ယမန်နေ့ ညနေ (၅)နာရီခန့်က ပန်းရံဆိုဒ် အတွင်းရှိ အလုပ်သမားနေအိမ်များသို့ ထိုင်းရဲများ ၀င်ရောက်လာသဖြင့် အသက် (၁၂)နှစ်အရွယ် ကလေးအလုပ်သမား မမြင့်မြင့်စမ်းမှာ ခြေဦးတည့်ရာ ထွက်ပြေးရင်း ပါသောင်ချောင်းအတွင်း ရေနစ်နေခဲ့သည်။ အမဖြစ်သူ မညိုညိုစမ်း အသက်(၂၀)နှစ်က မြင်တွေ့ပြီး စိုးရိမ်စိတ်ဖြင့် ရေမကူးတတ်ဘဲ ဆင်းဆယ်ရာမှ ညီမနှစ်ဦးစလုံး ရေနစ်ပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။
သေဆုံးသူများမှာ မြန်မာနိုင်ငံ၊ တနင်္လာရီတိုင်း၊ လောင်လုံမြို့ နယ်မှ ဦးမြင့်သိန်းနှင့် ဒေါ်မတင်ဝေတို့၏ သမီးငယ်များ ဖြစ်ကြပြီး မိသားစုများနှင့်အတူ နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြသူများ ဖြစ်သည်။
မျက်မြင်တစ်ဦးဖြစ်သူ ကိုခိုင်သန်းက “လူနေတဲ့ တန်းလျားကို လာပြီးအလုပ်သမားတွေကို ၀င်ဖမ်းတယ်။ ပုလိပ် (၉) ယောက်လောက် ရှိပါတယ်။ ကားက (၂)စီးပါ။ လူ (၁၅)ယောက်လောက် ဖမ်းယူသွားပါတယ်။ မနက်ကတော့ ငွေပေးပြီး ရွေးလာကြလို့ ပြန်ရောက်နေကြပါပြီ၊ စီမံချက်နဲ့ ဖမ်းတယ်ထင်ပါတယ်” ဟုပြောသည်။
ညီအမနှစ်ဦးမှာ မသေသင့်ဘဲ သေရခြင်းဖြစ်ပြီး ဆင်းဆယ်မည့် သူများကို ရဲများမှ တားဆီး ထားသည်ဟုလည်း ကိုခိုင်သန်းက ဆက်ပြောပြသည်။
အဆိုပါ အလောင်းများကို ယနေ့မွန်းလွဲပိုင်းတွင် ပါသောင်ရှိ ပထိုးမြို့ ဘုန်းတော်ကြီးကျောင်းတွင် မီးသဂြိုဟ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းရံဆိုဒ်တွင် မြန်မာအလုပ် ပေါင်း (၃၅၀)ကျော်ရှိပြီး ထက်ဝက် ကျော်ခန့်မှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လုပ်ထားကြသော်လည်း ရဲများနှင့် ရင်မဆိုင်လိုသဖြင့် အားလုံးလိုလို ထွက်ပြေးကြကြောင်း အလုပ်သမားများက ပြောကြသည်။
source by : GRE









0 ရဲ့ အမြင်:
Post a Comment