေဖြင့် တရုတ် နိုင်ငံက ခေါင်းဆောင် တိန့်ရှောင်ပိန်၊ အီရန် နိုင်ငံက ဘာသာရေး ခေါင်းဆောင် အဌာကိုလာခိုမေနီ တို့လို၊ ရှိနေမည် ဖြစ်ပြီး နေရာတိုင်း၊ အစိုးရ အဖွဲ့ကို ၀င်စွက်တော့မည် မဟုတ်ပါ။
  • (B Plan)အနေနဲ့ ကတော့ ရွေးကောက်ပွဲမှာ စစ်တပ် ထောက်ခံတဲ့သူများ ပြတ်ပြတ်သားသား မနိုင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အတူ လက်ရှိ SPDC (သို့) အလားတူ စစ်ကောင်စီ တစ်ခုသည် အစိုးရ၏ နောက်ကွယ်တွင် ရှိနေမည် ဖြစ်ပါတယ်။ ဥပမာ အနေဖြင့် မြောက်ကိုးရီးယား၊ ကျူးဘား နိုင်ငံ တို့လို၊ ယခင် မဆလ ဥက္ကဋ္ဌ ဦးနေ၀င်းလို ပုံစံမျိုး၊ ဆက်ရှိ သွားမည် ဖြစ်ပါတယ်။
  • (C Plan) အနေဖြင့် ရွေးကောက်ပွဲမှာ စစ်တပ် ထောက်ခံသူများ ရှုံးနိမ့် ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်က အာဏာ ပြန်သိမ်းဖို့ ဆိုပြီး Plan (၃) ခု ရေးဆွဲထားပြီး ဖြစ်တယ် ဆိုတာကို သိရပါတယ်။
ဒီ Plan တွေ မတိုင်မှီ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတွေမှ နေ၍ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေကို သတင်း စုဆောင်းပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ရုံးကို အစီရင် ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေကို ရေးဆွဲဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံ ဗဟို ကော်မတီဝင်၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းညွှန့်ကို တိုက်ရိုက် လမ်းညွှန်ပြီး ရေးခိုင်း တယ်လို့ သိရပါတယ်။ ၂၀၀၈ ခုမကုန်မှီ ဦးသောင်းညွှန့်ကိုယ်တိုင် အချောသတ်ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေထံ လက်မှတ် ထိုးဖို့၊တင်ပြ ထားတယ်လို့ သိရပါတယ်။

မူလက ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လွတ်လပ်ရေးနေ့မှာ Election Law ထုတ်ဖို့ လက်အောက်က စီစဉ်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုံးက ထွက်လာတဲ့ သတင်းအရ ကတော့ ရွေးကောက်ပွဲ မတိုင်မှီ (၆) လ လောက် လိုမှ အမိန့်ထွက်မယ်။ ပါတီတွေကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် အချိန် ကန့်သတ် ထားတာ ဖြစ်တယ်။ ဒီ့ပြင် စစ်တပ် ထောက်ခံမည့် ကြံ့ဖွတ် အပါအ၀င် အခြား နိုင်ငံရေး ပါတီတွေ အပေါ် လက်ရှိ အခြေအနေကို အားမရသေးဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှတ်ချက် ပြုထားကြောင်း သိရပါတယ်။ ဒါကြောင့် ဒီအဖွဲ့တွေကို ရက်တို နိုင်ငံရေး မွမ်းမံ သင်တန်းတွေပေးဖို့ ကြံ့ဖွတ် ၀န်ကြီးတွေကို ဆူပူနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာနဲ့ ပတ်သက်ရင်တော့ ဗိုလ်ချုပ် သန်းရွှေ အနေနဲ့ နာဂစ်မုန်တိုင်း အပြီး ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသစ်ကို အ နောက်နိုင်ငံတွေက လက်ခံလာအောင်လုပ်ဖို့ နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို Pressure ပေးနေတယ်လို့ သိရ ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွား ပေမဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မရဘူး ဆိုရင် ဘယ်လိုအစိုးရမျိုးဘဲ ပေါ်လာပေါ်လာ ထူးခြားမှု မရှိနိုင်ဘူး ဆိုတာကို ဗိုလ်ချုပ် သန်းရွှေ အနေနဲ့ သဘောပေါက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ မထူးဇာတ် ခင်းပြီး ဖြစ်ချင်ရာဖြစ် ဆိုတာမျိုးလဲ လုပ်သွား နိုင်တယ်လို့ နေပြည်တော် ဗိုလ်ချုပ်မှူးကြီး ရုံးက ထွက်လာတဲ့ သတင်းတွေ အရ သိရပါတယ်။ ယခု နောက်ဆုံးရ တဲ့သတင်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်တော့မှ အာဏာကို လက်လွှတ်မှာ မဟုတ်၊ သေရင်တောင် သရဲ ဘ၀ကနေ အာဏာကို ယူထားမှာဟု ၄င်းနှင့် နီးစပ်သော ဆွေမျိုး အသိုင်းအ၀ိုင်း က တဆင့် သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံး နားလည်ထားရမှာ က တော့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ကျွန်တော်တို့ ခင်ဗျားတို့ မြန်မာနိုင်ငံ အတွက် ဘာတစ်ခုမှ အကျိုး ဖြစ်ထွန်း လာမှာ မဟုတ်ဘူး ဆိုတာကို သေသေချာချာ နားလည် ထားစေချင် ပါတယ်။

ယနေ့ မြန်မာ နိုင်ငံဟာ သာမန် အရပ်သူ အရပ်သားများတင် မကပါဘူး။ တပ်မတော်သားများ အားလုံးလည်း ကျေးကျွန် ဘ၀ကို ရောက်နေ ကြရတာပါ။ ဒီဖွဲ့စည်းပုံ၊ ဒီရွေးကောက်ပွဲနဲ့ ဆက်လက်သွားနေလို့ကတော့ “ကျွန်” ဘ၀က လွတ်မြောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို စစ်ကျွန် ပြုမည့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဒီရွေးကောက်ပွဲကို လက်မခံဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံး အနေနဲ့ မြန်မာနိုင်ငံကို တကယ် ဂုဏ်သိက္ခာ ရှိရှိနဲ့ နိုင်ငံတကာမှာ မြန်မာ လူမျိုးရယ်လို့ ဖြစ်စေချင်ရင် လက်ရှိ စစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ၊ တိုင်းရင်းသား လူမျိုးတွေရယ်၊ အတိုက်အခံ အင်အားစု တွေရယ်၊ လယ်သမား၊ အလုပ်သမားများရဲ့ ကိုယ်စားလှယ် တွေရယ်နဲ့ တွေ့ ဆုံဆွေးနွေးဖို့ ၀ိုင်းဝန်း ဖိအားပေးဖို့ လိုပါတယ်။ ဒီလို ဖိအားကို အားလုံးတက်ညီလက်ညီသာ လုပ်ပေးမည် ဆိုလျှင် တပ်မတော်တွင်းမှာ ရှိနေသော ပုဂ္ဂိုလ်များလည်း၊ ပါဝင်လာနိုင် လိမ့်မည် ဖြစ်ပါတယ်။

နိဂုံးချုပ် အနေဖြင့် တင်ပြချင်တာ ကတော့ စစ်တပ် အတွင်းမှာလည်း မြန်မာ နိုင်ငံ ကောင်းကျိုး အတွက် ပြုလုပ်ချင် နေတဲ့ အစုအဖွဲ့ တစ်ခု ရှိကို ရှိနေပါတယ်။ ကျွန်တော်တို့ အားလုံးသာ သဘောထား ကွဲတာတွေ တခြား ကိစ္စတွေကို ဘေးဖယ်ထားပြီး “ကျွန်တော်တို့ နိုင်ငံ အတွက်” ဆိုတဲ့ ဦးတည်ချက် တစ်ခုထားကာ ညီညီ ညွတ်ညွတ် စုပေါင်း လိုက်ကြရင် စစ်တပ်ထဲကလည်း ပါဝင် လာပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက် ပွဲကြီးဟာ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံမျိုး၊ ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ် ဆိုတာ၊တင်ပြ လိုက်ရပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လိမ်လည် လှည့်ဖျားမှုကို သတိပြုကြပါ”
* (ဆောင်းပါးသည် တနှစ်ကျော်က ရသော သတင်းအပေါ် အခြေခံ ထားသော်လည်း နအဖသည် ဆက်လျှောက် နေဆဲ ဖြစ်သည် )

ဖတ်ကြည့်ချင်သေးလား....

ဇူလိုင် (၇) ရက် ကျောင်းသား အရေးတော်ပုံကြီး

Wednesday, July 7, 2010 · 0 ရဲ့ အမြင်

ဒေါင်းလူငယ် | ၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့ သမိုင်း စာမျက်နှာ၌ ကံဆိုး မိုးမှောင် ကျသော နေ့တနေ့ ဖြစ်သည်။ ထို့ပြင် ပါလီမန် ဒီမိုကရေစီ စနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင် အစိုးရ စတင် ပေါ်ထွန်း ခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည်။ ထိုနေ့ နံနက်တွင် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သော တော်လှန်ရေး ကောင်စီ (၀ါ) စစ်အာဏာရှင် တို့သည် သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများ ဖြစ်ကြသော သခင်တင်၊ ဒေါက် တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦး ဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူမျိုးစု လွှတ်တော် ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေ စော်ဘွား စ၀်ရွှေသိုက်၊ မိုးနဲ စော်ဘွား စ၀်ပြည့်၊ လဲချင်းစော် ဘွား စ၀်နွဲ၊ သာမိုင်းခမ်း စော်ဘွား စ၀်ထွန်းအေး၊ ကျိုင်းတုံ စော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်း စော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊ လွိုင်လင်စော် ဘွား စ၀်မိုးကျော်၊ ပင်းတယစော်ဘွား စ၀်ဝင်းကြည်၊ ရွာငံ စော်ဘွား စ၀်ခွန်ရီ၊ မိုင်းပန် စော်ဘွား စ၀်ရွှေကြည်၊ စ ကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံ စော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီ မြောက်ပိုင်း အမတ်)၊ စ၀် အောင်ပူး (လွိုင်လင် အရှေ့ပိုင်း အမတ်)၊ ဦးစံမြတ် (လွိုင်လင် အနောက်ပိုင်း အမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင် တောင်ပိုင်း အမတ်)၊ ဦးရီရောင်း (ကျိုင်းတုံ မြောက်ပိုင်း အမတ်)၊ ဦးခွန် နော် (ကျိုင်းတုံ အနောက်ပိုင်း အမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်း အမတ်)၊ ဦးလွန်း (စ ကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင် အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦး ကြာပု၊ ဦးမြတ် ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော် အာဏာကို သိမ်းယူ လိုက်လေ သည်။

သို့ကလို စစ်တပ်မှ အာဏာ သိမ်းယူ လိုက်ကြောင်း ကြေညာချက်များနှင့် အတူ ပြည်သူ တို့အား စီတန်းလမ်း လျှောက်၍ ဆန္ဒပြပွဲများ မပြုလုပ်ကြရန် မေတ္တာ ရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူ မည်ဟုလည်း နောက်ဆက်တွဲ သတိပေးထား၏။ ကြေညာချက်များကို ဖတ်ရှုရုံဖြင့် စစ် တပ်က အာဏာ သိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက် လာမည်ကို ဗိုလ်နေ၀င်းနှင့် စစ်အာဏာ ပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိသာ ထင်ရှား လှပေသည်။

အိမ်စောင့် အစိုးရခေတ် (၁၉၅၈-၆၀) တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီ လိုလား သူများနှင့် ကွန်မြူနစ် အရောင်အသွေး ရှိသူများဟု ယူဆသူများကို ဒလကြမ်း ဖမ်းဆီး နှိပ်စက်ခဲ့သည့် သင်ခန်းစာ ရှိသဖြင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ စစ်အစိုးရ အလို မရှိကြောင်း ကန့်ကွက် သောစာများ မတ်လ (၂) ရက်နေ့မှ စတင်ကာ ပလူပျံ ပေါ်ထွက် လာခဲ့သည်။ လူငယ် တပ်ဦးနှင့် မဟာမိတ် အဖွဲ့ (၁၀) ဖွဲ့၊ ရခိုင် သံဃာ တပ်ဦး၊ ရခိုင် သောတုဇန အဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင် ကန့်ကွက် ချက်များ ထုတ်ပြန် ကြသည်။

ရဲဝံ့ ပြတ်သားစွာ ကြေညာသော အဖွဲ့အစည်းများမှာ ကျောင်းသား အဖွဲ့အစည်းများ ဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန် ခရိုင် ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတို့က စစ်တပ်က အာဏာ သိမ်းခြင်းကို မည်သည့် နည်းနှင့်မျှ လက်မခံ နိုင်ကြောင်း ကြေညာခဲ့ကြသည်။ ကြေညာချက်နှင့် အညီ စစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင် ကြသဖြင့် စစ်အာဏာပိုင်တို့နှင့် ထိပ်တိုက် တွေ့ကြ ရလေသည်။

ထို့နောက် တော်လှန်ရေး ကောင်စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျောင်း စည်းကမ်းသစ်များ ကို ထုတ်ပြန် ကြေညာ ခဲ့သည်။ အဆိုပါ စည်းကမ်းသစ်များကို အကြောင်းပြု၍ ကျောင်းသား ဆန္ဒပြ လှုပ်ရှားမှုများ ပိုမို ကျယ်ပြန့် လာခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ စီတန်း ဆန္ဒပြကြ သည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသား တဦး ဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ ပို့ရသော အခါတွင် လှုပ်ရှားမှုများ ပိုမို ပြင်းထန်လာ သဖြင့် ရန်ကုန် ခရိုင် ရာဇ၀တ် တရားသူကြီးက ကမာရွတ် အ၀ိုင်းကြီး နယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊ တက္ကသိုလ် နယ်မြေ အတွင်း နေ၀င် မီးငြိမ်း အမိန့် ထုတ် ပြန်လေသည်။

ထိုနေ့၌ပင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများသည် တက္ကသိုလ် ပရိဝုဏ် တခုလုံး တံခါးများကို သော့ခတ် ပိတ်ဆို့ပြီး ဒီမိုကရေစီ ခံတပ်ကြီးဟု ဆိုင်းဘုတ်များ တင်ကာ ဒီမိုကရေစီ တရားပွဲများကို အသံချဲ့စက်ဖြင့် ဟော ပြောကြသည်။ မကျေမနပ် ဖြစ်နေသော ကျောင်းသားများသည် စစ်တပ် ဆန့်ကျင်ရေးကို အမျိုးမျိုးဟောပြော နေကြရာ “တော်လှန်ရေး ကောင်စီဝင် ဗိုလ်မှူးကြီး များသည် သုံးယောက် ပေါင်းမှ (၇) တန်းသာ အောင်သူများ ဖြစ်ကြသည်” စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြသည်။ ကျောင်းသားများ၏ ဟောပြောချက် များသည် အနာပေါ် တုတ်ကျသည့် အလား နားမခံ နိုင်သဖြင့် ဒေါသ အမျက် ချောင်းချောင်း ထွက်ကာ စစ်တပ်မှ ပစ်ခတ် သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့ အသံလွှင့် စကားပြောခွက်ဖြင့် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။

ထိုစဉ်က တက္ကသိုလ် တ၀ိုက်တွင် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲနေသူ ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါဘဲ မိမိတို့ အဆောင်တွင်း၌ စုရုံးဆန္ဒပြနေသည့် ကျောင်းသားများကို အစုလိုက် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိ သည့် အ ဆောင်နေ ကျောင်းသားများ ကိုပါ တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းဘဲ ပစ်ခတ် သတ်ဖြတ် ကြသည်။

စစ်တပ်သည် ဂျီသရီး မောင်းပြန် သေနတ်သစ်များကို ပထမဆုံး စတင် အသုံးပြုကာ လက်တည့်စမ်း ပစ်ခတ် ခဲ့ကြသည်။ ထိုသေနတ် သစ်များမှာ အနောက် ဂျာမဏီမှ ပစ္စည်း ကိရိယာများကို ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။ ဂျီသရီး သေနတ်သစ် များကို အာဏာ သိမ်းစဉ်က တပ်အချို့သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက် သစ်များကို စမ်းသပ်ရန် လက်ယား နေသူ ဗိုလ် နေ၀င်း အဖို့ အခွင့်အရေး ရရှိသွားတော့သည်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသား အရေးအခင်း၌ စစ်အာဏာရှင် အစိုးရက ကျောင်းသား (၁၅) ဦး သေဆုံးပြီး၊ (၂၇) ဦး ဒဏ်ရာရရှိသည်ဟု ကြေညာခဲ့သော်လည်း အမှန်တ ကယ် သေဆုံးခဲ့ရသူပေါင်းမှာ (၂၀၀) နီးပါးခန့်ရှိ၍ (၄၀၀) ခန့်ဒဏ်ရာ ရရှိခဲ့လေသည်။ သို့ကလို ကျောင်းဝင်း အတွင်းသို့ ပစ်ခတ် တိုက်ခိုက်ပြီးနောက် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ၏ အဆောက် အဦကို စစ်တပ်က ၀ိုင်းထားပြန်၏။

တက္ကသိုလ် သမဂ္ဂ အဆောက်အဦကြီးသည် ရန်ကုန် တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက်အဦဖြစ်သည် သာမက မြန်မာ့ နိုင်ငံရေး သမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအ မှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။ ၁၉၂၀ ခု၊ ဒီဇင်ဘာ (၅) ရက်နေ့ တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသားခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ များဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့သည်။ သမဂ္ဂ၏ ရုံး အဆောက်အဦကို ၀ံသာနု မြန်မာ သူဌေးကြီး ဦးညိုက တည်ဆောက် လှူဒါန်းခဲ့သည်။ အဆောက်အဦကို ကျောင်းသား များ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေး ကိစ္စများကို အသုံးပြုရန် ရည်ရွယ် ခဲ့သဖြင့် အင်္ဂလိပ် တက္ကသိုလ် အာဏာပိုင် များကပင် အားပေး ခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲ များ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေး ပြဿနာ ပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့ပေသည်။ ဦးဘစော၊ ဒေါက် တာဘမော် … စသော ခေါင်းဆောင် များသည် တကသ ခန်းမမှာ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ကြသည်။

နောက်ပိုင်း တကသ အသင်းကို ကျောင်းသား ခေါင်းဆောင် အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်း ဖေနှင့် ကိုရာရှစ်တို့ တက်လာ ချိန်မှ စတင်ပြီး နယ်ချဲ့ တိုက်ပွဲ၊ နယ်ချဲ့ခံတပ် အဆောက်အဦကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံမှ အင်္ဂလိပ် တို့အား လက်နက်နှင့် တိုက်ခိုက် နှင်ထုတ်မှု အထိ အရှိန်အဟုန် ပြင်း ထန်ခဲ့သဖြင့် လွတ်လပ်ရေး တိုက်ပွဲများ၏ အောင်ဗိမာန်ကြီး အဖြစ် မြန်မာ တမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေ၀င်း ခေါင်းဆောင်သော စစ်အာဏာရှင် အစိုးရအများစုသည် တက္ကသိုလ် ကျောင်းသား ဘ၀က တကသ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိခဲ့သလို၊ ပြည်သူလူထုက ကိုးစားသော ကျောင်းသားခေါင်းဆောင်များကို အမြဲ မနာလို ဖြစ်နေခဲ့သည်။ ထို့ကြောင့် တကသ ကျောင်းသား လှုပ်ရှားရာ ဘူမိနက်သန် တကသ အဆောက်အဦကြီး ကို ဖြိုဖျက်ရန် အမြဲ ဆင်ကြံ ကြံရွယ်လျက် ရှိသည်။

ထို့နောက် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို ပစ်ခတ် သတ်ဖြတ်စဉ်က ကျောင်းသား ခေါင်းဆောင် များ သေဆုံးခြင်း မရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးဘဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုန်း အောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်း သိရှိသော အခါ တကသ ခေါင်းဆောင် မှန်သမျှကို သတ်ဖြတ်ရန်နှင့် တကသ အဆောက်အဦကြီးကိုပါ ဇူလိုင်လ (၈) ရက်နေ့တွင် အပြီးအပြတ် ဖျက်ဆီးရန် အမိန့်ပေးခဲ့လေသည်။ သမဂ္ဂရုံးကို ဖြိုဖျက်ပြီးနောက် ဗိုလ်နေ၀င်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေသော တော်လှန်ရေး ကောင်စီက “စည်း မဲ့ကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ် တဒေသ ကိုသုံး၍ ဖြေရှင်း လိုက်ရခြင်း ဖြစ်သည်” ဟု ကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကို အံတုလျှင် ယခုထက် ကြီးမားသော လက်နက် အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံ ပေးသည့် သဘော သက်ဝင်၏။

ထို့ပြင် တကသ အဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အား အသံလွှင့် မိန့်ခွန်း ပြောရာတွင် သူက သတ်ဖြတ် လိုက်သော ကျောင်းသားငယ် ကလေးများသည် လက်နက်ဟူ၍ အပ်တိုတချောင်းမှ မရှိကြသည်ကို သိပါလျက်နှင့် လက်နက်ကိုင် သူပုန် အဖွဲ့ကြီးကို ရင်ဆိုင် နေသည့် သဖွယ် ပုံကြီးချဲ့၍ ‘ဓားကိုဓားချင်း၊ လှံကိုလှံ ချင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်’ ဟု ဒေါသပုန်သံနှင့် အသံလွှင့် ပြောကြား ခဲ့ပြန်သည်။ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ် တစုသည် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့် နိုင်ငံက အမွန်အမြတ် ထားသည့် တကသ အဆောက်အဦကြီးကို ဗုံးခွဲ ဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာ စိတ်လိုက် မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူ့အဖို့ ကြီးလေးသော ရာဇ၀တ်မှုကြီး ဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်းစက်ကြီး ဖြစ်နေသည်ကို စဉ်းစားမိ လေသည်။ ‘နှံပြည်စုတ် ကို အမြောက်နှင့်ပစ်’ သလို ရာဇ၀င်ရိုင်း လုပ်ဆောင်ချက်ကို တနေ့နေ့တွင် လူထု၏ ဒဏ်ခတ်မည်ကို ကြောက်သွေးဖြာလာကြသည်။

မတရား ကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီး အတွက် တစိမ့်စိမ့် ကြောက်ဒူး တုန်လာကြသော အခါ တရားခံသည် မိမိ မဟုတ်ပါ။ တဦးကို တဦးက လက်ညှိုး ထိုး၍ အပြစ်ဖို့ရင်း မိမိ၌ အပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်ကြီး တို့သည် တဦးကို တဦး တရားခံ ဖြစ်လေဟန် ဖော်ကောင် လုပ်ကြသည်မှာ ဗမာ့ တပ်မတော်ကြီး၏ ထိပ်သီး စစ်သား ရင့်မာကြီးများ ဖြစ်ကြသော်လည်း သာမန်ဓားပြလူဆိုးဂိုဏ်း တခုမျှ လောက်ပင် ညီညွတ်မှု မရှိ။ အမှားကို ၀န်ခံရန် သတ္တိ မရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်းပေါ်လွင်နေပေသည်။

ထိုစဉ်က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ် အမိန့် ပေးတဲ့စာ ယူလာပြီး၊ မရမ်း ကုန်းကို ပေးလာသူက ဗိုလ်သန်းစိန် ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါ တယ်။ အဲဒီမှာမလုံလောက်လို့ ပင်မ စစ်ပစ္စည်း သိုလှောင်ရေးမှာ သွားယူခိုင်း သူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီ တပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက် ယူရတာပါ။ ခွဲဖို့ အမိန့်ပေးသူတွေ ကတော့ ပြည်ထဲရေး ၀န်ကြီးနဲ့ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့ သူက အင်ဂျင်နီယာ တပ်က ဗိုလ်မှူး ထွန်းရီ ဖြစ်ပါတယ်။ အားလုံး ဒိုင်းနမိုက်တွေ ဆင်ရတာဟာ ဇူလိုင်လ (၈) ရက်နေ့ နံနက်လင်း အားကြီးမှ ဖြစ်ပါတယ်။ လက်မှတ် ထိုးမည့်သူ အရာရှိ ကြီးကြီးမားမား မရှိလို့ ပြဿနာ တက်နေတုန်း လမ်း လျှောက်ရင်း ရောက်လာ တာက ဗိုလ်မှူးကြီး သူရ မင်းသိန်း ဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေး ထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူက လက်မှတ် ရေးထိုးပြီး ဒိုင်းနမိုက် ခွဲတာ ဖြစ်ပါတယ်။”

“ကျွန်တော်ဟာ ဗိုလ်မှူးကြီး လှဟန်နဲ့ ဗိုလ်ချုပ် (နေ၀င်း) အိမ်လိုက် အသွား ပါမောက္ခ ဆရာကြီး ဦးကာကို ဗိုလ် လှဟန်က သမဂ္ဂဖြိုဖို့ အမိန့် ရတယ်လို့ ပြောတာ ထပ်ကြား ရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊ အဲဒီကိစ္စကို ရပ်ထား ပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော် ပြောပါ့မယ် ဆိုပြီး၊ ဟိုရောက်တော့ လည်း ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့ပါတယ်” လို့ ဗိုလ်မှူး အောင်ကြီးသည် သူ၏ စာတမ်းတွင် ဝေ့လည် ကြောင်ပတ် ရေးသား ဖြေရှင်း ထားလေသည်။

ဗိုလ်နေ၀င်း ကလည်း တဖန် အကြိမ်ကြိမ် ထိုကိစ္စကို ဖြေရှင်းပြသည်။ သူ၏ နောက်ဆုံးနေ့ လူထုက လက်မခံ တော့သဖြင့် မဆလ ဥက္ကဋ္ဌကြီး ရာထူးမှ ထွက်ပေး ရသော ၁၉၈၈ ခု၊ ဇူလိုင်လ (၂၃) ရက် အရေးပေါ် ပါတီ ညီလာ ခံတွင် “အခု ပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းဟာ (၁၆) ရက်နေ့က စပြီး (၁၇) ရက်နေ့မှာ ကျွန်တော်တို့ သိရ ပါတယ်။ (၁၇) ရက်နေ့ သိပြီးတဲ့နောက်မှာ ရဲတို့၊ ကောင်စီ တို့နဲ့ပဲ ထိန်းလို့ နိုင်လိမ့်မယ်လို့ ထင်တယ်။ မျှော်လင့် ခဲ့တယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့ သွေးထွက်သံယိုတွေ မဖြစ်အောင် ဆိုတဲ့ အထဲမှာ တပ်မတော်ကို ဟို အသေးအဖွဲကလေးလည်းသုံး၊ ဒီအသေးအဖွဲကလေးလည်းသုံး ဆိုတာမျိုးမဖြစ်ရအောင် တကယ် လိုတဲ့ အခါမှာ သုံးဆိုပြီးတော့ ကျွန်တော်မသိဘဲနဲ့ တပ်မတော်ကိုမသုံးပါနဲ့၊ ကျွန်တော်ပြောထားတယ်၊ အဲဒါကြောင့်မို့လို့ ပြည် မြို့ကိစ္စဟာ အေးမသွားဘဲနဲ့ ရောင့်တက်လာကြတယ်။ ဒါကြောင့်မို့လို့ မနေ့ကတော့ ကိုင်း … စစ်တပ်ဝင်ပေ တော့ဆိုပြီးတော့ ကျွန်တော် ခွင့်ပြု လိုက်တယ်။ အဲဒီတော့ စောစောက ကျွန်တော် ပြောထားတာ ရှိတယ်။ ကျွန်တော် နိုင်ငံရေးက အနား ယူတော့မယ်။ အနား ယူတော့မယ် ဆိုပေမယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အ ပြည့် ကွပ်ကဲနိုင်တဲ့ အထိတော့ ကျွန်တော်တို့ နိုင်ငံကို မပျက်စီးရအောင်၊ ကသောင်း ကနင်း မဖြစ်ရအောင် ဆက် ထိန်းရပါလိမ့်မယ်။ အဲဒီ ထိန်းတဲ့ အထဲမှာ တိုင်းပြည် တပြည်လုံး လူထုကို ကျွန်တော် သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက် တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ စစ်တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့ လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေ ပြောပါတယ်”

လူစု လူဝေးရှေ့မှာ ကျွန်တော် စကားပြောတာ ယခု အကြိမ်ဟာ နောက်ဆုံး အကြိမ် ဖြစ်နိုင်တာမို့ ညီလာခံနှင့် ပတ်သက်သည့် အချက် အလက်တွေ တင်ပြပြီးတဲ့ နောက် ကျောင်းသားများ ကျွန်တော်နှင့် တော်လှန်ရေး ကောင်စီ တဖွဲ့လုံး အပေါ် အထင်လွဲနေသည့် အဖြစ်အပျက် တခုကို တင်ပြပါရစေ။

တက္ကသိုလ် သမဂ္ဂ အဆောက်အဦကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဖောက်ခွဲ ဖျက်ဆီး ခဲ့သည်ကို အများ သိပြီး ဖြစ်ပါတယ်။ ပထမ ဇူလိုင်လ (၇) ရက်နေ့ညနေ ကျွန်တော်ဆောင်ရွက်သည့်အပိုင်းကို ဖေါ်ပြမှ ထိုနေ့က အဖြစ်အပျက်များအကြောင်း ပြည့်စုံမည် ဖြစ်၍ ဖော်ပြပါမည်။ ထိုနေ့ညနေ (၅) နာရီခန့်တွင် သေနတ် ပစ်သံကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေမေးရာ ဆရာကြီး ဦးကာတို့ မိသားစု အား ဘေးကင်းသည့် နေရာသို့ ပို့ထားပြီး ဖြစ်ကြောင်း၊ ကျောင်းသားအချို့နဲ့ ရဲ (၈) ဦး၊ (၉) ဦးခန့် ဒဏ်ရာရ ကြောင်း ပြန်ပြောပါတယ်။

ဆူပူသူ ကျောင်းသား ခေါင်းဆောင် များကို မမိသေးကြောင်း၊ သမဂ္ဂ အဆောက်အဦ အတွင်းတွင် အချို့ ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ၊ တပ်မတော်သားများ နောက်ထပ် အနာတရ မရှိရအောင် အောက်ပါ အတိုင်း ဆောင်ရွက်ရန် အကြံပေး ညွှန်ကြားပါသည်။

(က) သမဂ္ဂ အဆောက်အဦ အတွင်းရှိ သူများကို အဆောက်အဦမှ ထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြောရန်၊ ထွက်မလာ ပါက လက်နက်ကြီးများ သုံးမည်ဆိုသည့် အချက် ထည့်ပြောရန်။

(ခ) အသာတကြည် ထွက်၍ အဖမ်းမခံပါက (ရီကွိုင်း လက်ဂန်း) ဖြင့် ပစ်ဖမ်းရန်၊ လိုအပ်ပါက (ရီကွိုင်းလက် ဂန်း) သုံးရန်။ အထက်ပါ အချက်တို့ကို မမှောင်ခင်ပြီးအောင် ဆောင်ရွက်ရန်လို့ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာကို ကျွန်တော် ပြောပါ့မယ်။ ထိုဖောက်ခွဲ ဖျက်ဆီးရန် အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ် ခြင်းတို့တွင် ကျွန်တော်နဲ့ တော်လှန်ရေး ကောင်စီဝင် အချို့တို့ မပါခဲ့ပါ။ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဗုံးကြီး ကြီးတလုံး ပေါက်ကွဲသကဲ့သို့ အလွန် ပြင်းထန်သော မြည်ဟည်း သံကြီး ကြားသဖြင့် စုံစမ်းတော့မှ သမဂ္ဂအ ဆောက်အဦကို ဒိုင်းနမိုက်တို့နဲ့ ဖျက်ဆီးလိုက်ကြောင်း ကျွန်တော် သိရပါတယ်။ အခြား တော်လှန်ရေး ကောင်စီ ၀င် အတော်များများလည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါတယ်။ သို့သော် အသံလွှင့် ရုံတွင် တော်လှန်ရေး ကောင်စီဝင်အချို့တို့ဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော လုံခြုံ ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး ကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော အရာထမ်းများ ရောက်နေကြပါတယ်။

ထိုသူများမှာ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးစောမြင့် (မှူးသ မိန်)၊ ဗိုလ်မှူးကြီး ဘနီ၊ အရာရှိ များထဲမှ ထောက်လှမ်းရေး ဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီး ဦးဘအေး တို့ဖြစ် ပါတယ်။ ထိုသူတို့အပြင် အခြား လူ တော်တော် များများလည်း ရှိကြပါတယ်။ ထိုဇူလိုင်လ (၈) ရက်နေ့ သမဂ္ဂအ ဆောက်အဦကို ဖြိုလိုက်ကြောင်းသိပြီးနောက် ဗိုလ်ကျော်စိုးကို ခေါ်၍မေးရာ (၇) ရက်နေ့ ညနေက ကျွန်တော် က သမဂ္ဂအတွင်းဝင်ရောက်နေသည့် ဆူပူသူခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် (ရီကွိုင်း လက်ဂန်း) ကို သုံးနိုင်သည် ဆိုသည့် အချက်ကို သမဂ္ဂ အဆောက်အဦ အဖျက်ခိုင်းသည်ဟု ယူဆသဖြင့် ဖျက်လိုက် သည်ဟုဖြေပါတယ်။ ဒီလို ဆိုရင်လည်း စုပေါင်း ခေါင်းဆောင်မှု ကျင့်သုံးတယ်လို့ လက်ခံထားခြင်းကြောင့် တော်လှန်ရေး ခေါင်းဆောင် အနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုတဲ့ စကားလုံးများပါတဲ့ ကြေညာချက်ကို အသံလွှင့် လိုက်ပါတယ်။

နောက်သုံး လေးလ ကြာပြီးသော် ကျွန်တော်က အရက်မူးမူးနဲ့ သမဂ္ဂ အဆောက်အဦကို ဖျက်ဖို့ အမိန့် ပေးတယ် ဟု နိုင်ငံခြား သတင်းစာ ဆရာတို့ အသိုင်းအ၀ိုင်းတွင် ပြောဆိုနေတာကြားရလို့ ဗိုလ်ကျော်စိုးကို ကျွန်တော်အ ရက်မူးပြီး ဖျက်ဖို့ အမိန့် ပေးတယ်လို့ ကျွန်တော် တယောက်တည်းကို တရားခံ လုပ်ထားတယ်။ အဲဒါကြောင့် ဇူ လိုင်လ (၇) ရက်က အဖြစ်အပျက်ကို ပြောပြခိုင်းပါတယ်။

အဲဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက်အမှန်ကို ပြောပြပါတော့မယ်။ အရင်က တော်လှန်ရေး ကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲ နေကြတာ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်း ဖြစ်ပါတယ်။ အဖြစ်အပျက် အမှန်မှာ ထို (၇) ရက်နေ့က အသံလွှင့်ရုံရှိလူစုထဲမှ တဦး တယောက်က ဒီသမဂ္ဂ အဆောက်အဦကြီးဟာ သူပုန်ဌာနချုပ်ဖြစ် နေတယ်။ ဖျက်ပစ်လျှင် ကောင်းမယ်လို့ စပြောရာမှ ဖျက်သင့်၊ မဖျက်သင့် ဆွေးနွေးကြပါတယ်။ နောက်ဆုံး ဗိုလ်ချုပ် (နေ၀င်း) ကို အသိပေးပြီး၊ ဗိုလ်ချုပ် သဘောတူလျှင် ဖျက်မယ်လို့ ဆုံးဖြတ် ကြပါတယ်။ ထိုစဉ် ဗိုလ် အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီးတင်ပြမယ်။ သဘော တူမတူ အဖြေယူခဲ့မယ် ပြောပြီး၊ ကိုလှဟန်ကိုခေါ်၍ ကားဖြင့် ထွက်သွား ပါတယ်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး၊ ဗိုလ်ချုပ်က သဘောတူ လိုက်ပြီဟုပြောသဖြင့် အသံလွှင့်ရုံရှိ လူသိုက်တို့ သမဂ္ဂ အဆောက်အဦကို ဖျက်ဖို့ ပစ္စည်းများစုပြီး ဖျက်လိုက်ပါ တယ်။ ထိုအဖြေကို ရပြီး နောက် ဗိုလ်အောင်ကြီး မပါဘဲ ကျန် တော်လှန်ရေး ကောင်စီဝင်များကို ခေါ်၍ ဗိုလ်အောင် ကြီး ကျွန်တော့်ကို မတင်ပြဘဲ အသံလွှင်ရုံရှိ လူသိုက်ကို ကျွန်တော် သဘောတူ လိုက်ပြီလို့ ပြောတဲ့ အကြောင်းကို တင်ပြခဲ့ပါတယ်။

ထိုအကြောင်းမှန်ကို သိပြီးနောက် ဗိုလ်အောင်ကြီးကို ကျွန်တော့်ရဲ့ရုံးခန်းသို့ခေါ်၍ သမဂ္ဂအဆောက်အဦဖျက် ရန် ကျွန်တော် သဘော တူတယ်လို့ ပြောတာကို ကိုယ်သိပြီးပြီ၊ အဲဒီတော့ ကိုယ့်လူ ခေါင်းဆောင်လုပ်ချင်ရင်၊ ခေါင်းဆောင် နိုင်မယ် ထင်ရင် ကိုယ်ထွက် ပေးမယ်။ ကိုယ်ထွက် ရမလား၊ ကိုယ်လူထွက်ရမလား၊ ဆုံးဖြတ်ပေ တော့ဟု ကျွန်တော်ကပြောရာ သူထွက်ပါမယ်ဆိုပြီး သူ့အခန်း ပြန်သွားကာ ထွက်စာ တင်ခဲ့ပါတယ်။

ကျွန်တော် တင်ပြတာကို မှန်ကြောင်း သက်သေ အထောက်အထားများ တင်ပြပါမယ်။ ပထမ အထောက်အထား ဗိုလ်ချုပ် အောင်ကြီး ၁၉၈၈ ခု၊ မေလ (၉) ရက် နေ့စွဲဖြင့် ရေးသည့် စာတမ်း စာမျက်နှာ (၂၄) ဒုတိယ စာကြောင်း မှစ၍ပါသော တရားခံဖြစ်ရတဲ့ ဗိုလ်အောင်ကြီး ဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ်အိမ်လိုက်အသွား ပါ မောက္ခချုပ် ဆရာကြီးဦးကာ ခေတ္တရွှေ့နေတဲ့ အင်းလျားကန် ဟိုတယ်နားက တထပ်တိုက် ကလေးမှာ ဆရာကြီး ဦးကာကို ဦးလှဟန်က သမဂ္ဂကိုလည်း ဖြိုဖို့ အမိန့်ရတယ်လို့ ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော် စိုးရှိရာ အသံလွင့်ရုံကို တယ်လီဖုန်းဆက်ပြီး အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော် ပြောပါ့မယ် ဆိုပြီး၊ ဟိုရောက်တော့လည်း ဗိုလ်ချုပ်ကို ဘာမှ မပြောဘဲ မလိမ့်တပတ် နည်းနဲ့ ထားခဲ့သူ ဖြစ်ပါတယ် ဆိုတဲ့ အချက်၊ ဒါ သူ ရေးထားတဲ့ အထဲက ဒါ ပထမ အချက်။ သက်သေခံ ဒုတိယ သက်သေ အထောက်အထားက ဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခေါ်ပြီး၊ သူတို့ သိတာတွေကို အမှန်အတိုင်း ရေးကြပါလို့ ပြောတဲ့အခါ ကျတော့ ဗိုလ်မှူးကြီးလှဟန် တင်ပြတဲ့ စာတမ်းထဲမှာ အဲဒီသူ့စာလေး ကျွန်တော့် ဆီမှာရှိပါတယ်။ အဲ သူတင်တဲ့ စာတမ်း၊ စာမျက်နှာ (၅) စာကြောင်းရေ (၄) မှာ ထိုအချိန် ဗိုလ်ချုပ် အောင်ကြီးလည်း ရောက်လာ ပါတယ်။ သ မဂ္ဂကိစ္စပြောတဲ့အခါ နေကြဦး၊ ကျွန်တော် ဗိုလ်ချုပ်ကြီးဆီ သွားပြီး တင်ပြ အမိန့် တောင်းမယ်လို့ ပြောပြီး၊ ကျွန် တော့်အားခေါ်ပြီး ထွက်လာခဲ့ပါတယ်။ လမ်းတွင် ဗိုလ်မှူးကြီးတင်စိုး အိမ်တွင်ရှိသော ဆရာကြီး ဦးကာ ထံဝင်၍ သတင်း မေးပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူ ကျောင်းသားများ အရေအတွက်လည်း ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးကို သမဂ္ဂ အဆောက်အဦကို ဖျက်မယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပါသေး တယ်။ ထို့နောက် ကျွန်တော်တို့ နှစ်ဦး ဗိုလ်ချုပ်ကြီးထံ ဆက်လက် သွားပါတယ်။ ဗိုလ်ချုပ်နဲ့ တွေ့တဲ့ အခါ ဗိုလ်ချုပ် အောင်ကြီး က အခြေအနေများ တင်ပြပါတယ်။ တင်ပြရာတွင် သမဂ္ဂအဆောက်အဦကိစ္စ မပါပါ။ ပြန်ရန်ကား ပေါ်တက် ပါတယ်။ ကားပေါ် ရောက်တော့ ကျွန်တော်က ဗိုလ်ချုပ် ဟိုကိစ္စ မပြောရသေးဘူးလို့ သတိပေး ပါတယ်။ ဗိုလ်ချုပ် အောင်ကြီးက နေပါစေလို့ ပြောသဖြင့် ကျွန်တော်လည်း ဘာမှ မပြောဘဲ ဆိတ်ဆိတ် နေလိုက်ပါတယ်။ အသံလွှင့်ရုံသို့ ပြန်ရောက်သော အခါ ဗိုလ်ချုပ် အောင်ကြီးက ဗိုလ်မှူးကြီး ကျော်စိုးအား (အိုကေ) ဟု ပြောလိုက် သည်ကို ကြားရပါတယ် ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက်အလက်တွေဟာ ကျွန်တော် စောစော ကပြောခဲ့တဲ့ ကျွန်တော် မသိဘဲနဲ့ ကျွန်တော် သိလေဟန်၊ ကျွန်တော် ခိုင်းလေဟန်၊ တခြား လူတွေကို ပြောလို့ ကျွန်တော် သဘောတူပြီ ဆိုပြီး၊ တခြား လူတွေက ဖျက်လိုက်တာ အဲဒီတော့ အထက်က အချက်တွေကို လေ့လာ ပြီးတော့ သမဂ္ဂ အဆောက်အဦကို ဖျက်တဲ့ ကိစ္စမှာ မည်သူ တရာခံ အစစ် ဖြစ်တယ် ဆိုတာကို လူထုတရပ်လုံးက မိမိတို့ဘာသာ ဆုံးဖြတ် ကြပါတော့လို့ တင်ပြရင်း စကားပြောခြင်းကို အဆုံးသတ်လိုက် ပါတယ်ဟု ဗိုလ်နေ၀င်း က တိုင်းပြည်သို့ ရှင်းပြ ခဲ့လေသည်။

ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေလင်္ကာစာတမ်းကြီးမှာ ကာရန်မညီ၊ စာသားမချော မုသာဝါဒလိမ်လုံးများ သာဖြစ်လေသည်။

ဇူလိုင်လ (၇) ရက်နေ့ သွေးချောင်းစီး လူသတ်ပွဲကြီးနှင့်ပတ်သက်၍ …

(က) ဗိုလ်နေ၀င်းက စောစောကမသိ သေနတ်သံကြားမှသိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသား သာဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့အသံဖမ်းစက်ဖြင့် လွှင့်ပေးနေသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်ခွင့် အမိန့်ထုတ်ခဲ့သည်မှာ ဗိုလ်နေ၀င်းကိုယ်တိုင်ပင်ဖြစ် သည်။

(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင် (နောင်သမ္မတပြုတ်) က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အ ရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်းထုတ်ဖေါ်ခဲ့သည်။

(ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ (၇) ဦး၊ (၈) ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားသာ ဖြစ်သည်။ အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိ စစ်တပ်က ပစ်ခတ် သတ်ဖြတ်ချိန်တွင် တက္ကသိုလ် ပတ်ဝန်းကျင်တွင် ရဲတယောက်မှ မရှိ။ ကျောင်းသား တို့က ရဲ တို့အား ရန်ပြုရန်မဖြစ်နိုင်ချေ။

(ဃ) တကသ ဆောက်အဦ မျက်နှာကြက်တွင် ကျောင်းသား ခေါင်းဆောင်များကို သတ်ဖြတ်ရန် ဦးတည်ချက်ဖြင့် အဆောက်အဦး ကြီးကို ဖျက်စေ အမိန့်ပေးသူမှာ ဗိုလ်နေ၀င်း ဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးလည်း တာဝန်ရှိပေသည်။

(င) တသကကို ဖျက်ဆီးပြီး နောက်တနေ့ နံနက်တွင် ဘာကြောင့် ဖျက်ရသည်ဟု တော်လှန်ရေး ကောင်စီ၏ ကြေညာချက်တွင် တော်လှန်ရေး ကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကို ပြင်ရမည့် တာဝန်သည် မိမိတို့အပေါ် တွင် ကျရောက် နေသဖြင့် တပ်မတော်၏ အားတစ်စိတ် တဒေသကိုသုံး၍ ဖြေရှင်း လိုက်ရခြင်းသည်ဟု သတင်း စာတို့မှ ရေးသား ထုတ်ပြန်ချက် တို့ကို လေ့လာကြည့်ပါက တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်နေ၀င်းက မိမိမသိ ပါ။ မိမိပါဝင်ခြင်းမရှိပါဟု ပြောသည်မှာ လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ရှားနေသော မုသားသာ ဖြစ်ပါ သည်။

(စ) ယခု ဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသား ကိစ္စ တခုတည်း မဟုတ်ဘဲ၊ နိုင်ငံရေး အမှောင့် ပယောဂများ ဖမ်းစားတယ် ဆိုတာ ကျွန်တော်တို့ ရိပ်စား မိပါတယ်ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့် ချက်၌ ကျောင်းသားများနောက်ကွယ်မှ ဗကပတို့ ပါလေဟန် ပြောသည်မှာလည်း လိမ်ညာ လီဆယ်ချက်ပင် ဖြစ်သည်။ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိ လက်နက်ချ ဗကပများကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပများ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့လှုပ်ရှားမှုသည် ပြင်ပ ပယောဂမပါသည်ကို သိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုကလက်ခံအောင် လီဆယ်ပြောဆိုချက်သာဖြစ်သည်။

(ဆ) ကျောင်းသား များအား သတ်ဖြတ်ပြီးနောက်၊ ကျွန်တော် တို့ကို အပြော ဘ၀မှာ နစ်မွန်းစေခြင်း အားဖြင့် အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ်နေကြတယ် ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြာလို တော့ပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်ဟု ပြောသည်မှာ ဒေသ သံနှင့် တုန်ရီနေသည်ကို ကြားရသူလူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်း ရာထူးမှ ဆင်းပေးရသော ၈၈ ခုနစ်က “စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့ သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့” ဟု ပြောသော မိန့်ခွန်းနှင့် တသံတည်း ဖြစ်သည်ကို လူထုက နောကြေ နေပြီ ဖြစ်သည်။

(ည) ထိုစဉ်က လက်တွေ့ သတ်ဖြတ်ရုံမျှ သာမက နှုတ်မှလည်း စစ်ကြေညာ ခဲ့ပါလျက် နောက်ပိုင်းမှ သူသတ် သည် ငါသတ်သည်၊ သူဖျက်သည် ငါဖျက်သည်ဟု တဦးအပေါ် တဦးလက်ညှိုးထိုး၍ ဖေါ်ကောင် လုပ်ကြစေ ကာမူ၊ ခေါင်းရှောင် စေကာမူ၊ ဗိုလ်နေ၀င်းသည် အဓိက တရားခံသာ ဖြစ်သည်ကို လူထုက မေ့မရ နိုင်ပေ။

မည်သို့ ဆိုစေ ယခု အခါ ‘ဆဲဗင်းဂျူလိုင်’ ခေါ် ဇူလိုင်လ (၇) ရက်နေ့ သွေးမြေ ကျခဲ့ရသော ကျောင်းသား အရေး တော်ပုံကြီးသည် ယခုအခါ ၄၇ နှစ်သို့ တိုင်ခဲ့ပြီး ဖြစ်သော်လည်း လူထု တရပ်လုံးသည် ထိုသွေးစွန်း ခဲ့ရသော ဇူ လိုင်လ (၇) ရက်နေ့ကို ဦးနှောက်က မေ့ပျောက် သွားသည့်တိုင် နှလုံးသားက ဥဒါန်း မကျေ အစဉ် သတိရလျက် ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ ယခုအခါ၌လည်း ဗိုလ်နေ၀င်း၏ မျိုးဆက်သစ် လက်ပါးစေ စစ်အာဏာရှင်တို့ သည် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်ရေးအတွက် ရုန်းကန် တိုက်ပွဲ နေသော ရဟန်းရှင်လူ၊ ကျောင်း သားများပါဝင်သည့် ပြည်သူလူထုတရပ်လုံးအား နည်းမျိုးစုံဖြင့် ဖြိုခွင်းရန် ဆင်ကြံ ကြံလျက်ရှိရာ တော်လှန်ရေး သတိ အစဉ်ရှိစေရန် တပ်လှန့် နှိုးဆော် လိုက်ရပါသည်။

ဒီမိုကရေစီ အရေးတော်ပုံးကြီး လုံးဝ (လုံးဝ) အောင်ရမည်။

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */