ဆရာဝန်ကြီး လူနာအား ခွဲစိတ် ပြီးနောက်နေ့တွင် တစ်ကြိမ်သာ လာရောက် ကြည့်ရှု ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီတွင် လူနာ ကွယ်လွန် သွားခဲ့ ကြောင်းသိရသည်။ ခွဲစိတ်ပြီးသည်မှ စ၍ သေဆုံးသည် အထိ လူနာမှာ နာကျင်သည့် ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း သိရသည်။
လူနာသည် သွေးလွန် တုပ်ကွေး ဖြစ်နေကြောင်း ကျောက်ကပ် ပျက်စီး ပီး အသည်းကြီးကာ နှလုံးလည်း ထိခိုက် သွားကြောင်း အထူးကု ဆေးခန်း ကြီးရှိ တာဝန်ရှိ ဆရာဝန်အချို့က မိခင်ဖြစ်သူအား ပြောပြခဲ့ကြောင်း သွေးလွန် တုပ်ကွေးအား သေချာ မစစ်ဘဲ ဆရာဝန်ကြီးမှ မှားခွဲ မိခြင်းလားဟု မိခင် ဖြစ်သူက အထူးကု ဆေးခန်းကြီးရှိ တာဝန်ရှိ ဆရာဝန် အချို့အား မေးမြန်းရာတွင် ဘာမျ ပြန်မပြောနိုင်ကြောင်း သိရသည်။
''မှားယွင်း ကုသပြီး မိမိအမှား အတွက် မိမိ ဂုဏ်သိက္ခာ ကျဆင်းမှာ စိုးလို့ပဲဖြစ်ဖြစ် လူနာရှင် တွေဘက် က ငွေကြေး မတတ်နိုင်တာကို စိုးလို့ပဲ ဖြစ်ဖြစ် ဖိဖိစီးစီး ကုသဖို့ကို ဆက်မလုပ်ဆောင်ဘဲ လက်လွှတ်စပယ် ပစ်ထားခဲ့တာ၊ တာဝန် မယူခဲ့တာတွေ အတွက် နောက်လူတွေ အခုလို မခံစားရအောင် မနစ်နာရအောင် အပြုသဘော ဆောင်ပြီး အခု ဖြစ်စဉ်တွေကို ပြောပြရတာပါ''ဟု သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်ချိုချိုမြင့်က ဆိုပါသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ အထူးကု ဆေးခန်းကြီးအား Weekly Eleven News ဂျာနယ်မှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန် ရှိသူ တစ်ဦးက ''ဘာမှ ပြောပိုင်ခွင့် မရှိပါဘူး''ဟု ပြန်လည် ပြောကြား ခဲ့ပါသည်။
''အသက်အရွယ် ကြီးရင့် နေတဲ့ ဆရာဝန်ကြီးတွေ အနေနဲ့ ကိုယ့် အသက်အရွယ်နဲ့ လုပ်နိုင် စွမ်းရည်ရှိ မရှိကို မိမိကိုယ် မိမိ ချင့်ချိန်စဉ်းစား ကုသသင့် ပါတယ်''ဟု သေဆုံးသူ လူနာ၏ ဖခင်ဖြစ်သူ ဦးဌေးအောင် က ဆိုပါသည်။
![]() |
လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင် ခန့်ကလည်း ကလေး တစ်ဦးဖျားနာ သည်ကို ပန်းနာ ပျောက်ဆေးများ ပေးခဲ့ သောကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့သည့် ဖြစ်ရပ် ရှိခဲ့ဖူးကြောင်း၊ အဆိုပါ ဖြစ်ရပ်တွင်လည်း ဆရာဝန် များက လူနာအတွက် အဓိကအချိန် မပေးနိုင်မှုနှင့် ငွေကိုသာ အဓိကထား နေခြင်းများသည် မဖြစ်သင့်ကြောင်း၊ ဆရာဝန် မှားပါက အသက်ပေါင်း များစွာ ဆုံးရှုံး နိုင်ကြောင်း ဖြစ်ရပ်မှန် တို့ကို နှိုင်းယှဉ်ကာ လေ့လာသူ တစ်ဦးက ဝေဖန် သုံးသပ်ပြခဲ့သည်။
''ဒီကိစ္စမှာ ကျွန်တော်တို့ လေ့လာသိရှိ ရသလောက် ဆရာဝန်ကြီးရဲ့ အမှားတစ်ခုတည်း မကဘဲ အဲဒီ ဆေးခန်းရဲ့ တာဝန်မဲ့ ပြုမူမှု (Professional negligence) ကိုလည်း ထည့်စဉ်း စားရမယ်။ ဗိုက်အောင့်တာ တစ်ခုတည်းနဲ့ ခွဲစိတ် ဆရာဝန်ကို လွှဲရရောလား။ မခွဲခင် လိုအပ်တဲ့ Investigation တွေလုပ်ဖို့ ဘယ်သူ့မှာ တာဝန် ရှိသလဲ။ ဒီဆေးရုံ၊ ဆေးခန်းအချို့က ဆရာဝန်ကြီးတွေရဲ့ မျက်နှာတစ်ခု တည်းကိုပဲ ကြည့်တာ။ လူနာရဲ့ အသက်၊ လူနာရဲ့ ခံစားမှုကို ထည့်မတွက်တာ။ လူမှုရေးကိုတောင် မတွက်ဘဲ ငွေယူရက်တယ်။ postop ကာလမှာ ပေါ့လျော့မှုတွေ ရှိနေ တယ်။ ၀မ်းနည်းစရာတွေ ထပ်မဖြစ်ဖို့ ကာကွယ်မှုတွေ လုပ်သင့်ပါ တယ်''ဟု ဂျာနယ်လစ် တစ်ဦးက ပြောကြားခဲ့သည်။
၎င်းကပင် ဆက်လက် ပြောကြားခဲ့ရာ ''မမှားသောရှေ့နေ၊ မသေသော ဆေးသမား ဆိုတာ မရှိပါဘူး။ ကိုယ့်ကို ဆေးကုတဲ့ ဆေးဆရာကို ဘာပဲ ဖြစ်လာဖြစ်လာ လက်ခံကြတာ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာပါ။ ဒီလို တရားစွဲတာ မျိုးတွေ မလုပ် စေချင်ပါဘူး။ ငါဆိုတဲ့ တလွဲမာန်တွေနဲ့ လက်တစ်ဆုပ်စာ ဆရာဝန်ကြီး တချို့နဲ့ ဆရာဝန်ကြီးတွေရဲ့ မျက်နှာတစ်ခု တည်းကိုပဲကြည့်ပြီး၊ ကိုယ့်ဆေးရုံ ဆေးခန်းမှာ ဒီဆရာဝန်ကြီးတွေ ထိုင်ဖို့ အတွက်ပဲ ကြိုးပမ်းနေတဲ့ ဆေးရုံ ဆေးခန်းကြီး တချို့ကြောင့်သာ ဖြစ်နေရတာတွေပါ။ ဒါတွေကို အရေးယူဖို့ ဘယ်လိုစဉ်းစားကြမလဲ။ နိုင်ငံခြား က ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာ ကိုယ်ပိုင် ဆရာဝန်ကြီးတွေ ရှိတယ်။ ဒီမှာက ကိုယ်ပိုင် ဆရာဝန်တွေ မရှိလို့ အစိုးရ ဆေးရုံကြီးတွေက ဆရာဝန်ကြီး တွေကို အချိန်ပိုင်းနဲ့ ငှားရမ်းအသုံးပြု နေရလို့ အခုလို လူနာတွေကို အချိန် မပေးနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေ ရတာပါ''ဟု ဆိုပါသည်။
ပုဂ္ဂလိက ဆေးရုံ ဆေးခန်းကြီး များနှင့် ပတ်သက်၍ ၀ါရင့် ဂျာနယ်လစ်ကြီး တစ်ဦးက သုံးသပ်ခဲ့ရာ''ဆေးရုံ ကြီး အချို့ရဲ့ ၀င်ငွေက ကျပ်ငွေ ဘီလျံပေါင်း များစွာရှိတာပါ။ ဒါပေမယ့် ငွေမပေးနိုင်ဘဲ ထွက်ပြေးသွားမယ့် လူနာတွေအတွက် သူတို့ဆုံးရှုံးမှာ ပူပန်မှုက တစ်ခါတစ်ခါမှာ လူနာ တွေ၊ လူနာရှင်တွေ အတွက် ဘယ်လောက် ထိခိုက် နာကျင်စေသလဲ ဆိုတာ ထည့်မတွက်ဘူး။ အရေးပေါ် အခြေအနေမှာ ရောက်လာတဲ့ လူနာ တွေကို သူတို့ ဆက်ဆံရေးက လူသား မဆန်ဘူး။ ဆရာဝန်ကြီးတွေရဲ့ မျက်နှာ တစ်ခုတည်း ကြည့်ပြီး လူနာတွေ ကို ဆက်ဆံတဲ့ အတွက် လူနာတွေ ဘယ်လောက် ခံစားရသလဲ သူတို့ မစဉ်းစားဘူး။ ဆရာဝန်ကြီးတွေလည်း ဆင်ခြင်သင့် ပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ့်တပည့်တွေ အတု ခိုးမှားကြရင် အသက်တစ်ချောင်း မဟုတ်ဘူး။ အသက်ပေါင်း များစွာပါ''ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ''မြန်မာ နိုင်ငံမှာ က ၀န်ဆောင်ခ စရိတ် ဈေးကြီးတာ က တစ်ကြောင်း၊ awareness မရှိတာက တစ်ကြောင်း ခွဲစိတ်ကုသမှု မပြုလုပ်မီ စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ကြတာ အရမ်းအားနည်း တယ်လို့ သုံးသပ်ရပါတယ်။ ခွဲစိတ်မှု မပြုလုပ်ခင်မှာ သွေးဖြူဥ စစ်ဆေး ခြင်း(CP)၊ ကျောက်ကပ် စစ်ဆေးခြင်း၊ သွေးခုန်နှုန်းစစ်ခြင်းစတဲ့ အခြေခံကျကျ စဉ်းစားဖို့လိုတဲ့ စစ်ဆေးမှု တွေကိုတော့ မဖြစ်မနေ ပြုလုပ်ဖို့ လို အပ်ပါတယ်။ လတ်တလောအချိန် မှာ ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်ခြင်း မရှိဘဲ သီရေတာဝင်ကြတဲ့ ခွဲစိတ်မှု တွေလည်း ရှိနေကြပါတယ်။ ဒီလို ခွဲစိတ်မှုတွေက လူနာရဲ့အသက် တစ်ချောင်းအတွက် အရမ်းအန္တရာယ် များပါတယ်။ ခွဲစိတ်မှုတွေ မပြုလုပ်မီ စနစ်တကျ ကြိုတင်စစ်ဆေး စမ်းသပ်မှုတွေ ပြုလုပ်မှသာ ခွဲစိတ်ခန်းအတွင်း ဖြစ်ပေါ်လာမယ့် မတော်တဆမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်''ဟု ဒေါက်တာ ခင်မောင်ဝင်း ကပြောကြားခဲ့ပါသည်။
''ဂျာနယ် တစ်ခုက မေးဖူးပါတယ်။ ရန်ကုန်မြို့က ပြင်ပ နာမည်ကြီး ဆေးခန်းကြီး တစ်ခုမှာ အင်မတန် နာမည်ကြီးတဲ့ အထူးကု ဆရာဝန်ကြီး တစ်ယောက်ဟာ ညနေဘက် နှစ်နာရီ အတွင်းမှာပဲ လူနာ ၃၀၀ ကို ကြည့်ရှု ပေးနေတာကို ဘယ် လို သဘောထားပါ သလဲတဲ့။ ကျွန်တော်က ကြည့်တဲ့သူအပေါ်မှာ မူတည် တယ်လို့။ နောက် ရောဂါ အခြေ အနေနဲ့ လူနာဟောင်း တွေကို ကြည့်ရှု ရတဲ့ အပေါ်မှာ လည်း မူတည်ပါတယ်လို့ ။ စဉ်းစား ကြည့်ပေါ့ဗျာ။ မိနစ် ၁၂၀ မှာ လူ ၃၀၀ ကြည့်ရှုတယ် ဆိုတော့ လူတစ်ယောက်ကို မိနစ်ဝက် တောင် အချိန်ပေးနိုင်မှာ မဟုတ်ပါ ဘူး။ အဲဒီတော့ ဖြစ်နိုင် မဖြစ်နိုင် ခင်ဗျားတို့ ဘာသာ စဉ်းစားကြည့်ကြ ပါ၊ သူဟာနဲ့သူ ကြည့်နိုင်တယ် ဆိုရင် သူ့ရဲ့အတတ်ပညာ အတွေ့အကြုံနဲ့ သူ့ရဲ့စွမ်းအင်နဲ့ ကြည့်ရှုသွားတဲ့ အပိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ အနေနဲ့ အချိန်ပေးတာ နည်းတယ် ထင်ရင် သွားမပြ ကြနဲ့ပေါ့။ အချိန် များများ ပေးတဲ့ ဆရာဝန်ဆီကို သွားကြ ပါလို့ ။ ကိုယ်သိချင်တာ တွေကို မေး မြန်းနိုင် ဆွေးနွေး နိုင်မယ့် ဆရာဝန်တွေ ဆီမှာ ပြသလို့ ရပါတယ်။ ဆရာဝန် တစ်ယောက် နာမည်ကြီးပြီဆိုရင် လူနာတွေ ကလည်း အဲဒီ ဆရာဝန်ဆီ ကိုပဲစုပြုံပြီး လိုက်တိုးနေကြပါတယ်။ ကိုယ့်ရောဂါနဲ့ စပ်ဟပ်သလား မစဉ်းစား တော့ဘဲ နှလုံး အထူးကု ဆရာဝန် ဆီမှာလည်း ဗိုက်နာတာကို သွားပြ လိုက်ကြတာပဲ။ လူနာတွေ ဘက်က လည်းအထူးကုလို့ နာမည်ကြီးတိုင်း သူနဲ့ပြသမှ ဖြစ်တော့မှာပဲ ဆိုတဲ့ စိတ်တွေ မမွေးမြူကြပါနဲ့''ဟု အခြေခံသမား ကျင့်ဝတ်နှင့် ဆေးပညာ ကျင့်ဝတ်ဆိုင်ရာ ဆောင်းပါးများ စာအုပ်မှ ပါမောက္ခ သမားတော်ကြီး ဦးလှမြင့်၏ ဆေးလောကသားများသို့ပန်ကြားချက် ထဲတွင် ဖော်ပြထားချက် အရ သိရသည်။
source by : ELEVEN Media Group
0 ရဲ့ အမြင်:
Post a Comment