ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ ရောက်ရှိမှု ဖြစ်စဉ် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ ဖြစ်ပေါ်မည်

Monday, November 30, 2009 · 0 ရဲ့ အမြင်

ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ မိုင်သန်းပေါင်း ၉၁ သန်းခန့် ကွာဝေးကာ ရောက်ရှိမှု ဖြစ်စဉ်လာမည့် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ ဖြစ်ပေါ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဇေယျာကို က ပြောပါသည်။

ကမ္ဘာနှင့်နေသည် ပုံမှန်အားဖြင့် မိုင်သန်းပေါင်း ၉၄ သန်းခန့် ကွာဝေး လေ့ရှိပြီး ယခုကဲ့သို့ ပုံမှန်ထက် အနီးဆုံး နေရာသို့ ရောက်ရှိခြင်းမှာ နှစ်စဉ် ဒီဇင်ဘာလ နှောင်းပိုင်းနှင့် ဇန်န၀ါရီ လဆန်းပိုင်း တို့တွင် ဖြစ်ပေါ်လေ့ ရှိသည့် အပြင် အဝေးဆုံး နေရာ သို့လည်း ဇူလိုင်လ ပတ်ဝန်းကျင်တွင် ရောက်ရှိ တတ်ကြောင်း သိရှိ ရပါသည်။

''နေနဲ့ကမ္ဘာ အနီးဆုံး ရောက်ရှိမယ့်အချိန်မှာ နေကြတ် မှုဖြစ်စဉ် ဖြစ်ပေါ်မယ်ဆိုရင် အရစ်ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ် မှာ ဖြစ်ပါတယ်။ နေကြတ်တာက ပုံစံအမျိုးမျိုးနဲ့ ကြတ် နေကြတဲ့အနက် နေနဲ့ကမ္ဘာ အနီးဆုံးနေရာ ရောက်နေကြ တဲ့အချိန်မှာ အရစ်ကြတ်မှု ပုံစံနဲ့ပဲ ဇန်န၀ါရီလ၁၅ ရက်နေ့မှာကြတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နေအရစ်ကြတ်နေတဲ့ အချိန်မှာ နေရဲ့ အလင်းရောင်ကို ကွင်းပုံစံနဲ့ပဲ မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။ ကမ္ဘာနဲ့ နေအနီးဆုံး ရောက်ရှိနေတဲ့ ကာလမှာ အာရှတွင်းမှာ ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေ ပေါ်လာနိုင်ပါတယ်။အထူး သဖြင့် ဥရောပတိုက်နဲ့ အမေရိကတိုက် တို့ကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း တွေပါ''ဟု ဦးဇေယျာကိုက ရှင်းပြပါ သည်။

ထို့အပြင် ကမ္ဘာနှင့်နေ အနီးဆုံးကာလသို့ ရောက်ရှိနေ ချိန်တွင် လေထုဖိအားသည် ပြောင်းလဲ လျင်မြန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါသည်။

source by : Eleven Media Group

ဖတ်ကြည့်ချင်သေးလား....

ဝါရင့် နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်များ အဖွဲ့ (သခင်သိန်းဖေ ဦးဆောင်သောအဖွဲ့)မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံသို့ ပေးသောစာ

· 0 ရဲ့ အမြင်

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်
ရက်စွဲ - ၂၀၀၉၊ နိုဝင်ဘာလ၊ ၂၈ရက်။

အကြောင်းအရာ။        ။မြန်မာနိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့် ပါတ်သက်သော ကိစ္စ။

(၁) မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံ ပြည်သူ တစ်ရပ်လုံး စည်းလုံး ညီညွတ် ရေးပြိုကွဲခဲ့ရာမှ အလွန်နာကျည်း မနှစ်မြို့ ဖွယ်ရာ ပြည်တွင်းစစ် ဖြစ်ခဲ့ရာ ယနေ့ မြန်မာနိုင်ငံ အခြေ အနေကို ဓမ္မဒိဌာန် ကျကျ သုံးသပ်ကြည့်ရှုလျှင် အဖက်ဖက်မှယိုးယွင်းနိမ့်ကျလျက်၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ အဖြစ်မှ ရုန်းမထွက် နိုင်သေးသည်ကို ထင်ထင်ရှားရှား တွေ့နိုင်မည်

(၂) ယင်းသို့သော အခြေအနေမှ လွတ်မြောက်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်၍ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ "အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး" "အမျိုးသား ညီညွတ်ရေး"ကို အမြန်ဆုံး မဖြစ်မနေ တည်ဆောက်ရန် ဖြစ်သည်ဟု နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနှင့်လည်း အလေးထားယုံကြည်သည်ကို ၄င်း၏ နိုင်ငံရေး ဦးတည်ချက်(၄) ရပ်တွင် အောက်ပါ အတိုင်း ထင်ထင်ရှားရှား ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ "နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး" ဟု ပါရှိပါသည်။

(၃) ကျနော်တို့ သက်ကြီး ရွယ်အို နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် များကလည်း ကျနော်တို့ ဖြတ်သန်း တွေ့ကြုံ ကိုယ်တိုင် ဆင်နွှဲခဲ့သည့် တိုက်ပွဲသင်ခန်းစာများအရ လွန်ခဲ့သော ၁၉၉၅ခုနှစ် နိုဝင်ဘာလ ၂၄ရက် နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ပန်ကြားစာ တစ်စောင် ပေးပို့ခဲ့ရာ၌ အောက်ပါ အတိုင်း မေတ္တာ ရပ်ခံ ပန်ကြား ခဲ့ပါသည်။

(၁) ရရှိပြီးသော မြန်မာနိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရေးနှင့် ငြိမ်းချမ်း သာယာသော ဒီမိုကရေစီ ကျသော၊ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံသစ်ကြီး တည်ဆောက်ရေး အတွက်၎င်း၊
(၂) တစ်တိုင်း တစ်ပြည်လုံး ရဟန်းရှင် လူ ပြည်သူ တစ်ရပ်လုံး သွေးစည်းညီညွတ်ရေး အတွက် ဆောင်ရွက်သွားမည်ဟု၎င်း၊
(၃) ယနေ့ မြန်မာနိုင်ငံ လက်ရှိ အခြေအနေမှာ "တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ရေး တည်ဆောက်ရန် အလိုအပ်ဆုံး အခြေအနေ ဖြစ်နေပါသည်" ဟု၎င်း ဖော်ပြ ခဲ့ပါသည်။ အလားတူပင် ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၁၇ရက်နေ့စွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးအတွက် အကြံပြု စာတမ်း တစ်စောင်ကို ရေးသားကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ၎င်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့၎င်း ပေးပို့ခဲ့ရာ ယင်းစာတမ်း၌ ကျွုန်ုပ် တို့၏ ရည်ရွယ်ချက် ဟူသော ခေါင်းစဉ် အောက်တွင် အောက်ပါ အတိုင်း ဖော်ပြခဲ့ပါသည်။
(၁) အမျိုးသား သွေးစည်း ညီညွတ်ရေး တည်ဆောက်ရန်၊
(၂) လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်ရန်၊
(၃) ငြိမ်းချမ်းသော ဒီမိုကရေစီကျသော ပြည်ထောင်စုကြီး တည်ဆောက်ရန် ဟု ဖော်ပြခဲ့ပါသည်။

ဆက်လက်၍လည်း ကျနော်တို့ စတင် အကြံပြုခဲ့သည့် ၁၉၉၅ခုမှ ယနေ့အထိ ၁၄နှစ် တိုင်တိုင် အဆိုပါ သဘောထား အတိုင်း အကြိမ်ကြိမ် အကြံပေး ပန်ကြား မေတ္တာရပ်ခံခဲ့ပါသည်။ ကျနော်တို့ အကြံပြုခဲ့ချက် များမှာ ရက်ရှည် လများစွာ အကြောင်း အမျိုးမျိုးကြောင့် အကောင်အထည် မဖော် နိုင်ခဲ့သော်လည်း ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူ၍ပေးပို့သောစာတွင် "မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ ထားမှုများကို ရုပ်သိမ်းရေး" နှင့် ပတ်သက်၍ ပေးပို့သောစာတွင် အောက်ပါ အတိုင်း ဖော်ပြပါရှိသည်ကို တွေ့ရပါသည်။ အပိုဒ်(၂) "မြန်မာနိုင်ငံ အပေါ် ချမှတ်ခဲ့သော အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားရေး အတွက် ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း" ဟူ၍၎င်း၊ အပိုဒ်(၃) "နိုင်ငံတော် အတွက် အကျိုးရှိမည့် လုပ်ငန်းများ ကိုလည်း ကျွန်မ အနေဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက် နိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။" ဟုဖော်ပြသည်ကို တွေ့လိုက်ရ ဖတ်လိုက်ရသောအခါ ကျနော်တို့ တိုင်းပြည်တွင် လွတ်လပ်ရေးရပြီးစ အချိန် မှစ၍ နိုင်ငံရေး သဘောထားကွဲလွဲမှုများမှ အခြေခံကာ နယ်ချဲ့သမားတို့ကို အတူ လက်တွဲ၍ အသက်ပေး တိုက်ခိုက်ခဲ့သူများ အချင်းချင်း ဂိုဏ်းဂဏ၀ါဒ၊ အတ္တ ၀ါဒတည်း ဟူသော မာန်မာနတို့၏ လွှမ်းမိုးမှုကို မလွန်ဆန် ခံနိုင်ခဲ့ကြ သဖြင့် အမျိုးသား ခေါင်းဆောင်ကြီးများ (အာဇာနည် ခေါင်းဆောင်ကြီးများ) အသက်ပေး တည်ဆောက်ခဲ့သည့် အမျိုးသား ညီညွတ်ရေး ပြိုကွဲကာ နိုင်ငံတော်၏ အခြေအနေ အဖက်ဖက်မှ ယိုယွင်းမှုများ အားလုံး အဆုံးသတ် တော့မည့် လမ်းစ ပေါ်လာခဲ့ပြီဟု ကျနော်တို့ ယူဆမိပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား -

ကမ္ဘာကြီး၏ လက်ရှိ အခြေအနေမှာ ဗိုလ်ချုပ်မှူးကြီး သိရှိထားပြီး ဖြစ်သည့် အတိုင်း
  • - နိုင်ငံကြီးငယ် အားလုံး စီးပွားပျက် ကပ်ဒဏ်ကို အလူးအလဲ ခံနေရရာ ယခုတိုင် နလန် မထူနိုင်ကြသေးခြင်း
  • - နိုင်ငံကြီး အချို့တို့၏ လက်နက်ပြိုင်ဆိုင်မှု စစ်အေး တိုက်ပွဲ ပြင်းထန်လာ နေခြင်း၊
  • - အစွန်းရောက် ၀ါဒသမားများ၏ အကြမ်းဖက်မှုအန္တရာယ်တစ်နေ့တခြား ကြီးမား လာခြင်း၊
  • - အနုမြူ အန္တရာယ်၏ ခြိမ်းခြောက်မှုခံနေကြရခြင်း စသည်တို့ကြောင့်
တတိယ ကမ္ဘာစစ်၏ အန္တရာယ်သည် အေးချမ်းစွာ နေလိုသော ကျနော်တို့ ပြည်သူ တစ်ရပ်လုံးအား ခြိမ်းခြောက်လျှက် ရှိသည်ဟု ယူဆ မိပါသည်။ ယင်းကဲ့သို့သော အခြေအနေ အရပ်ရပ်တွင် ဗိုလ်ချုပ်မှူးကြီး ပြောကြားခဲ့သည့် မိန့်ခွန်း အသီးသီး၌ လည်း "အမျိုးသား ညီညွတ်ရေး အရေးကြီးပုံ" ဆိုသည့် စကားရပ် မပြတ် ပါရှိခဲ့ သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၈၉ကြိမ်မြောက် အမျိုးသားနေ့ ကြေညာချက်တွင်လည်း "တိုင်းပြည်နှင့် ပြည်သူ လူထု အကျိုးစီးပွား ကို ဆောင်ရွက် နိုင်ရန် အမျိုးသား ညီညွတ်ရေးကို တည်ဆောက် ကြရမည်" ဟု ဖော်ပြထားပြီး ဥက္ကဌကြီး ထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာတွင် "တိုင်းပြည်နှင့် ပြည်သူ လူထု အကျိုးရှိမည့် လုပ်ငန်းများကိုလည်း နိုင်ငံတော် အေးချမ်း သာယာရေး ဖွံ့ဖြိုးရေး ကောင်စီနှင့် အတူ ပူးပေါင်း ဆောင်ရွက် လိုကြောင်း" ဖော်ပြ ထားပါသည်။ ထို့အတူ ပြည်သူ တစ်ရပ်လုံးကလည်း နှစ်ရှည် လများ နိုင်ငံကို ဦးဆောင် ခဲ့ကြသည့် မည်သည့် ခေါင်းဆောင် တစ်ယောက်ကမှ မတည်ဆောက် နိုင်ခဲ့သည့် "အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး" တစ်နည်းအားဖြင့် "အမျိုးသား ညီညွတ်ရေး" တည်ဆောက် နိုင်တော့မည်၊ စစ်မဲ့ဘေး အန္တရာယ် အသွယ်သွယ် တို့မှ၎င်း အကြပ်အတည်း ပေါင်းစုံတို့မှ၎င်း ညီညွတ်ရေး လက်နက်နှင့် ခုခံ ဖြိုခွင်းနိုင်တော့မည်။ ငါတို့ မြန်မာနိုင်ငံ ခေတ်ဆန်း ချိန်ရောက် တော့မည်ဟု ၀မ်းမြောက် ၀မ်းသာ ရှိနေကြပါသည်။ ဤသို့သော ဆန္ဒနှင့် ပြည်သူ့သဘောထားကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဦးဆောင်ကာ ပတ်သက်သူ အားလုံးနှင့် ဗုဒ္ဓမြတ်စွာ ဘုရား၏ အဆုံးအမနှင့် အညီ အတိတ်ကို သင်ပုန်းချေ၊ ခန္တီတရား လက်ကိုင်ထား၍ မေတ္တာတရားရှေးရှုကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တို့ကို ကြိုးပမ်း ပေးပါရန် နိုင်ငံတော်နှင့် အားလုံးသော ဆင်းရဲ ချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ညီညွတ်ရေးကို အာသာငမ်းငမ်း တောင့်တ နေကြသည့် ပြည်သူများ၏ ကိုယ်စား မေတ္တာ ရပ်ခံလိုပါသည်။

ဗိုလ်ချုပ်မှူးကြီး ခင်ဗျား -
ကျနော် တို့သည် အသက်အရွယ် ကြီးရင့် နေကြပါပြီ။ သေမင်းထံ ခြေတစ်ဖက် လှမ်းနေ သူများလည်း ဖြစ်ပါသည်။ "တို့တစ်တွေ ညီညွတ်ရေး ရခဲ့လျှင်" ဟူသော ခံစားချက်ဖြင့်သာ ဤစာကို ရေးသား ပေးပို့ခြင်း ဖြစ်ပါသည်။ ဥက္ကဌကြီးသည် နိုင်ငံတော်ကို ဦးဆောင်နေသူ တစ်ယောက် အဖြစ် ဂါရ၀တရား "ဂုဏ၀ုတ္တိ" ထား၍ နိုင်ငံ အကျိုး ရှေးရှုကာ မိမိတို့ ဉာဏ်မီ သလောက် ရေးသား တင်ပြ ရခြင်းကို ခွင့်လွှတ်စေ လိုပါသည်။ ဖြစ်ပါသည်။

"ကျန်းမာချမ်းသာကြပါစေ"

(သခင်သိန်းဖေ)
(၀ါရင့်နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များ ကိုယ်စား)

ဖတ်ကြည့်ချင်သေးလား....

'ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါးခြင်း၊ မျက်နှာ တစ်ခုတည်း ကိုသာ ကြည့်ခြင်းကြောင့် ကြေကွဲဖွယ် ဖြစ်ရပ်များ ဖြစ်ပေါ်နေ'

· 0 ရဲ့ အမြင်

သတင်း အယ်ဒီတာ အဖွဲ့ | ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါးခြင်း၊ ဆေးရုံ၊ ဆေးခန်းကြီး များ၏ ဆရာဝန်ကြီးများ မျက်နှာ တစ်ခုတည်းကိုသာ ကြည့်ခြင်းကြောင့် ကြေကွဲဖွယ် ဖြစ်ရပ်များ ဖြစ်ပေါ် နေကြောင်း သိရသည်။

ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါး၍ ကြေကွဲဖွယ် ဖြစ်ရပ် တစ်ခုမှာ မကြာသေးမီ အချိန် အတွင်း ကပင် ဗဟန်းမြို့နယ်ရှိ အထူးကု ဆေးခန်းကြီး တစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း လူနာနှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ လူနာ မိန်းကလေးသည် အသက် ၁၅ နှစ်ရှိ ကမာရွတ် မြို့နယ် အ.ထ.က (၂)မှ န၀မတန်း ကျောင်းသူ မခိုင်ရွှန်းလဲ့ရည် ဖြစ်ကြောင်း သိရသည်။ ၄င်းသည် ပညာရေး၌ ထူးချွန်သူဖြစ်ကြောင်း၊ သာမန်ဖျားရာမှ အဖျားသာ ပျောက်သွားပြီး ဗိုက်နာသည့် ဝေဒနာ ကျန်ရှိ နေသည်ကို ဗဟန်းမြို့နယ် အတွင်းရှိ အထူးကု ဆေးခန်း တစ်ခုသို့ သွားရောက် ပြသရာမှ ဆရာဝန်ကြီး တစ်ဦးက အူအတက် ရောင်သည်ဟု ကောက်ချက်ချကာ ခွဲစိတ်ခဲ့ရကြောင်း၊ နှစ်ရက် အကြာတွင် သေဆုံး ခဲ့ရကြောင်း သေဆုံးသူ မိန်းကလေး၏ ဆွေမျိုး တော်စပ် သူများက ဆိုပါသည်။ ခိုင်ရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင် ဖျားနာခဲ့ကြောင်း၊ ရပ်ကွက် အတွင်းရှိ ဆရာဝန်နှင့် ပြသပြီးနောက် အဖျား ပျောက်ကင်း သွားကြောင်း၊ အဖျား ပျောက်ပြီးနောက် ဗိုက်နာသည့် ဝေဒနာ ကျန်ရှိနေ၍ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဗဟန်းမြို့နယ် အတွင်းရှိ အထူးကု ဆေးခန်းကြီးသို့ သွားရောက် ပြသ ခဲ့ကြောင်း သိရသည်။ ထိုသို့ သွားရောက် ပြသခဲ့ရာ အောက်တိုဘာလ ၂၅ ရက်နေ့ ၉ နာရီခွဲတွင် အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ် အထူးကု ဆရာဝန်ကြီး ရောက်လာပြီး လူနာ၏ ဗိုက်ကို လက်နှင့် စမ်းသပ်ခဲ့ကြောင်း၊ ထိုသို့ စမ်းသပ်ရာတွင် ဗိုက်ကို ဖိလိုက်ချိန်၌ လူနာက နာသည်ဟု ပြောပြီး ဗိုက်ကို ဖိထားသော လက်အား လွှတ်လိုက်ချိန်၌ အနာသက်သာသွား ကြောင်း လူနာက ပြောသည်ဟု မိခင် ဖြစ်သူ ဒေါ်ချိုချိုမြင့်က ဆိုပါသည်။ ဆရာဝန်ကြီးက ခိုင်ရွှန်းလဲ့ရည်၏ လက်ဖ၀ါးနှင့် မျက်လုံးများကို ကြည့်ကြောင်း ပါးစပ် ဟခိုင်းကြောင်း၊ လူနာ၏ လက်တွေ၊ မျက်လုံးတွေက ဖွေးနေတာပဲဟု ပြောခဲ့ကြောင်း၊ သွေးပေါင်ချိန် တိုင်းရာတွင် အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သာ ရှိကြောင်း ဆရာဝန်ကြီးက အနီးစပ်ဆုံး အူအတက်ရောင် ရောဂါ ဖြစ်ကြောင်းနှင့် ခွဲမည်လားဟု မေးခဲ့ကြောင်း ကျွန်မ တို့က ဆရာဝန်ကြီး သဘောပါဟု ပြောလိုက်ရာတွင် နံနက် ၁၀ နာရီ၌ အီးစီဂျီ ရိုက်သော်လည်း တီဗီ ဓာတ်မှန် ရိုက်ခြင်းနှင့် သွေးစစ်ခြင်း တို့ကို မပြုလုပ်ဘဲ ခွဲစိတ်ခန်း ထဲသို့ ပို့လိုက်ကြောင်း မိခင်ဖြစ်သူက ဆိုပါသည်။

နံနက် ၁၁ နာရီခွဲ ၀န်းကျင်ခန့်တွင် ခွဲစိတ်ခန်းမှ ထွက်လာပြီးနောက် လူနာက သတိရချိန်တွင် အရမ်း နာကျင်နေကြောင်း၊ ခွဲစိတ်ခန်းဝင် နေသည့် အချိန်တွင်လည်း ထုံဆေးပြယ်သွား ၍ နာတယ် နာတယ်ဟု အော်သည့် အသံကို အကျယ်ကြီး ကြားရကြောင်း၊ ထို့နောက် သမီးဖြစ်သူကို အိပ်ဆေး ထိုးလိုက်သည်ဟု သိရကြောင်း ယင်း ဖြစ်ရပ်များအား သမီးဖြစ်သူက ပြန်လည် ပြောပြခဲ့ခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။

ဆရာဝန်ကြီး လူနာအား ခွဲစိတ် ပြီးနောက်နေ့တွင် တစ်ကြိမ်သာ လာရောက် ကြည့်ရှု ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီတွင် လူနာ ကွယ်လွန် သွားခဲ့ ကြောင်းသိရသည်။ ခွဲစိတ်ပြီးသည်မှ စ၍ သေဆုံးသည် အထိ လူနာမှာ နာကျင်သည့် ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း သိရသည်။

လူနာသည် သွေးလွန် တုပ်ကွေး ဖြစ်နေကြောင်း ကျောက်ကပ် ပျက်စီး ပီး အသည်းကြီးကာ နှလုံးလည်း ထိခိုက် သွားကြောင်း အထူးကု ဆေးခန်း ကြီးရှိ တာဝန်ရှိ ဆရာဝန်အချို့က မိခင်ဖြစ်သူအား ပြောပြခဲ့ကြောင်း သွေးလွန် တုပ်ကွေးအား သေချာ မစစ်ဘဲ ဆရာဝန်ကြီးမှ မှားခွဲ မိခြင်းလားဟု မိခင် ဖြစ်သူက အထူးကု ဆေးခန်းကြီးရှိ တာဝန်ရှိ ဆရာဝန် အချို့အား မေးမြန်းရာတွင် ဘာမျ ပြန်မပြောနိုင်ကြောင်း သိရသည်။
''မှားယွင်း ကုသပြီး မိမိအမှား အတွက် မိမိ ဂုဏ်သိက္ခာ ကျဆင်းမှာ စိုးလို့ပဲဖြစ်ဖြစ် လူနာရှင် တွေဘက် က ငွေကြေး မတတ်နိုင်တာကို စိုးလို့ပဲ ဖြစ်ဖြစ် ဖိဖိစီးစီး ကုသဖို့ကို ဆက်မလုပ်ဆောင်ဘဲ လက်လွှတ်စပယ် ပစ်ထားခဲ့တာ၊ တာဝန် မယူခဲ့တာတွေ အတွက် နောက်လူတွေ အခုလို မခံစားရအောင် မနစ်နာရအောင် အပြုသဘော ဆောင်ပြီး အခု ဖြစ်စဉ်တွေကို ပြောပြရတာပါ''ဟု သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်ချိုချိုမြင့်က ဆိုပါသည်။

''အသက်အရွယ် ကြီးရင့် နေတဲ့ ဆရာဝန်ကြီးတွေ အနေနဲ့ ကိုယ့် အသက်အရွယ်နဲ့ လုပ်နိုင် စွမ်းရည်ရှိ မရှိကို မိမိကိုယ် မိမိ ချင့်ချိန်စဉ်းစား ကုသသင့် ပါတယ်''ဟု သေဆုံးသူ လူနာ၏ ဖခင်ဖြစ်သူ ဦးဌေးအောင် က ဆိုပါသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ အထူးကု ဆေးခန်းကြီးအား Weekly Eleven News ဂျာနယ်မှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန် ရှိသူ တစ်ဦးက ''ဘာမှ ပြောပိုင်ခွင့် မရှိပါဘူး''ဟု ပြန်လည် ပြောကြား ခဲ့ပါသည်။


မြန်မာ လူမျိုးများ အနေဖြင့် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်နေသည့် အလျောက် အမှုအခင်းများ လုပ်လေ့ မရှိကြောင်း၊ သို့သော်လည်း ယခု ဖြစ်စဉ်တွင် ခွဲ စိတ်ဆရာဝန် အပါအ၀င် မေ့ဆေး ဆရာဝန်နှင့် ဆေးရုံ၌ တာဝန်ရှိ ကြောင်း သေဆုံးသူ လူနာ၏ ကာယကံရှင် များဘက်မှ တောင်းပန်ရန် နှင့်လျော်ကြေးပေးရန် မတောင်းဆိုသော် လည်း သေချာ မစစ်ဆေးဘဲ ခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်းကြောင့် တောင်းပန်ခြင်းနှင့် လျော်ကြေးပေးခြင်းကို ပြုလုပ်သင့် ကြောင်း၊ ဆေးရုံက ကာယကံရှင်များ ကျေနပ်သည် အထိ လူသိထင်ရှား တောင်းပန်ခြင်း၊ ရှင်းလင်းခြင်းများ ပြုလုပ်သင့်ကြောင်း လေ့လာသူများ က သုံးသပ်ခဲ့ကြသည်။

လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင် ခန့်ကလည်း ကလေး တစ်ဦးဖျားနာ သည်ကို ပန်းနာ ပျောက်ဆေးများ ပေးခဲ့ သောကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့သည့် ဖြစ်ရပ် ရှိခဲ့ဖူးကြောင်း၊ အဆိုပါ ဖြစ်ရပ်တွင်လည်း ဆရာဝန် များက လူနာအတွက် အဓိကအချိန် မပေးနိုင်မှုနှင့် ငွေကိုသာ အဓိကထား နေခြင်းများသည် မဖြစ်သင့်ကြောင်း၊ ဆရာဝန် မှားပါက အသက်ပေါင်း များစွာ ဆုံးရှုံး နိုင်ကြောင်း ဖြစ်ရပ်မှန် တို့ကို နှိုင်းယှဉ်ကာ လေ့လာသူ တစ်ဦးက ဝေဖန် သုံးသပ်ပြခဲ့သည်။

''ဒီကိစ္စမှာ ကျွန်တော်တို့ လေ့လာသိရှိ ရသလောက် ဆရာဝန်ကြီးရဲ့ အမှားတစ်ခုတည်း မကဘဲ အဲဒီ ဆေးခန်းရဲ့ တာဝန်မဲ့ ပြုမူမှု (Professional negligence) ကိုလည်း ထည့်စဉ်း စားရမယ်။ ဗိုက်အောင့်တာ တစ်ခုတည်းနဲ့ ခွဲစိတ် ဆရာဝန်ကို လွှဲရရောလား။ မခွဲခင် လိုအပ်တဲ့ Investigation တွေလုပ်ဖို့ ဘယ်သူ့မှာ တာဝန် ရှိသလဲ။ ဒီဆေးရုံ၊ ဆေးခန်းအချို့က ဆရာဝန်ကြီးတွေရဲ့ မျက်နှာတစ်ခု တည်းကိုပဲ ကြည့်တာ။ လူနာရဲ့ အသက်၊ လူနာရဲ့ ခံစားမှုကို ထည့်မတွက်တာ။ လူမှုရေးကိုတောင် မတွက်ဘဲ ငွေယူရက်တယ်။ postop ကာလမှာ ပေါ့လျော့မှုတွေ ရှိနေ တယ်။ ၀မ်းနည်းစရာတွေ ထပ်မဖြစ်ဖို့ ကာကွယ်မှုတွေ လုပ်သင့်ပါ တယ်''ဟု ဂျာနယ်လစ် တစ်ဦးက ပြောကြားခဲ့သည်။

၎င်းကပင် ဆက်လက် ပြောကြားခဲ့ရာ ''မမှားသောရှေ့နေ၊ မသေသော ဆေးသမား ဆိုတာ မရှိပါဘူး။ ကိုယ့်ကို ဆေးကုတဲ့ ဆေးဆရာကို ဘာပဲ ဖြစ်လာဖြစ်လာ လက်ခံကြတာ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာပါ။ ဒီလို တရားစွဲတာ မျိုးတွေ မလုပ် စေချင်ပါဘူး။ ငါဆိုတဲ့ တလွဲမာန်တွေနဲ့ လက်တစ်ဆုပ်စာ ဆရာဝန်ကြီး တချို့နဲ့ ဆရာဝန်ကြီးတွေရဲ့ မျက်နှာတစ်ခု တည်းကိုပဲကြည့်ပြီး၊ ကိုယ့်ဆေးရုံ ဆေးခန်းမှာ ဒီဆရာဝန်ကြီးတွေ ထိုင်ဖို့ အတွက်ပဲ ကြိုးပမ်းနေတဲ့ ဆေးရုံ ဆေးခန်းကြီး တချို့ကြောင့်သာ ဖြစ်နေရတာတွေပါ။ ဒါတွေကို အရေးယူဖို့ ဘယ်လိုစဉ်းစားကြမလဲ။ နိုင်ငံခြား က ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာ ကိုယ်ပိုင် ဆရာဝန်ကြီးတွေ ရှိတယ်။ ဒီမှာက ကိုယ်ပိုင် ဆရာဝန်တွေ မရှိလို့ အစိုးရ ဆေးရုံကြီးတွေက ဆရာဝန်ကြီး တွေကို အချိန်ပိုင်းနဲ့ ငှားရမ်းအသုံးပြု နေရလို့ အခုလို လူနာတွေကို အချိန် မပေးနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေ ရတာပါ''ဟု ဆိုပါသည်။

ပုဂ္ဂလိက ဆေးရုံ ဆေးခန်းကြီး များနှင့် ပတ်သက်၍ ၀ါရင့် ဂျာနယ်လစ်ကြီး တစ်ဦးက သုံးသပ်ခဲ့ရာ''ဆေးရုံ ကြီး အချို့ရဲ့ ၀င်ငွေက ကျပ်ငွေ ဘီလျံပေါင်း များစွာရှိတာပါ။ ဒါပေမယ့် ငွေမပေးနိုင်ဘဲ ထွက်ပြေးသွားမယ့် လူနာတွေအတွက် သူတို့ဆုံးရှုံးမှာ ပူပန်မှုက တစ်ခါတစ်ခါမှာ လူနာ တွေ၊ လူနာရှင်တွေ အတွက် ဘယ်လောက် ထိခိုက် နာကျင်စေသလဲ ဆိုတာ ထည့်မတွက်ဘူး။ အရေးပေါ် အခြေအနေမှာ ရောက်လာတဲ့ လူနာ တွေကို သူတို့ ဆက်ဆံရေးက လူသား မဆန်ဘူး။ ဆရာဝန်ကြီးတွေရဲ့ မျက်နှာ တစ်ခုတည်း ကြည့်ပြီး လူနာတွေ ကို ဆက်ဆံတဲ့ အတွက် လူနာတွေ ဘယ်လောက် ခံစားရသလဲ သူတို့ မစဉ်းစားဘူး။ ဆရာဝန်ကြီးတွေလည်း ဆင်ခြင်သင့် ပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ့်တပည့်တွေ အတု ခိုးမှားကြရင် အသက်တစ်ချောင်း မဟုတ်ဘူး။ အသက်ပေါင်း များစွာပါ''ဟု ပြောကြားခဲ့သည်။

အသည်း အထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက ''မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ ခွဲစိတ်ကုသမှု ပြုလုပ် သင့်မသင့်ကို သက်ဆိုင်ရာ ခွဲစိတ်ပါရဂူကပဲ ဆုံးဖြတ်လေ့ရှိပါတယ်။ စင်ကာပူက အစိုးရ သင်ကြားရေး ဆေးရုံကြီးတွေမှာ ဆိုရင် တစ်ပတ်တစ်ခါ ဆွေးနွေးပွဲ ရှိတယ်။ ဒီဆွေနွေးပွဲမှာ ခွဲစိတ်မှုတွေ ပြုလုပ်မယ့် List of Operation ကို တင်ပြရတယ်။ အဲဒီစာရင်းတွေကို ခွဲစိတ်ဖို့ သင့်၊ မသင့် ပါမောက္ခ ဌာနမှူးက ဦးဆောင် ဆွေးနွေး ဆုံး ဖြတ်လေ့ရှိပါတယ်။ အစိုးရဆေးရုံတွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာနဲ့တော့ လုပ်ထုံး လုပ်နည်းချင်း မတူဘူးပေါ့။ ပုဂ္ဂလိက ဆေးရုံတွေမှာ ဆိုရင်တော့ လူနာ တစ်ယောက်ကို ခွဲစိတ်မှု ပြုလုပ်သင့် မသင့်ဆိုတာ သက်ဆိုင်ရာ ခွဲစိတ် ပါရဂူကပဲ ဆုံးဖြတ်ရပါတယ်။ ခွဲစိတ်ပါရဂူ၏ အတွေ့အကြုံ၊ အရည် အချင်းနဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ခွဲစိတ် ဆရာဝန်က ခွဲစိတ်ဖို့ သင့် မသင့်ဆိုတာ ဆုံးဖြတ်ပြီးရင် ခွဲစိတ်ရာမှာ အန္တရာယ် ရှိ၊ မရှိ (safe for surgery) ကို မေ့ဆေး ပါရဂူနဲ့ တိုင်ပင်ရပါ တယ်။ ခွဲစိတ်ရာမှာ အောင်မြင်မှု ရရှိဖို့က မေ့ဆေး ပါရဂူရဲ့ ဆုံးဖြတ်ချက်ကလည်း အဓိကကျပါတယ်။ လိုအပ်ရင် နှလုံး ပါရဂူနဲ့လည်း တိုင်ပင်ဖို့ လိုအပ်ပါတယ်'' ဟု ပြောကြား ခဲ့သည်။

ဆက်လက်၍ ''မြန်မာ နိုင်ငံမှာ က ၀န်ဆောင်ခ စရိတ် ဈေးကြီးတာ က တစ်ကြောင်း၊ awareness မရှိတာက တစ်ကြောင်း ခွဲစိတ်ကုသမှု မပြုလုပ်မီ စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ကြတာ အရမ်းအားနည်း တယ်လို့ သုံးသပ်ရပါတယ်။ ခွဲစိတ်မှု မပြုလုပ်ခင်မှာ သွေးဖြူဥ စစ်ဆေး ခြင်း(CP)၊ ကျောက်ကပ် စစ်ဆေးခြင်း၊ သွေးခုန်နှုန်းစစ်ခြင်းစတဲ့ အခြေခံကျကျ စဉ်းစားဖို့လိုတဲ့ စစ်ဆေးမှု တွေကိုတော့ မဖြစ်မနေ ပြုလုပ်ဖို့ လို အပ်ပါတယ်။ လတ်တလောအချိန် မှာ ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်ခြင်း မရှိဘဲ သီရေတာဝင်ကြတဲ့ ခွဲစိတ်မှု တွေလည်း ရှိနေကြပါတယ်။ ဒီလို ခွဲစိတ်မှုတွေက လူနာရဲ့အသက် တစ်ချောင်းအတွက် အရမ်းအန္တရာယ် များပါတယ်။ ခွဲစိတ်မှုတွေ မပြုလုပ်မီ စနစ်တကျ ကြိုတင်စစ်ဆေး စမ်းသပ်မှုတွေ ပြုလုပ်မှသာ ခွဲစိတ်ခန်းအတွင်း ဖြစ်ပေါ်လာမယ့် မတော်တဆမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်''ဟု ဒေါက်တာ ခင်မောင်ဝင်း ကပြောကြားခဲ့ပါသည်။

''ဂျာနယ် တစ်ခုက မေးဖူးပါတယ်။ ရန်ကုန်မြို့က ပြင်ပ နာမည်ကြီး ဆေးခန်းကြီး တစ်ခုမှာ အင်မတန် နာမည်ကြီးတဲ့ အထူးကု ဆရာဝန်ကြီး တစ်ယောက်ဟာ ညနေဘက် နှစ်နာရီ အတွင်းမှာပဲ လူနာ ၃၀၀ ကို ကြည့်ရှု ပေးနေတာကို ဘယ် လို သဘောထားပါ သလဲတဲ့။ ကျွန်တော်က ကြည့်တဲ့သူအပေါ်မှာ မူတည် တယ်လို့။ နောက် ရောဂါ အခြေ အနေနဲ့ လူနာဟောင်း တွေကို ကြည့်ရှု ရတဲ့ အပေါ်မှာ လည်း မူတည်ပါတယ်လို့ ။ စဉ်းစား ကြည့်ပေါ့ဗျာ။ မိနစ် ၁၂၀ မှာ လူ ၃၀၀ ကြည့်ရှုတယ် ဆိုတော့ လူတစ်ယောက်ကို မိနစ်ဝက် တောင် အချိန်ပေးနိုင်မှာ မဟုတ်ပါ ဘူး။ အဲဒီတော့ ဖြစ်နိုင် မဖြစ်နိုင် ခင်ဗျားတို့ ဘာသာ စဉ်းစားကြည့်ကြ ပါ၊ သူဟာနဲ့သူ ကြည့်နိုင်တယ် ဆိုရင် သူ့ရဲ့အတတ်ပညာ အတွေ့အကြုံနဲ့ သူ့ရဲ့စွမ်းအင်နဲ့ ကြည့်ရှုသွားတဲ့ အပိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ အနေနဲ့ အချိန်ပေးတာ နည်းတယ် ထင်ရင် သွားမပြ ကြနဲ့ပေါ့။ အချိန် များများ ပေးတဲ့ ဆရာဝန်ဆီကို သွားကြ ပါလို့ ။ ကိုယ်သိချင်တာ တွေကို မေး မြန်းနိုင် ဆွေးနွေး နိုင်မယ့် ဆရာဝန်တွေ ဆီမှာ ပြသလို့ ရပါတယ်။ ဆရာဝန် တစ်ယောက် နာမည်ကြီးပြီဆိုရင် လူနာတွေ ကလည်း အဲဒီ ဆရာဝန်ဆီ ကိုပဲစုပြုံပြီး လိုက်တိုးနေကြပါတယ်။ ကိုယ့်ရောဂါနဲ့ စပ်ဟပ်သလား မစဉ်းစား တော့ဘဲ နှလုံး အထူးကု ဆရာဝန် ဆီမှာလည်း ဗိုက်နာတာကို သွားပြ လိုက်ကြတာပဲ။ လူနာတွေ ဘက်က လည်းအထူးကုလို့ နာမည်ကြီးတိုင်း သူနဲ့ပြသမှ ဖြစ်တော့မှာပဲ ဆိုတဲ့ စိတ်တွေ မမွေးမြူကြပါနဲ့''ဟု အခြေခံသမား ကျင့်ဝတ်နှင့် ဆေးပညာ ကျင့်ဝတ်ဆိုင်ရာ ဆောင်းပါးများ စာအုပ်မှ ပါမောက္ခ သမားတော်ကြီး ဦးလှမြင့်၏ ဆေးလောကသားများသို့ပန်ကြားချက် ထဲတွင် ဖော်ပြထားချက် အရ သိရသည်။

''ချမ်းသာပြီး ငွေကြေး တတ်နိုင် တဲ့ အထူးကု ဆေးခန်း သွားနိုင်၊ ပြောနိုင်တဲ့သူမို့ ဒီလိုသိကြရတာပါ။ ဆင်းရဲပြီး ပြောပြနိုင်စွမ်း မရှိတဲ့ လူတွေ ဘယ်လောက် ခံစားထားကြရပြီလဲ။ လူထု ကျန်းမာရေး စောင့်ရှောက်မှုကို ဒေသတွင်း နိုင်ငံတွေ နည်းတူ သုံးစွဲ နိုင်ဖို့တော့ လိုပါတယ်။ ကျန်းမာရေး နဲ့ ပညာရေးမှာ သုံးစွဲမှုတွေဟာ ဖွံ့ဖြိုး ဆဲနိုင်ငံတွေမှာ ငွေယိုပေါက်ကို ပိတ်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ဒီဖြစ်ရပ်မှာ ပြဿနာရဲ့ အရင်းအမြစ်ကို သိထားရင် ကောင်းပါတယ်။ လူထု ကျန်းမာရေး စောင့်ရှောက် မှုကို အရှိန်မြှင့်ဖို့ လိုလာပါပြီ''ဟု Eleven Media Group မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ခဲ့ပါသည်။

source by : ELEVEN Media Group

ဖတ်ကြည့်ချင်သေးလား....

ခွင့်ပြုချက်မရှိရင် အတွေးကိုလည်း အရေးယူမယ်

Saturday, November 28, 2009 · 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ဧရာဝတီ |

ဖတ်ကြည့်ချင်သေးလား....

ရောင်းစားခံ လှေသမား နှစ်ဦး ထွက်ပြေး၊ ပွဲစား ပြန်မိ၍ သေလောက်အောင် ရိုက်နှက်ခံရ

Friday, November 27, 2009 · 0 ရဲ့ အမြင်

GHRE | ထိုင်းနိုင်ငံ တောင်ပိုင်း၊ လှေဆိပ် တစ်ခုတွင် ရောင်းစား ခံထားရာမှ ယမန်နေ့ နံနက်ပိုင်းက လှေလုပ်သားနှစ်ဦး ထွက်ပြေးစဉ် ပွဲစားများ ပြန်ဖမ်းမိသဖြင့် သေလောက်အောင် ထိုးနှက်နှိပ်စက်မှုကို ခံရကြောင်း မျက်မြင် တွေ့ရသူ အသက်(၁၉)နှစ် အရွယ် လှေအလုပ်သမား ကိုလေးက ပြောပြသည်။

“ဒီနေ့ မနက် စောစောကပါ။ ကျိုက်ထိုက ကိုဇင်သော် အသက်(၂၀)၀န်းကျင်နဲ့ နောက်တစ်ယောက်ပါ။ သူတို့ ထွက်ပြေးတာကို မွန်ပွဲစားတွေ မိသွားတယ်။ ရိုက်လိုက်တာဗျာ၊ မကြည့်ရက် စရာပဲ၊ သေလား ရှင်လားတော့ မသိဘူး။ ၀ိုင်းရိုက်ကြတာ။ တစ်ကိုယ်လုံး သွေးတွေ နီရဲနေတာပဲ။ အကြွေး ကျေပေမယ့်လည်း သွားမရဘူး။ ပုလိပ်ကို ဖမ်းခိုင်းပြီး ပြန်ရောင်းစားတယ်။ မသေမချင်း ခံရမယ့် သဘောပဲ”

ယင်းဖြစ်စဉ်နှင့် ထိုလှေဆိပ်၏ အနေအထားများကို ကိုလေးက ဖုန်းဖြင့် ပြောပြနေစဉ် “ဟုတ်ကဲ့ ဦးလေးနဲ့  မတွေ့ရသေးဘူး။ အဆင်ပြေပါတယ်။ နေကောင်းပါတယ်။ ဟုတ်ကဲ့၊ ကျနော်ရှာကြည့်လိုက်ပါမယ်။ ဟုတ်ကဲ့” ဟူသော စကားများကို ပြောဆိုနေပြီးနောက် “ကျနော် အခုစကားပြောနေတာကို ပွဲစားတွေမြင်သွားပြီ။ အဲဒါကြောင့် ကျနော်အိမ်နဲ့ စကားပြောနေသလိုမျိုး ပြောနေတာပါ။ ကျနော် ဖုန်းချ လိုက်တော့မယ်” ဟူ၍ စိုးရိမ်သော လေသံဖြင့် ပြောဆို နှုတ်ဆက်ပြီး လက်ကိုင်ဖုန်းကို ချသွားခဲ့သည်။

အဆိုပါ လှေဆိပ်တွင် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ ရောင်းစား ခံထားနေရသည်။ မြ၀တီ၊ ၀ါးတော ရပ်ကွက်တွင်နေသည့် ဒီကေဘီအေမှ ဗိုလ်အဆင့်ရှိသူတစ်ဦးက ဒိုင်ခံပြီး မြန်မာပြည် အနှံ့မှ ရောက်ရှိလာ သော မြန်မာနိုင်ငံသားများကို လူကုန်ကူးသူများနှင့် ဆက်သွယ်ရောင်းစားလေ့ရှိသည်။

မကြာသေးမီက ထွက်ပြေးလွတ်မြောက်လာသော ပဲခူးမြို့မှ ကိုသန့်ဇင်က “ကျနော်တို့ ၂၀၀၈ ဧပြီလ (၁၈)ရက်နေ့က မြ၀တီ၊ ၀ါးတောမှာ နေတဲ့ ဒီကေဘီအေက ဗိုလ်ကြီး အဆင့်ရှိသူက ကယ်ရီခဘတ် (၁၂၀၀၀)ဆိုပြီး ဈေးဖြတ်ပြီး ခေါ်လာခဲ့တာ။ မိန်းကလေး (၆)ယောက်အပါအ၀င် အားလုံးကျနော်တို့ လူနှစ်ဆယ်ကျော်တယ်။ လမ်းမှာ ငှက်ပျောသီးစားပြီး လာရတယ်။ ကောင်မလေးတွေကိုတော့ ဘန်ကောက်မှာ ရောင်းစားခဲ့တယ်။ ယောက်ျားတွေကိုတော့ ဒီလှေဆိပ်ကို ခေါ်လာပြီး ဘတ်(၂၂၀၀၀)နဲ့ လာရောင်းစားခဲ့တယ်”ဟု ပြောသည်။

လှေပေါ်တွင် ရောင်းစားခံထားရသော မြန်မာအလုပ်သမားများသည် နံနက်(၆)နာရီခန့်မှ စတင်ပြီး ပင်လယ်ပြင်သို့ ငါးဖမ်းလှေများဖြင့် ထွက်သွားရပြီး တစ်နေကုန် ငါးပိုက် လေကြိမ် ချကြရသည်။ မ၀ရေစာကိုသာ စားရပြီး မွန်လူမျိုး ငါးဆရာနှင့် ပိုက်ဆရာများကို နင်းနှိပ်ပေးရသည်။ ရောက်ခါစတွင် လှေမူး၍ အလုပ်မလုပ်နိုင်သော မြန်မာ အလုပ်သမားများအား ငါးများရေခဲစိမ်ရာတွင် အသုံးပြုသည့် ရေခဲခြင်းများ သုံးလေးခြင်းကုန်အောင် ခေါင်းပေါ်မှ ဆားငန်ရေများဖြင့် လောင်းချစေသည်။ တစ်နေ့တာ လုပ်ငန်းပြီးဆုံးပြီး ကမ်းသို့ ပြန်ကပ်သည့်အခါ ၀ယ်ယူထားသည့် ထိုင်းလှေပိုင်ရှင်များက ရောင်းစား ခံထားရသည့် မြန်မာလှေ လုပ်သားများကို သုံးဘီး ဆိုင်ကယ် ယာဉ်များဖြင့် လာရောက် ခေါ်ဆောင်ပြီး အခန်းတွင်း၌ လှောင်ပိတ် ထားကြသည်။

ထိုင်းလုပ်ငန်းရှင်များအား ရောင်းချထားသည့် ဘတ် (၂၂၀၀၀)ကျေပြီး ပြန်သွားလိုကြသော်လည်း သွားခွင့်မပြုပဲ ဒေသခံ ထိုင်းရဲများကို ပြန်လည်ဖမ်းဆီးစေလျှက် လှေများပေါ်သို့ ပြန်လည်ရောင်းချကြောင်း လွတ်မြောက်လာသူ ကိုသန့်ဇင်က ပြောသည်။

အဆိုပါ လှေဆိပ်မှ ပြန်လည် လွတ်မြောက် လာသူ အချို့ ရှိသော်လည်း အများစုမှာ ထွက်ပြေးလွတ် မြောက်နိုင်ခြင်း မရှိပေ။ အကြောင်းမှာ လူကုန်ကူးသည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များ ပတ်သက် ဆက်နွယ်မှု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း လွတ်မြောက်လာသူများက ပြောသည်။ ငါးဖမ်းလှေပေါ်မှ ပစ်ချခံရသော မြန်မာ အလုပ်သမားများ၏ ရုပ်အလောင်းများကို ပင်လယ်ပြင်တွင် မကြာမကြာ တွေ့ရလေ့ ရှိကြောင်း သိရသည်။

source by : ghre

ဖတ်ကြည့်ချင်သေးလား....

ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှ ပြည်သူများ၏ တိုင်ကြား စာများ

Thursday, November 26, 2009 · 0 ရဲ့ အမြင်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

ဖတ်ကြည့်ချင်သေးလား....

မလေးရှား ဆာဒန်း နယ်မြေမှာ ဒီနေ့ ဖြစ်သွားတဲ့ လူဖမ်းပွဲ (၂၄-၁၁-၀၉)

· 0 ရဲ့ အမြင်

သို့/
ဆရာလွဏ်း ...

ဒီနေ့ ကျနော်တို့ မလေးရှားက ဆာဒန်းဆိုတဲ့ နယ်မြေမှာ လူဖမ်းပွဲ လုပ်တယ်ဗျ။ မနက် (၆) နာရီထဲက ဖမ်းတာ တနေ့လုံးပါပဲ ဆရာ။ အခု ကျနော် အင်တာနက်သုံးဖို့အလာ လမ်းမှာလည်း ဖမ်းဖို့ ကားတွေက စောင့်နေသဗျ။ အရင်ကဆိုရင် ရဲတွေက ရဲကားတွေနဲ့ပတ်ပြီး အခုတော့ အရပ်သုံးကားတွေနဲ့ (အော်ပရာစီဆိုတဲ့) အော်ပရေး ရှင်းလုပ်ကြသဗျ။ ကျနော့်အိမ်နဲ့ အင်တာနက်ဆိုင်ကြားမှာ တပြလောက်ဝေးသဗျ။ အဲဒီမှာ ကားအနက် ပါဂျဲရိုး လိုကားနဲ့ စားသောက်ဆိုင် တွေကို ပတ်ပြီး လိုက်ကြည့်နေသဗျ။

မနက်ပိုင်းက အဖမ်းခံရတဲ့ အမျိုးသမီး တယောက်ရဲ့အပြောပေါ့ (ဗျူးကြည့်တာ)၊ ဘာကြောင့် ပြန်လွတ်လာသ လဲမေးတော့ (UNHCR) ကတ်ရှိလို့ ပြန်လွှတ်ပေးလိုက်ပါသတဲ့။ ကျန်တဲ့လူများအားလုံး အဖမ်းခံရပါတယ်။ အင် ဒိုနီးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ် လူမျိုးတွေ ပါဝင်ပါတယ်။ ထူးခြားတာက ဖမ်းတဲ့ အဖွဲ့ထဲမှာ မြန်မာ လူမျိုး (နှုတ်ခမ်းမွေးရှိ) ပါနေတာပါ။ သူက ရောင်ပြန်ပါတဲ့ အင်္ကျီကို ဝတ်ပြီး (ရဲတွေဝတ်သော အင်္ကျီ) ဘာကိုင်ထားလဲ (ပတ်စပို့လား၊ UNHCR ကတ်လား) လို့ မေးတယ်လို့ သိရပါတယ်။


အခု လက်ရှိ အခြေအနေမှာ မလေးရှားနဲ့ မြန်မာပေါင်းပြီး (camp) ထဲက လူတွေကို သံရုံးက လွှတ်ထားတဲ့ လူ တွေက မြန်မာပြည် ပြန်မလား မေးတယ်။ မြန်မာပြည် ပြန်ရောက်လို့ ၂၀၁၀ ရွေးကောက်ပွဲ ကျရင် သူတို့ပြောတဲ့ ဘက်ကို မဲထည့်ရမယ် ဆိုပြီး စည်းရုံး နေပါတယ်။ အဲဒါ လက်ခံရင် မလေးငွေ (၅၀၀)နဲ့ မြန်မာပြည်ပြန်အရောက် ပို့ပေးပါတယ်။ အဲလိုမဟုတ်ရင် Camp ထဲမှာ အကြာကြီး နေကြရပါတယ်။ အခုမနက်ကဖြစ်တဲ့ လူဖမ်းပွဲမှာ လည်း အဲလိုပဲ လုပ်နေတယ်လို့ သံသယရှိလို့ စုံစမ်း နေပါတယ်။ မြန်မာ အေးဂျင့် (သံရုံးက လွှတ်ထားသူနဲ့) မလေးရှား ရဲတွေ ပေါင်းပြီး လုပ်ကြံ နေတယ်လို့ ယူဆ ရပါတယ် ဆရာ။

ဘာမှ မရှိတဲ့ လူကို မလေးရှားငွေ (၅၀၀) ပေးရင် ချက်ချင်း လွှတ်ပေးပါတယ်။ ကျနော် သံသယ ဖြစ်တာက မြန်မာ လူမျိုး တယောက် စကားပြန် လိုလို ပါနေတာပါ ဆရာ။

စံနေမင်း (မလေးရှား)
(၂၄-၁၁-၀၉)

ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် မှ ရယူမျှဝေပါသည်။

ဖတ်ကြည့်ချင်သေးလား....

✤ အစိုးရ မွဲနေတာ သေချာတယ် ✤

· 0 ရဲ့ အမြင်

☎ မောင်ခိုင်လမ်းက အစိုးရ ဖုန်းရုံးမှ လုပ်စားချက် ☎

➼ ➼ မြန်မာပြည်တွင် မိုဘိုင်းဖုန်း(ဟမ်းဖုန်း) ကိုင် သူများ ဒုက္ခ တွေ့နေရပါတယ်။ ပိုက်ဆံ ရှိလို့ ကိုင်တယ် ဆိုပေမယ့် လိုအပ်လို့ ကိုင်ကြတာပါ အလုပ် အတွက်ပဲ ဖြစ်ဖြစ် လူမှု ဆက်သွယ်ရေး ကျန်းမာရေး လိုအပ်ချက်များကြောင့် ဟမ်းဖုန်း ကိုင်ကြခြင်း ဖြစ်ပါတယ်။ မောင်ခိုင် လမ်းရှိ အစိုးရ ဖုန်းရုံးရဲ့လုပ်စားချက်ကတော့ လက်လန် ပါတယ်။

နိုင်ငံခြားမှ ပြန်ရောက် လာသူ ၁ ယောက် ခံရပုံက ဒီလိုပါ... သူ့ဖုန်းက ပထမ ပိုက်ဆံ ဆောင်ဖို့ ကျန်တယ်ဆိုလို့ ဖုန်းကို ဖြတ်ထား ပါတယ် သူပြန်ရောက်ပြီး ပိုက်ဆံ ငါးသောင်း(၅၀၀၀၀) သွားသွင်း လိုက်ပါတယ် လက်ကျန်ငွေ ၆၀၀၀ ခြောက်ထောင်နဲ့ ဆို ၅၆၀၀၀ ပါ၊ ၁၀ ရက် လောက်ပဲ ပြောရ သေးတယ် ၂၇၀၀၀ ကုန်သွားလို့ ပိုက်ဆံ ၅၀၀၀၀ မကျန်တဲ့ အတွက် ဖုန်းလိုင်းဖြတ်မယ်လို့ massage ပို့ပါတယ် ၁၀ ရက် အတွင်း သူ ဒီလောက် မသုံးတဲ့ အတွက် ဒီလောက် ကျစရာ မရှိဘူးလို့ ပြောပြီး ဖုန်းဘေလ် အသေးစိတ် တွက်ခိုင်း ပါတယ် ယနေ့ ထိ ( ၃ ရက် ရှိပါပြီ) မတွက်ပေးပဲ ယောင်ဝါးဝါး လုပ်နေပါတယ်။ ဖုန်းလိုင်းဖြတ်မည် ဆိုးသောကြောင့် နောက်ထပ် ၅ သောင်း သွားသွင်း လိုက်ရ ပါတယ်။ အနိမ့်ဆုံး လက်ကျန် ၅ သောင်းရှိ ရမည်ဟု ပြောပါတယ် မရှိရင် ဖုန်းလိုင်းဖျက်မယ်လို့ ပြောပါတယ်။ ဖုန်းဘေလ်ကို သက်သက် ဆောင်ရပါတယ် ၅ သောင်းထဲက မလျှော့ပါဘူး စပေါ်တင်သလို ဖြစ်သွား ပါတယ် ကိုယ့်ဖုန်းကိုကိုယ် စပေါ်တင်ပြီး ကိုင်သလို ဖြစ်နေ ပါတယ်။ သူက မသိလို့ လိုက်စုံစမ်း ကြည့်တော့ တခြား သူတွေလည်း သူ့လိုပဲ ဆိုတာ သိရပါတယ်။ ကားပွဲစား ၁ ယောက်ဆိုရင် အသားတင် ၁ သိန်း သွင်းခိုင်း ပါတယ် ဖုန်းဘေလ် ကျသလောက် သက်သက်ဆောင် ရပါတယ်။ ဟိုတယ် လုပ်ငန်းရှင် အမျိုးသမီး တဦးကိုလည်း ၁ သိန်းခွဲ ဆောင်ခိုင်းပြီး ဖုန်းဘေလ်ကို ကျသလောက် သက်သက် ဆောင်ရပါတယ်။

➼ နောက်တခုက ဒီလ ဘေလ် ၂ သောင်းဖိုး (သို့) ၃သောင်းဖိုး ပြောဆိုပါက နောက်လတွင် ၁ သိန်း သွင်းခိုင်း ပါတယ် မသွင်းလျှင် ဖုန်းလိုင်း ဖြတ်မည်ဟု ပြောဆို ပါတယ်။ ဒီလ ၂ သောင်း (သို့) ၃ သောင်းဖိုး ပြောပေမယ့် နောက်လ ယခုလောက် ပြောချင်မှ ပြောပေမဲ့ ဒီဥပဒေကို သူလည်း နားမလည်ဘူးလို့ ပြောဆိုပါတယ် နိုင်ငံခြားတွင် ဆို ကိုယ်ပြောသလောက်သာ ကုန်ပါတယ် ဒီလို အပို တောင်းတာ မရှိတဲ့အပြင် အခါကြီး ရက်ကြီးများတွင် ၁၅ ဒေါ်လာဖိုး ဒေါ်လာ ၂၀ ဖိုး အပိုပေးတာမျိုးတောင် ရှိပါတယ်။

နောက်စပေါ် သဘောမျိုး သွင်းထား ရသော ၅ သောင်း ၊ ၁ သိန်း ကိုလည်း ဖုန်းမကိုင်တော့လျှင် ပြန်ပေး မပေးကိုတော့ သူလည်း ရှင်းရှင်း လင်းလင်း မသိဘူးဟု ပြောဆိုပါတယ်။ ဒီမြန်မာပြည် ဥပဒေ ကိုတော့ သူ နားမလည်တော့ဘူး ဒီအစိုးရ လုပ်ပုံကိုတော့ နားမလည် နိုင်အောင် ဖြစ်မိကြောင်း ပြောပါတယ်။ တီဗီထဲ သတင်းစာထဲတွင် အကောင်းများ ပြနေ သလောက် အပြင်တွင် တကယ် ဖြစ်ပျက် နေတာကိုတော့ စိတ်ပျက်မိကြောင်း ပြောဆို ပါတယ်။ ဒီလို ခံရတဲ့ လူတွေ အများကြီး ရှိကြောင်း ပြောဆိုပါတယ်။ ပြည်သူ လူထုကို အနုနည်းနှင့် နှိပ်စက် နေတာတော့ အမှန်ပင် ဖြစ်သည်။ ခံလိုက်ရသော ပြည်သူ လူထုမှ မကျေမနပ် ဖြစ်နေကြပြီး ဘယ်ကို ဘယ်လို မေးမြန်း တိုင်းတမ်း ရမှန်း မသိ ဖြစ်နေ ပါတယ်။ ဖုန်းလိုင်း ဖြတ်လိုက်လျှင်လည်း ဒုက္ခ ရောက်မည် ဆိုး၍ သည်းခံ နေကြ ရပါတယ်။

➼ ➼ နောက်ထပ် ကြားရသည့် သတင်းကတော့ နောက်နှစ် (၂၀၁၀) တွင် အိမ်ဖုန်းများပါ ယခု ကဲ့သို့ စပေါ် သဘောမျိုး သွင်းရမည်ဟု ကြားသိ နေရလို့ စိတ်အတော် ညစ်မိသည်ဟု ပြောဆို ပါတယ်။

ပေးပို့သူ မိတ်ဆွေ အား အထူး ကျေးဇူးတင် ရှိပါသည်။

ဖတ်ကြည့်ချင်သေးလား....

အားလုံး သတိထားရမယ့် ကိစ္စ

Tuesday, November 24, 2009 · 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

မိဘမဲ့ ဘ၀ ဖြစ်ချင်လိုက်တာ....

Sunday, November 22, 2009 · 0 ရဲ့ အမြင်

၁၉ ရက်နေ့ ည ၇ နာရီချိန်ခန့်တွင် လှည်းကူး မြို့နယ် မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် ကိုမင်းနိုင်ကို လှည်းကူးရဲ ရကတ/၃၅၇၅၁ တပ်ကြပ် ဝေဖြိုးဦးမှ ရန်ကုန်-ပဲခူးလမ်း ထောက်ကြန့်က ဆံပင်ညှပ်ဆိုင်ရှေ့တွင် NLD က မင်းနိုင် ဆိုတာ မင်းလား ဟုမေးရာ ကိုမင်းနိုင်မှ မင်းတို့က ရဲပဲ သိမှာ ပေါ့ကွာဟု ပြန်လည် ပြောဆို ရာတွင် NLD ကို ရဲက ရိုက်တယ်ကွာဟု ဆိုကာ မျက်နှာကို ဖိနပ်နဲ့ ၆ ချက် ၇ ချက်ခန့် ရိုက်မှု ဖြစ်ပွားခဲ့သည်။ အမှု ဖွင့်ထားတယ် ရိုက်မှု ဆိုတဲ့ အတွက် ဆေးစစ်ချက် သွားယူ ရတယ် မျက်နှာ အရိုက် ခံရတာကို သွေးရော ဆီးရော စစ်တယ် မူးနေတယ်လို့ ပြန်ဂွင်ဆင် နိုင်တယ် ရိုက်တဲ့ ရဲက မူးနေတယ် အရိုက်ခံရတဲ့ မင်းနိုင်က နားအူ နေလို့ နားဆေးရုံက ဆေးစစ်ချက် ထပ်၍သွားယူ နေရတယ်။ ။

အတိုက်အခံ ဆိုတာလည်း ပြည်သူ ပါပဲ မှားရင် ထောက်ပြ အမှန်တွေ့ရင် မမှန်ဘူး ပြောရဲတာ အတိုက်အခံ (ပြည်သူ) ပါပဲ။    ။
ပြည်သူ့ ရဲ ဆိုတာ အဲ့လို လုပ်လို့ ရလား ပြည်သူကို ကာကွယ်ဖို့လား နှိပ်စက်ဖို့လား။    ။ ဒီလို ပြည်သူ တွေကို အစိုးရ အဖွဲ့အစည်းတွေက နှိပ်စက် ညှင်းပန်းနေတာကို သိသိနဲ့ပဲ မသိချင်ယောင် ဆောင်နေတာလား တကယ် မသိတာလားလို့ မေးချင်လိုက်တာ
ဗိုလ်ချုပ်မှူးကြီးရယ်။        ။ မိဘ လို အုပ်ချုပ်တယ် တဲ့လား ပေါရိသာဒ လို မိဘ မျိုးလား ကွယ်။    ။တပ်မတော်သာ အမိ တပ်မတော်သာ အဖ တဲ့လား ကျွန်တော် မိဘမဲ့ ဖြစ်ချင် လိုက်တာ။    ။

ဖတ်ကြည့်ချင်သေးလား....

ကျနော်တို့လည်း ကလေးအခွင့်အရေး မရခဲ့ဘူး

Saturday, November 21, 2009 · 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ဧရာဝတီ |

ဖတ်ကြည့်ချင်သေးလား....

★ညီညွတ်ခြင်းသည် အင်အား★

Friday, November 20, 2009 · 0 ရဲ့ အမြင်

ဒီဇိုင်း ကိုမျိုး |

ဖတ်ကြည့်ချင်သေးလား....

မဃတ+၈၈+ဗကသ မှ ပူးပေါင်း ထုတ်ပြန် ကြေငြာချက်

Thursday, November 19, 2009 · 0 ရဲ့ အမြင်

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး၊
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ၊
ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။

ရှေ့မြန်မာ ပြည်သူ လူထု အကျိုးအတွက် ရှေ့ရှု ဆောင်ရွက်ကြရန် တိုက်တွန်းချက်။

စာအမှတ် - ၇/၂၀၀၉ (မဃတ+၈၈+ဗကသ)။
ရက်စွဲ - ၁၉/၁၁/၂၀၀၉။

(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည် ပေးစာနှင့် NLD ၏ ထုတ်ပြန်ချက်များ အရ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် အမျိုးသား ရင်ကြားစေ့ရေး အတွက် နိုင်ငံရေး စိတ်ဆန္ဒ ပြင်းပြစွာ ရှိရုံမျှမက အမျိုးသား အကျိုးစီးပွားကို ရှေ့ရှုပြီး နိုင်ငံတော် အတွက် အကျိုးရှိစေမည့် လုပ်ငန်းများ အတွက် နအဖနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်လိုကြောင်း။ ထိုသို့ ဆောင်ရွက်နိုင်ရေး အတွက် ဒေါ်အောင် ဆန်းစုကြည်နှင့် NLD CEC များတွေ့ဆုံခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းခွင့် ရရေး တောင်းဆိုချက်များသည် အလွန်တရာ သဘာဝကျပြီး အဓိပ္ပါယ် အပြည့်အ၀ ရှိသော၊ အပြုသဘော ဆောင်သော တောင်းဆိုချက်များ အဖြစ် ကျွန်ုပ်တို့မှ ရှုမြင်ပါသည်။

(၂) အမေရိကန် သမ္မတ ဘားရက် အိုဘားမား ကလည်း အာရှ ခရီးစဉ်တွင် “ကျနော် တို့ဟာ ညီညွတ်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာ ကြွယ်ဝသော၊ ဒီမိုကရေစီ ထွန်းကားသော မြန်မာနိုင်ငံ ဖြစ်လာရေးကို ထောက်ပံ့ အားပေးပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီ လမ်းကြောင်းကို ဦးတည် လာခဲ့ရင် အမေရိကန်ပြည်ထောင်စုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါတယ်။”ဟု ပြောခဲ့သည့် စကားများ အရ အနောက် နိုင်ငံများ၏ နအဖ စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ပပျောက် သွားစေရေး အတွက် လုပ်ဆောင် နိုင်သည့်၊ လုပ်ဆောင် ရမည့် အဓိက တာဝန်ရှိ သူမှာ နအဖ စစ်အစိုးရ ကိုယ်တိုင်ပင် ဖြစ်ကြောင်း သိသာ ထင်ရှား လှသည်။

(၃) လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမတ အိုဘားမားတို့က မြန်မာလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးကို ကိုယ်စား ပြုပြီး ယခုကဲ့သို့ အပြု သဘော ဆောင်သော ချဉ်းကပ်မှုများဖြင့် လက်တွဲ ညှိနှိုင်း ဖြေရှင်းရေး၊ ပြုပြင် ပြောင်းလဲရေး အတွက် တိုက်တွန်း ပန်ကြားချက်များ အပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အမြှော်အမြင်ရှိရှိ သဘောထား ကြီးကြီးထားပြီး တိုင်းပြည်နှင့် လူထု အကျိုး ကို ရှေ့ရှုကာ အချိန် မနှောင်းမီ အကောင်းဘက်သို့ ဦးတည်သည့် ပြုပြင် ပြောင်းလဲမှု များကို ဆွေးနွေး ညှိနှိုင်း ဖော်ဆောင် သင့်ပြီ ဖြစ်ကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ခြင်းသည် တိုင်းပြည်နှင့် လူထု အကျိုးအတွက် သာမက တပ်မတော်၏ ဂုဏ်သိက္ခာ အတွက်ပါ အကျိုးရှိစေ သဖြင့် အခွင့်အခါ ကောင်းကို မိမိ ရရ ဆုပ်ကိုင် သင့်ကြောင်း ကျွန်ုပ်တို့မှ ထပ်ဆင့် တိုက်တွန်း တောင်းဆို လိုက်သည်။

(၄) ကျွန်ုပ်တို့အနေဖြင့် ရွှေဂုံတိုင် ကြေညာ စာတမ်းအား ကျိုးကြောင်း ဆီလျှော် လက်တွေ့ ကျသော၊ နိုင်ငံရေး ဂုဏ်သိက္ခာ ရှိသော လူထု ရှေ့ဆောင် လမ်းစဉ် အဖြစ် အလေးအနက် ခံယူ သဘောထားကာ ထို ရွှေဂုံတိုင် ကြေညာ စာတမ်း သက်ဝင် လှုပ်ရှား နိုင်ရေး အတွက် ဒီမိုကရေစီ အင်အားစုများ အားလုံးနှင့်အတူ လက်တွဲ၍ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်။ ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လည်း ၁၉၉၀ ရွေးကောက် ပွဲတွင် ပြည်သူ လူထု တရပ်လုံးက ဒီမိုကရေစီရေး ဦးဆောင် ပါတီ အဖြစ် ရွေးချယ် တင်မြှောက် လိုက်သည့် မဲဆန္ဒရှင် ပြည်သူများ၏ မျှော်လင့်ချက်နှင့် ယုံကြည် ကိုးစားမှုများ အပေါ် မျက်ကွယ် မပြုဘဲ ရွှေဂုံတိုင် ကြေညာ စာတမ်းအား အခိုင်အမာ ကိုင်စွဲပြီး ပြည်သူနှင့် အတူ လက်တွဲ၊ ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည် လှုပ်ရှား သွားစေ လိုကြောင်း တိုက်တွန်း ပန်ကြား အပ်ပါသည်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ တပ်ပေါင်းစု အဖွဲ့ကြီး၊
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ၊
ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။

ဖတ်ကြည့်ချင်သေးလား....

ငြိမ်းချမ်းရေး မိခင်ကြီး

· 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

အကျဉ်းသူ တဦးရဲ့ ပါရမီဖြည့်ဘက်

· 0 ရဲ့ အမြင်

သန်းထိုက်ဦး | မမီးမီးကို နောက်ထပ် တခါ ထောင်ပြောင်း ရွှေ့လိုက်ပြန်ပြီ။ ယခုတခါ အလွန် ဝေးလံခေါင်းပါးသည့် ကသာထောင်သို့ ပြောင်းရွှေ့ လိုက်သည့် အတွက် လူအများက စိတ်မကောင်း ဖြစ်နေကြသည်။ လူအများ မသိသည့် အချက်ကတော့ မမီးမီးကို အခက်အခဲများကြားမှ ထောက်ပံ့ပေးနေသည့် ခင်ပွန်းသည် ကိုလှမိုး အကြောင်းဖြစ်သည်။

၂၀၀၇ သြဂုတ်လက လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုအတွက် တခြားသော ၈၈ ကျောင်းသား ခေါင်းဆောင်များနှင့်အတူ ဆန္ဒပြနေသည့် မမီးမီး
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် အသက် ၃၉ နှစ်အရွယ် မမီးမီး (ခေါ်) မသင်းသင်းအေးကို ထောင်ပြောင်း ရွှေ့သည်မှာ ယခု အကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်သည်။ သူ ဘယ်ထောင် ရောက်ရောက် စားဝတ် နေရေး အခက်အခဲ များကြားမှ ထောင်ဝင်စာ ပုံမှန်ပို့ကာ တလျှောက်လုံး ပံ့ပိုးပေးနေသည့် ခင်ပွန်းသည် ကိုလှမိုးမှာ ရန်ကုန်မြို့တွင် ကားပြင်သည့် အလုပ်ကို လုပ်ကိုင် နေသူ ဖြစ်သည်။

“ကသာ ထောင်ဆိုတော့ သွားရေး လာရေးက အရမ်းကို ခက်ခဲတယ်၊ သွားဖို့ လာဖို့ကိစ္စက လွယ်တဲ့ကိစ္စ မဟုတ် ဘူး” ဟု မမီးမီး၏ ခင်ပွန်းဖြစ်သူ အသက် ၄၀ ၀န်းကျင်အရွယ် ကိုလှမိုးက ဧရာဝတီသို့ ပြောသည်။

မမီးမီးကို စစ်အစိုးရ အာဏာပိုင်များက ဧရာဝတီတိုင်း ပုသိမ်ထောင်မှ ရန်ကုန် အင်းစိန်ထောင်သို့ ယခုလဆန်း ပိုင်း၌ ပြောင်းရွှေ့ခဲ့ပြီး တပတ်ခန့်အကြာတွင် မိုင်းပေါင်းများစွာဝေး၍ ကားတတန်၊ ရထားတတန် သွားရသော ကသာထောင်သို့ ထပ်မံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မမီးမီးသည် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် သြဂုတ်လတွင် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ကိုမင်းကိုနိုင် အပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် အာဏာပိုင်များက မမီးမီးကို လိုက်လံဖမ်းဆီးခဲ့ရာ အောက်တိုဘာလအတွင်း ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။

အင်းစိန်ထောင်၌ တနှစ်ကျော်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရား မဝင် အဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ အီလက်ထရွန်းနစ် ပုဒ်မတို့ အပါအဝင် ပုဒ်မအနည်းဆုံး ၅ ခုဖြင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ကာ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

“ခရီးစရိတ်၊ လမ်းစရိတ်၊ စားစရိတ် အဲဒါတွေက အများကြီး ကျန်သေးတယ်၊ အဲဒီအတွက် ကျနော့်မှာ အလုပ်တွေ အများကြီး ကြိုးစားရဦးမယ်၊ ကြိုးစားပြီးတော့ အဆင်ပြေတဲ့ တနေ့တော့ ကျနော် ထောင်ဝင်စာ သွားတွေ့မယ်” ဟု ကိုလှမိုးက ဆက်ပြောသည်။

ထောင်ပြောင်းရသည့် အကြောင်းရင်း ကိုတော့ ကိုလှမိုး အတိအကျ မသိခဲ့ရဟု ဆိုသည်။

“သူက ကျီးပေါင်းနဲ့ လေးဘက်နာ ရောဂါရှိတယ်ဆိုတော့ ပထမတော့ ကျန်းမာရေး မကောင်းလို့ ဆေးကုသပေးဖို့ ထောင်ပြောင်းပေးတယ်လို့ ထင်တာ။ နောက်တော့မှ အဲဒီလို မဟုတ်ဘူးဆိုတာ သိရတယ်။ ဘာကြောင့် ပြောင်းလိုက်တယ် ဆိုတာတော့ အခုထိ မသိရသေးဘူး” ဟု ကိုလှမိုးက ပြောသည်။

“ကျနော်သွားတွေ့တော့ သူ့ကိုမေးတယ် သူကလည်း ပြောင်းရတဲ့ အကြောင်းရင်းကို သူကိုယ်တိုင်လည်း မသိရသေးဘူး၊ ဘယ်သူမှလည်း သူ့ကို မပြောဘူးတဲ့” ဟု ၎င်းက ပြောသည်။ ထိုအချက်ကတော့ စစ်အစိုးရ အကျဉ်းထောင်များ၏ ထုံးစံပင်ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ စစ်အစိုးရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၆၈ ဦးရှိပြီး အမျိုးသမီး ၁၇၅ ဦးပါဝင်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသူများကို အခက်အခဲ ဒုက္ခအမျိုးမျိုးကြားမှ တောင့်ခံ ပံ့ပိုးပေးနေသည့် ကိုလှမိုးကဲ့သို့သော ခင်ပွန်းသည် များစွာ ရှိနေ နိုင်ပါသည်။

ဥပမာ တခုကိုပြရလျှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းသည် မိုက်ကယ်အဲရစ် ဖြစ်သည်။ နှစ်ရှည်လများ မြန်မာ့နိုင်ငံအရေး ဆောင်ရွက်ရင်း စစ်အစိုးရ ချမှတ်သည့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဇနီးသည်ကို မိုက်ကယ်အဲရစ်က စိတ်ဓာတ်အင်အားအတွက် သာမက ရုပ်ဝတ္ထုပစ္စည်းများပါ နောက်ခံပံ့ပိုးခဲ့သူဖြစ်သည်။

၁၉၉၉ ခုနှစ်အတွင်း၌ ဒေါက်တာ မိုက်ကယ်အဲရစ် ကင်ဆာရောဂါ အပြင်းအထန် ခံစားနေရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ရေးအတွက် ပြည်ဝင်ခွင့် လျှောက်ထားခဲ့သော်လည်း အာဏာပိုင်တို့က ခွင့်မပြုခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်းသည်၏ နောက်ဆုံးအချိန်တွင် ပြည်ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ မေတ္တာရပ်ခံသည့် စာတစောင် ရေးသားပေးပို့ခဲ့သည်။ ပြည်ဝင်ခွင့်ကို စောင့်ဆိုင်းနေသည့် ဒေါက်တာ မိုက်ကယ် အဲရစ်သည် သူ၏ အသက် ၅၃ နှစ်ပြည့် မွေးနေ့တွင် ကွယ်လွန်သွားခဲ့သည်။

စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် ဝေးကွာသည့် ထောင်များသို့ မကြာခဏ ပြောင်းရွှေ့လေ့ ရှိသည်။ နိုင်ငံရေး အကျဉ်းသားများကို ယခုကဲ့သို့ မိသားစုနှင့် ဝေးသည့် ထောင်များကို ပြောင်းရွှေ့ လိုက်ခြင်းသည် အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ခြင်း တမျိုးဖြစ်သည်ဟု နိုင်ငံရေး လှုပ်ရှားသူများက ဝေဖန်ကြသည်။

အထူးသဖြင့် မမီးမီးကဲ့သို့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့ပြီး ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အားလုံးကို အလွန်ဝေးကွာသော ထောင်များသို့ ရည်ရွယ်ချက် ရှိရှိ ပြောင်းရွှေ့နေခြင်း ဖြစ်သည်ဟု ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပြသည်။

အလွန်ဝေးကွာသော အရပ်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံ နိုင်ရန် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအတွက် အခက်အခဲတခုဖြစ်သည်။

မမီးမီး ပုသိမ်ထောင်တွင်ရှိစဉ် ကိုလှမိုးအနေနှင့် တလတကြိမ် ပုံမှန် သွားတွေ့ခွင့် ရခဲ့သော်လည်း သွားတွေ့သည့် အခါတိုင်းတွင် တကြိမ်လျှင် အလွန်ဆုံး မိနစ် ၂၀ ခန့်သာ တွေ့ ခွင့်ရသည်။

“ပုသိမ်မှာတုန်းက တလနေမှ တခေါက် သွားရတယ်။ စကားပြောတော့လည်း ဘေးမှာ လိုက်မှတ်တာတွေ ရှိနေ တော့ ကိုယ့်မိသာစုအရေး ဘာမှ လွတ်လွတ်လပ်လပ် စကား ပြောလို့မရဘူး၊ တွေ့ရတော့ လည်း ၁၅ မိနစ်၊ မိနစ် ၂၀ ဆိုတော့ အားမရဘူး” ဟု ၎င်းက ပြောသည်။

မမီးမီးက ကိုလှမိုး ထောင်ဝင်စာ လာတွေ့တိုင်း ဘုရား တရား စာအုပ်များ မှာလေ့ရှိကြောင်း သိရသည်။

“သူလုပ်ခဲ့တဲ့ အလုပ်၊ သူ့ ဂုဏ်သိက္ခာအတွက် သူ့ ခင်ပွန်း တယောက်အနေနဲ့ သွားတွေ့မှာပါ” ဟု ကိုလှမိုးက ပြောသည်။

အမှန် တကယ်တော့ ထို ဒုက္ခများသည် ကိုလှမိုးအတွက် ပထမဆုံးအကြိမ် ခံစားရသော ဒုက္ခများ မဟုတ်။ ၁၉၉၆ ခုနှစ် မမီးမီး ဒုတိယအကြိမ် ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး သာယာဝတီထောင်တွင် ၇ နှစ်ခန့် နေခဲ့ရစဉ် ကတည်းက လူမမယ် ကလေး ၂ ဦးနှင့်အတူ ကိုလှမိုးသည် မမီးမီးကို ပံ့ပိုးခဲ့သူဖြစ်သည်။ ထိုစဉ်ကတည်းက မမီးမီးမှာ အရိုးကျီးပေါင်းရောဂါနှင့် လေးဘက်နာ ရောဂါများ ခံစားခဲ့ရသည်။

မမီးမီးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သောကြောင့် အာဏာပိုင်များက ဖမ်းဆီးကာ ထောင်ဒဏ် ၃ လ ပထမအကြိမ် ကျခဲ့ဖူးသည်။

“ကျနော့်သားနဲ့ သမီးတွေက စိတ်ဓာတ်ပျော့ညံ့တဲ့ ကလေး တွေမဟုတ်ပါဘူး၊ အဖေရော အမေရော ဒီလောကသားတွေဆိုတော့ ထွေထွေထူးထူး သင်ပေးစရာမလိုတော့ဘူး၊ ၁၉၉၆ က မီးမီး သာယာဝတီ ထောင်မှာကျတော့ ကျနော့် သမီးက ၅ နှစ်ကျော်ကျော်၊ ကျနော့် သားက ၂ နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ အဲဒီအချိန်ကတည်းက ထောင်ဆိုတာကို ဒီကလေးတွေက ရင်နီးနေပြီ၊ နိုင်ငံရေးဆိုတာ တစွန်း တစ ဒီကလေးတွေ နားရေ၀နေပြီ” ဟု ကိုလှမိုးက ပြောသည်။

မမီးမီးသည် ၁၉၉၀ ခုနှစ်တွင် အခြေခံ အထက်တန်းကျောင်း အောင်မြင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုလှမိုးနှင့် အိမ်ထောင်ပြုခဲ့ရာ သမီးနှင့် သား ၂ ဦး ထွန်းကာခဲ့သည်။

ယခုလက်ရှိတွင် သားဖြစ်သူမှာ ၁၀ တန်း တက်နေကာ သမီးကမူ ဆယ်တန်းအောင်မြင်ခဲ့ပြီး တက္ကသိုလ် မတက်နိုင်သည့်အတွက် ဆရာတယောက်က ပညာ ဒါန ပြုထားကြောင်း သိရသည်။

“ကျနော်တို့ ဘ၀ တွေက ပြည့်စုံမှုတော့ မရှိပါဘူး” ဟု ကိုလှမိုးက ဆိုသည်။ သားသမီးများကို အုပ်ထိန်းရာတွင် မိသားစု စုံစုံလင်လင် မရှိသည့်အတွက် အခက်အခဲရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။

“သားသမီးတွေ အုပ်ထိန်းတဲ့နေရာမှာ ကျနော်ပဲ အဖေ၊ ကျနော်ပဲ အမေ ပုံစံနဲ့ အုပ်ထိန်းခဲ့ရတယ်။ အဖေ၊ အမေ စုံစုံလင်လင်ဆို ပိုပြီးတော့ သင့်တော်တာပေါ့။ မိသားစု နွေးထွေးမှုလည်း ပိုရှိတယ်၊ အခုဟာက တကွဲတပြား စီဆိုတော့ လစ်ဟာမှုတွေတော့ ရှိတယ်” ဟု ကိုလှမိုးက ဆက်ပြောသည်။

မမီးမီးနှင့်အတူ လူသိများထင်ရှားသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ မနီလာသိန်း၊ မမီးမီး အပါအ၀င် တခြားသော အဖွဲ့ဝင် ၂၂ ဦး သည် လွန်ခဲ့သည့် နှစ်အတွင်း ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။

ထောင်ဒဏ်ချမှတ်အပြီးတွင် မမီးမီးက ပြစ်ဒဏ်ချမှတ်သူ တရားသူကြီးကို “၆၅ နှစ်ပဲ လား” ဟု မထီမဲ့မြင် ပြန်၍ အော်ဟစ် ပြောဆိုခဲ့သည်ဟု ကြားသိခဲ့ရသည်။

“မီးမီးက စိတ်ဓာတ်အရတော့ တော်တော်လေး ကြံ့ခိုင်ပါတယ်၊ ကျန်းမာရေးကတော့ နည်းနည်းတော့ ညံ့တယ်” ဟု ပြောသည်။

အမျိုးသမီး တဦး ယခုကဲ့သို့ ထောင်ကျ နေသော်လည်း ခင်ပွန်းကောင်း တယောက် အနေနှင့် ပေးဆပ်နိုင် သလောက် ပေးဆပ် သွားမည်ဟု သူက ဆိုသည်။

“ကျနော်တို့ မိသားစုတွေ အနေနဲ့ ခင်ပွန်း တယောက် အနေနဲ့ ပေးဆပ် နိုင်သလောက် ပေးဆပ် နေမယ်၊ လုပ်ပေးနိုင် သလောက် လုပ်ပေးနေမယ်၊ ကျန်တဲ့လူ အများစုလည်း အဲဒီလိုပဲ အခက်အခဲတွေ ရှိကြမှာပဲ။ ဒါကို စိတ်မကောင်း စွာနဲ့ ရင်ဆိုင်ကြရမှာပဲ။ ဒါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မိသားစုတိုင်းမှာ ခံစားကြရတာပါ” ဟု ၎င်းက ပြောပြသည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

ဗိုလ်သန်းရွှေရဲ့ ဂို့စ်လမ်းပြ မြေပုံ၊ ကုပ်ချောင်းချောင်း စိတ္တဇနဲ့ ဘုရင်ရူး ရောဂါ

· 0 ရဲ့ အမြင်

ဗိုလ်သန်းရွှေရဲ့ ဂို့စ်လမ်းပြ မြေပုံ၊ ကုပ်ချောင်းချောင်း စိတ္တဇနဲ့ ဘုရင်ရူး ရောဂါ

ဒေါက်တာ လွဏ်းဆွေ | အာဏာသိမ်း အုပ်ချုပ်သက် (၂၁) နှစ် ကျော်လာပြီ ဖြစ်တဲ့ န၀တ/နအဖ စစ်အုပ်စုရဲ့ မကောင်းဆိုးဝါး သက္ကရာဇ် ဖလင်တွေကို နောက်ကြောင်း ပြန်ရစ်ကြည့်တဲ့ အခါမှာ အခု နအဖ စစ်အုပ်စု ပြောနေတဲ့ လမ်းပြ မြေပုံ (Road Map) မဟုတ်ဘဲ ထူးခြားတဲ့ နောက်ထပ် လမ်းပြမြေပုံ တခု ဆက်စပ် ပုံပေါ်လာတာကို တွေ့ရပါတယ်။ အဲဒီ လမ်းပြ မြေပုံဟာ နအဖရဲ့ လမ်းပြ မြေပုံလို ပေါ်ပေါ် ထင်ထင် ခေါင်းပြူ နေတာ မဟုတ်ဘဲ စစ်အုပ်စုရဲ့ နောက်ကွယ်မှာ တစ္ဆေသရဲ (Ghost) တကောင်လို တရိပ်ရိပ် ကပ်ပါလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂို့စ် လမ်းပြ မြေပုံရဲ့ ထူးခြားချက်က နအဖလို အုပ်စုတစုက စုပေါင်း အကောင်အထည်ဖော် နေခြင်းမျိုး မဟုတ်ဘဲ လူတဦး တယောက်တည်းက တိတ်တဆိတ် ကျိတ်ကြံပြီး ဉာဏ်နီ ဉာဏ်နက်ထုတ် လုပ်ဆောင် နေခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီဂို့စ် လမ်းပြ မြေပုံ အတိုင်း စိတ်ကူးယဉ် လျှောက်လှမ်း နေခဲ့သူကတော့ န၀တ/နအဖစစ်အုပ်စု ဖိနှိပ် အုပ်ချုပ်ခဲ့ချိန် တလျှောက် နှစ်အတော်ကြာ ကုပ်ချောင်းချောင်း နေခဲ့ပြီး နောက်ဆုံးမှာ အာဏာကို ကောင်းကောင်း ချုပ်ကိုင်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့၊ အိုမင်းရွတ်တွပြီး (သိရီလင်္ကာ အရောက် လေယာဉ်ပေါ်က တုန်ချိတုန်ချိ ဆင်းလာတာကို တွေ့လိုက်ရလို့ပါ) အခုအချိန်အထိ အာဏာကို ဆုပ်ကိုင်ထားဆဲ ဖြစ်တဲ့ ဗိုလ်သန်းရွှေပဲ ဖြစ်ပါတယ်။

တကယ်တော့ နအဖစစ်အုပ်စုက အကောင်အထည် ဖော်မယ်လို့ ကြွေးကြော်နေတဲ့ လမ်းပြမြေပုံ (၇) ချက်ဆိုတာ ဗိုလ်သန်းရွှေရဲ့ ကိုယ်ပိုင်လမ်းပြမြေပုံ (၇) ချက်ထဲက အချက်တချက်သာဖြစ်တာကို အခုအခါမှာ ထင်ထင်ရှားရှား တွေ့လာရပြီ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ သူတဦးတည်းရဲ့ ကိုယ်ပိုင် လမ်းပြမြေပုံ (ဂို့စ်လမ်းပြမြေပုံ) အောင်အောင်မြင်မြင် အကောင်အထည် ပေါ်လာဖို့ အတွက် ကုပ်ချောင်းချောင်း အမူအကျင့်နဲ့ တိတ်တိတ် ဆိတ်ဆိတ် နေထိုင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူ့ကို တခြား အာဏာသိမ်း စစ်အုပ်စုဝင် ဗိုလ်ချုပ် တွေက မခုတ်တတ်တဲ့ ကြောင်တကောင် (ငတုံးငအတယောက်) လို အမြင် ရောက်စေမယ့် ပုံစံမျိုးနဲ့ ကျင့်ကြံ နေထိုင်ရင်း သူ့ရဲ့ဂို့စ်လမ်းပြမြေပုံ ခရီးပေါက်အောင် ပါးပါးနပ်နပ် အားထုတ်နေခဲ့တာလို့ ပြောရင်လည်း မှားမယ် မဟုတ်ပါဘူး။

ဗိုလ်သန်းရွှေ တယောက် အဲသလို ကျင့်ကြံ အားထုတ် ခဲ့ရာမှာ ဂို့စ်လမ်းပြမြေပုံ ခရီး အတော် ပေါက်အောင် သူအသုံးချခဲ့တဲ့ သူတယောက် ရှိပါတယ်။ အဲဒီသူကတော့ အများသိကြပြီး ဖြစ်တဲ့ နေရာတကာ ကိုပါရာ လုပ်ခဲ့သူ ဗိုလ်ခင်ညွန့်ပဲ ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့် အနေနဲ့ တမိုးလုံး ဖျောက်ဆိတ် လုပ်ခွင့် ရခဲ့တဲ့ အချိန်တုန်းက ကွေးနေအောင် နန်းစတော့ပ် ကနေခဲ့ရလို့ အသုံးချခံ ဖြစ်ခဲ့မှန်း သတိထား မိချင်မှ ထားမိမှာ ဖြစ်ပေမယ့် အခုလို ဆိုင်းငံ့ထောင်နန်းစံဘ၀မှာတော့ ဗိုလ်သန်းရွှေ အသုံးချတာကို ခံလိုက်ရမှန်း ရိပ်မိသိရှိပြီး သတိ သံဝေဂတွေ အတော် ရနေလောက်ပြီလို့ ထင်မိပါတယ် (တက်ကြွ ခဲ့တဲ့ ကြက်ဖ ဘ၀ကို ပြန်တွေး မိတိုင်း စိတ်အနာကြီးနာ၊ အရှက်ကြီး ရှက်ပြီး နံရံကို လက်သီးနဲ့ တနေ့ အချက် တရာလောက် ထိုးနေလေရော့ သလားတော့ မပြောတတ်)။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုလ်သန်းရွှေ ကတော့ ကျေးဇူးရှင် ဗိုလ်ခင်ညွန့်ရဲ့ ကောင်းမှုနဲ့ သူ့ရဲ့ ကိုယ်ပိုင် လမ်းပြ မြေပုံ (၇) ချက် ခရီး အတော် ပေါက်ခဲ့ပြီ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေဟာ သူ့ရဲ့ ကိုယ်ပိုင်လမ်းပြမြေပုံ (၇) ချက်ထဲက …

အဆင့် (၁) - န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချကာ ဥက္ကဋ္ဌနေရာကို တက်ယူခြင်း။
အဆင့် (၂) - ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် မြင့်အောင်တို့လို စီနီယာတိုင်းမှူးအုပ်စုနဲ့ ဗိုလ်ချုပ် တင်ဦး၊ ဗိုလ်ချုပ် သီဟသူရစစ်မောင်၊ ဗိုလ်ချုပ် ၀င်းမြင့်တို့လို့ ဂျူနီယာသမားများကို ဖြုတ်ထုတ်သတ်ခြင်း။
အဆင့် (၃) - တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခြင်း။
အဆင့် (၄) - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံအင်အားစုများကို အမှည့်ခြွေခြွေခြင်း … ဆိုတဲ့ အဆင့်တွေကို အကောင်အထည်ဖော်ရာမှာ ဗိုလ်ခင်ညွန့်ကို ရှေ့တန်းတင်ပွဲထုတ်ပြီး နောက်ကွယ်ကနေ ကုပ်ချောင်းချောင်း အမူအကျင့်နဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ တနည်းအားဖြင့် ဗိုလ်ခင်ညွန့်ကို စိတ်ရှိလက်ရှိ ကွေးနေအောင် ကခွင့်ပေးထားပြီး မာန်တက်ပြီး မြောက်ကြွကြွဖြစ်နေတဲ့ အချိန်ကျမှ ကိုယ်ပိုင်လမ်းပြမြေပုံ အဆင့်တဆင့်အနေနဲ့ သူသတ်မှတ်ထားတဲ့ …

အဆင့် (၅) - ဗိုလ်ချုပ်ခင်ညွန့်ကို ကန်ထုတ်ခြင်း … ဆိုတဲ့အဆင့်မှာ ခြင်းလုံးတော့သလို တကယ့်ကို အသာအယာလေး ကန်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။

ဗိုလ်ခင်ညွန့်ကို ကန့်လန့်ကာနောက်ကွယ် ပို့ပြီးတဲ့အခါမှာတော့ သူ့အတွက် ရန်စွယ်အတော်များများ ရှင်းလင်းသွားပြီမို့ ဗိုလ်သန်းရွှေဟာ သူ့ရဲ့အန္တိမရည်မှန်းချက်ဖြစ်တဲ့ ဘုရင်ရူးရောဂါကို ပြေပျောက်စေမယ့် …

အဆင့် (၆) - နေပြည်တော်စီမံကိန်းနှင့် (ဗိုလ်ခင်ညွန့်ကို မသိမသာ အစပျိုးခိုင်းခဲ့တဲ့) နအဖရဲ့ လမ်းပြမြေပုံကို အကောင်အထည်ဖော်ခြင်း … ဆိုတာတွေကို ဆက်လက်လုံးပန်းပါတော့တယ်။ အခုအခါမှာ နေပြည်တော်စီမံကိန်းကလည်း အတော်အတန် ခရီးပေါက်နေပြီမို့ ၂၀၁၀ မှာ အတုအယောင် ရွေးကောက်ပွဲကြီးကျင်းပပြီး သူ့ကိုယ်ပိုင်လမ်းပြမြေပုံရဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ …

အဆင့် (၇) - အခြေခံဥပဒေနည်းကျ စစ်အာဏာရှင်ဘုရင်စနစ်ဖြင့် တိုင်းပြည်ကို ထာဝရ စစ်ကျွန်ပြုအုပ်ချုပ်ခြင်း … ဆီကို ချီတက်ဖို့ စိုင်းပြင်းလုပ်ဆောင်နေပြီဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်အောင်လည်း ညောင်နှစ်ပင်ဖွဲ့စည်းပုံဆိုတဲ့ အခြေခံဥပေဒတော်ကြီးကို အတိုက်အခံများ တုပ်တုပ်မျှမလှုပ်နိုင်အောင် သူ့စိတ်ကြိုက် ရေးဆွဲစေခဲ့ပါတယ်။

ဘုရင်ရူး ဗိုလ်သန်းရွှေ စိတ်ကူးယဉ်နေတဲ့ ဂို့စ်လမ်းပြမြေပုံကြီး ဖြစ်မြောက်အောင်မြင်သွားလို့ အတိုက်အခံတွေ အနားတောင် မသီနိုင်ဘူးပဲ ထားပါတော့ …။ အနို့ … အခြားအခြားသော စစ်တပ်က မောင်မင်းကြီးသား ကိုယ်တော်ချောများရော ဗိုလ်သန်းရွှေရဲ့ ရာဇပလ္လင်မှာ ဆက်ခံနိုင်မယ့် အခွင့်အရေးများ ရှိရဲ့လားဆိုတာကို အခုတလော မြင်တွေ့ကြားသိနေရတဲ့ သတင်းပလင်းတွေကြောင့် စိတ်ဝင်တစားဖြစ်နေမိပါတယ်။

သိရီလင်္ကာခရီးစဉ်မှာ ပြည်သူ့ချဉ်ဖတ်ဖြစ်နေတဲ့ မြေးတော် နေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကို အတော်ပွဲထုတ်တာ တွေ့ရတဲ့အပြင် ပြည်တွင်းမှာလည်း မြေးတော်လေးရဲ့ အနိုင်ကျင့်ဗိုလ်ကျတဲ့ သတင်းတွေကို မကြာမကြာ ဖတ်နေရလေတော့ ဗိုလ်သန်းရွှေ စိတ်ကူးယဉ်နေတဲ့ “အဆင့် (၇) - အခြေခံဥပဒေနည်းကျ စစ်အာဏာရှင်ဘုရင်စနစ်ဖြင့် တိုင်းပြည်ကို ထာဝရ စစ်ကျွန်ပြုအုပ်ချုပ်ခြင်း” … ဆိုတာ ကျန်တဲ့ စစ်ဗိုလ်တွေအတွက် မဟုတ်ဘဲ သူ ပစားပေးထားတဲ့ မြေးတော် နေရွှေသွေးအောင်လေးနဲ့ ဆွေစဉ်မျိုးဆက် ထီးနန်းဆက်ခံဖို့ပဲ ရည်ရွယ်တာလားဆိုတာကို သံသယ၀င်လာမိပါတယ်။

ကုပ်ချောင်းချောင်း စိတ္တဇ ဝေဒနာသည် အဘိုး လက်ထက် မှာတောင် စီနီယာ ဗိုလ်ချုပ်တွေ၊ ဂျူနီယာ ဗိုလ်ချုပ်တွေကို ဖြုတ်ထုတ်သတ် ခဲ့တာမို့ အဘိုးထက် နှစ်ဆသာမယ့် အရူံးဘုံမြှောက်လေး လက်ထက်ကျရင်တော့ မဖွယ်မရာတွေ ကောက်စားပြီး (ပြည်သူတွေ၊ အတိုက်အခံတွေ မဆိုထားနဲ့) ဗိုလ်ချုပ် မောင်အေး၊ ဗိုလ်ချုပ် ရွှေမန်း၊ ဗိုလ်ချုပ် တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ် သိန်းစိန် …….စသူ စသူတို့ရဲ့ အမျိုးအဆွေ ကိုပါ ဖြုတ်ထုတ်သတ် တာတွေ မလုပ်လာဘူးလို့ ဘယ်သူ အာမခံနိုင် မလဲနော်။ အဲသလို တွေးပူနေမိတဲ့ အတွက်ကြောင့် နိုင်ငံနဲ့ ပြည်သူကို ချစ်စိတ်ရှိတဲ့ ဗိုလ်ချုပ်တွေများ ရှိနေသေးတယ်ဆိုရင်ဖြင့် ဗိုလ်ချုပ်များရဲ့ နောင်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ် အတွက် ဘုရင်ရူး ရောဂါ အရှိန်တက် နေတဲ့ ဗိုလ်သန်းရွှေနဲ့ ဆွေတော် မျိုးတော် အားလုံးကို (ဒီအတိုင်း လွှတ်မထားဘဲ) အမြန် လက်ဦးမှု ယူပါ။ ပြီးရင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပြီး တိုင်းပြည်ကို ကယ်တင်ပါလို့ အကြံပြု တိုက်တွန်း လိုက်ရပါတယ်။

source by : ခေတ်ပြိုင်

ဖတ်ကြည့်ချင်သေးလား....

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည့်၏ စာနှင့် ပူးတွဲ အထူး ကြေငြာချက်

Tuesday, November 17, 2009 · 0 ရဲ့ အမြင်

ရုပ်ပုံ ပေါ်ကလစ်နှိပ်၍ အကြီးကြည့်ပါ။

ဖတ်ကြည့်ချင်သေးလား....

တို့ကတော့ တည့်တည့်ပဲ ပြောတတ်တယ်

· 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ဧရာဝတီ |

ဖတ်ကြည့်ချင်သေးလား....

ဆူပူမှုဖြင့် ဒီမိုကရေစီရနိုင်တဲ့လေ...

Monday, November 16, 2009 · 0 ရဲ့ အမြင်

ကိုညိုကြီး ဆီမှ ရယူမျှဝေပါသည်။

ဖတ်ကြည့်ချင်သေးလား....

Mr Creator ရဲ့ အဖေ .. ဆူလေပြီ ။

· 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

ဗိုလ်ချုပ်မှူးကြီး၏ သီရိလင်္ကာ ဘုရားဖူး ခရီး

Saturday, November 14, 2009 · 0 ရဲ့ အမြင်

မိုးမခ | ဓါတ်ပုံ များပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

၂ဝဝ၄ ခုနှစ်နောက်ပိုင်း ပြည်ပသို့ ပထမဦးဆုံး အကြိမ် ခရီးထွက်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သီရိလင်္ကာသို့ ရောက်ရှိနေသည်။ သီရိလင်္ကာမှ လာသော သတင်းများ အရ ဗိုလ်ချုပ်မှူးကြီးသည် ဘုရားကျောင်းကန်များသို့ သွားရောက်လျက်ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ ပြန်မည့် တနင်္ဂနွေနေ့တွင် ကိုလံဘိုမြို့ပြင်ရှိ ဘုန်းကြီးကျောင်း တခုသို့ သွားရောက်ပြီး သံဃာများကို ဖူးမြော်မည်ဟု AFP သတင်း တပုဒ်တွင် ရေးထားသည်။ (ဓာတ်ပုံများ-Getty Images)
1

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓံသရဏံ ဂန်းဆာမိပါဘုရား

Friday, November 13, 2009 · 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ဧရာဝတီ |

ဖတ်ကြည့်ချင်သေးလား....

အမျိုးသားနေ့ NLD ရုံးချုပ် အခမ်းအနား

Thursday, November 12, 2009 · 0 ရဲ့ အမြင်

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

ဝါရင့်နိုင်ငံရေး လုပ်ဖေါ် ကိုင်ဖက်များမှ ကြေငြာချက်။

· 0 ရဲ့ အမြင်

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ၈၉ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်

· 0 ရဲ့ အမြင်

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

အမျိုးသားနေ့ ရေဒီယို ကမ်းပိန်း

Wednesday, November 11, 2009 · 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

တန်ဆောင်တိုင် လပြည့်နေ့ က သန်လျင်မြို့မှ လှုပ်ရှားမှု

· 0 ရဲ့ အမြင်

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

ဒီဓါတ်ပုံတွေက တန်ဆောင်တိုင် လပြည့်နေ့က သန်လျင် ကျိုက်ခေါက် ဘုရားမှာ ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ အင်္ဂါ အသင်းက သစ်သီးဆွမ်း အတွက် ပုံဖော်ထားတဲ့ သစ်သီးတွေပါ။ အဲဒီမှာ ဗိုလ်ချုပ် အောင်ဆန်း ပုံကို ဖရဲသီးမှာ ထွင်းပြီး သစ်သီးစင်မှာ တင်ထားလို့ အင်္ဂါ အသင်း တာဝန်ရှိသူတွေကို သက်ဆိုင်ရာက နှစ်ရက် ခေါ်စစ် ပါတယ်။ စရဖ နဲ့ SB ခရက အဖွဲ့တွေကပါ။ 2010 ပုံကို လည်း ဆီမီးထွန်း ပါတယ်။ ဗိုလ်ချုပ်ပုံ ထွင်းထားတဲ့ သစ်သီး ကိုလည်း ချက်ချင်း စွန့်ခိုင်းပါတယ်။ ဗိုလ်ချုပ် ပုံတောင် ဒီလောက် ကြောက်နေတယ် ။ ဗိုလ်ချုပ်သာ သေရွာက ထ လာရင် ဘယ်လို နေမလည်း မသိဘူး။ မနက်ခင်း စတုဒီသာ ကျွေးတဲ့ ပုံလေးတွေပါ။

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */