ဖဆပလ ခေတ်၊ မဆလ ခေတ်၊ န၀တ ခေတ်၊ နအဖ ခေတ်၊ ခေတ်လေးခေတ်ကို ဖြတ်သန်းခဲ့ရသည့် မြန်မာ့ လွတ်လပ်ရေး၊ နှစ်အားဖြင့် (၆၂) နှစ်ပြည့်ခဲ့ပြီ၊ ဘယ် ခေတ်အခါနှင့်မှ မတူအောင် အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိနေသည့်ကတော့ ယနေ့ ကျွန်ုပ်တို့ သင်တို့ မျက်ဝါး ထင်ထင် ရင်ဆိုင် ကြုံတွေ့ နေကြရသည့် နအဖ စစ်အာဏာရှင် ခေတ်ဆိုး ခေတ်ပျက်ကြီး၊ ဒီခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ သင်တို့ တစ်တွေ လူဖြစ်လာကြတယ်၊ တိုင်းပြည်မှာ ပညာတတ်တွေ ရှားပါး ပျောက်ကွယ် မျိုးသုဉ်းတော့မည့် အခြေအနေ၊ အကျင့်ပျက်၊ စာရိတ္တ ယိုယွင်းမှုတွေက တစ်တိုင်း တစ်ပြည်လုံးမှာ ပြန့်နှံ့၊ ကြီးနိုင်ငယ်ညှဉ်း တိရိစ္ဆာန်ဝါဒတွေက ခေတ်စား၊ လူသားတစ်ယောက်ရဲ့ တန်ဖိုး၊ ဂုဏ်သိက္ခာ၊ လူ့အသက် တစ်ချောင်း ဆိုတာလဲ တိရိစ္ဆာန် တစ်ကောင်လောက်မျှ တန်ဖိုး မရှိတော့သည့် ဘ၀ အခြေအနေ။
ဗိုလ်ချုပ် ချမှတ်ခဲ့သော လမ်းစဉ်သည် စစ်တပ်သည် တိုင်းပြည် အတွက် ဖြစ်ရမည်၊ တိုင်းပြည်သည် စစ်တပ်အတွက် မဖြစ်စေရ၊ အရာရာ အားလုံးသည် စစ်တပ် အတွက် ဖြစ်နေသော တိုင်းပြည်သည် အဘယ်မှာလျှင် ကြီးပွား တိုးတက် တော့မည်နည်း၊ ဗိုလ်ချုပ် ထူထောင်ခဲ့သော ဗမာ တပ်မတော်သည် မြန်မာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ထောက်ခံမှု အပြည့်အ၀ ရရှိခဲ့သော တပ်မတော် ဖြစ်သည်။ သန်းရွှေ တည်ထောင်ထားသော ယနေ့ခေတ် တပ်မတော်သည် မြောင်းထဲရောက်နေရုံမက တွေ့သည့်နေရာတွင် ခွေးပါမကျန် အဟောင်ခံ နေရသည့် ဘ၀မျိုး ဖြစ်နေကြပေပြီ၊ စစ်အာဏာရှင် တစ်ကိုယ်ကောင်း အတ္တ၀ါဒီ သမားများ တိုင်းပြည်တွင် အာဏာ ရလာသည့် အခါ တပ်မတော်သည် အာဏာရှင်တပ်မတော်ဖြစ်လာသည်။ လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျသည့် စိတ်ယုတ် စိတ်မိုက်တို့ ထွန်းကား ပြန့်ပွားလာသည်။ ပြည်သူကို အမျိုးမျိုးသော လက်နက်ကြီးငယ် ဟူသမျှတို့နှင့် ခြိမ်းခြောက်ပြီး အကြောက် တရားများ ကိန်းအောင်း နေအောင် ပြုမူ လုပ်ဆောင်ထား၏၊ တိုင်းပြည်မှ ရသမျှ ဘဏ္ဍာကြေးငွေတို့ကို စစ်လက်နက် အမျိုးမျိုး ၀ယ်ယူကာ ဖြုန်းတီးပစ်၏။ အမှန်တကယ် လိုအပ်လျှက်ရှိသော ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုး တိုးတက်ရေး စသည့် နေရာများ၌ အသုံးမပြု၊ စစ်အာဏာရှင်တို့၏ဖိစီးနှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံစားနေကြရသော မြန်မာပြည်သူတို့၏ဘ၀သည် နှစ်၊ လ၊ ရက်တို့ ကြာညောင်း လာသည့် အခါ ပရုတ်လုံး ကဲ့သို့ လုံးပါးပါးသည့် ဘ၀ အခြေသို့ ဆိုက်ရောက် နေကြပေပြီ။
မြန်မာပြည်၏ လက်ရှိနိုင်ငံရေးပြဿနာသည် မိမိတာဝန် မိမိကျေပြွန်စွာ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ကြလျှင် အခက်အခဲမှန်သမျှ ပြေလည် ဖြေရှင်းနိုင်မည်ဖြစ်သည်။ စစ်တပ်၏တာဝန်သည် နိုင်ငံတော်၏လွတ်လပ်ရေးကို ကာကွယ် ပေးရမည့် တာဝန် ဖြစ်သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို အုပ်ချုပ်ရမည့် တာဝန် မဟုတ်၊ အုပ်ချုပ်ရေးကို လုပ်ချင်သည့် ဆန္ဒ ရှိခဲ့လျှင်၊ အုပ်ချုပ်နိုင်သည့် အရည်အချင်းရှိခဲ့လျှင် လွတ်လပ်သောပြည်သူတစ်ယောက်အဖြစ်ဖြင့် ပြည်သူတွေရဲ့ထောက်ခံမှု အပြည့်အ၀ရရှိအောင် ကြိုးစား ဆောင်ရွက် နိုင်ပေသည်။ ဒါကိုပင် ဒီမိုကရေစီ စနစ်ဟု ခေါ်ဆိုသည်။ စစ်အာဏာရှင် စနစ်သည် တိုင်းပြည် အတွက် ဘာတစ်ခုမှ ကောင်းကျိုး မဖြစ်သည်ကို လွန်ခဲ့သည့် အနှစ်(၄၀) ကျော်က သက်သေ ပြခဲ့ပြီ ဖြစ်သည်၊ ဒီစစ်အာဏာရှင်ကိုပဲ နောက်တစ်ခါ အသက်ပြန်သွင်းဖို့ အာဏာရှင်တွေက ကြိုးပမ်းဆောင်ရွက်နေကြလေပြီ။အဓိကအရေးကြီးသည်မှာ ပြည်သူတွေ လမ်းမှာ မလိုက် မိကြဖို့ လိုသည်။ အတွေးတစ်ချက်မှားလျှင်ဖြင့် တစ်သက်စာ သားစဉ်မျိုးဆက် ဘ၀ပျက်မည့် ကိန်းသို့ ဆိုက်ရောက်မည် ဆိုသည်ကို သိရှိ နားလည် သဘောပေါက် ကြရမည်ဖြစ်သည်။ အာဏာရှင်ကို မိမိတို့ ဘုံရည်မှန်းချက် တူညီစွာဖြင့် တိုက်ဖျက် ပစ်ကြရမည်ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ကျွန်ုပ်တို့၏ အဘိုးအဘွားများ၏ အသက် သွေးချွေး ပေးဆပ်ကာ အရ ယူပေးခဲ့သော အမိ မြန်မာပြည် လွတ်လပ်ရေး၏ အနှစ်သာရကို ပြန်လည် ဖော်ဆောင်ရေးသည် ကျွန်ုပ်တို့ အားလုံး၏ တာဝန်သာဖြစ်သည်။ အမှန်တကယ် လွတ်လပ်ပြီး အမှန်တကယ် အနှစ်သာရ ပြည့်ဝသည့် လွတ်လပ်ရေး ရရှိအောင်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး စနစ် ထွန်းကားအောင်၊ တာဝန်သိ ပြည်သူ တစ်ယောက်ချင်း စီမှသည် တာဝန်ရှိ ပြည်သူ တစ်ယောက် အဖြစ် မိမိ တိုင်းပြည်၊ လူမျိုး၊ ဂုဏ်သိက္ခာ၊ လွတ်လပ်ခြင်း တို့ကို ဖော်ဆောင်ကြရန် အချိန်ကျရောက်ြပီ ဖြစ်ပါကြောင်း...................။။
တက္ကသိုလ် မြတ်မင်းနွယ်(ရန်ကုန်)
၀၄.၀၁.၂၀၁၀









0 ရဲ့ အမြင်:
Post a Comment