၂၃.၁၂.၂၀၀၉
မြန်မာ ပြည်ကြီး၏ ကံကြမ္မာသည် အသက် ထွက်ခါနီး လူမမာ တစ်ယောက် ပမာ ဖုတ်လှိုက် ဖုတ်လှိုက် အခြေအနေ၊ လူတိုင်း ရင်မှာတော့ သောက အထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာ ကိုယ်စီ ဆွဲထားခြင်းကို ခံနေကြရပြီ၊ ထမင်းရည် တစ်ခွက်ကို နတ်သုဒ္ဓါလို ထင်မှတ်ကာ သောက်ဖို့ ချောင်းနေကြတဲ့ သူတောင်းစား ခွက်ပျောက်တွေ ကလဲ အလျှိုလျှို ပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့ မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွား အမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်း များစွာနဲ့ ……….။
ဒီလို ပြော ဒီလို မောရင်း ငါတို့ရဲ့ တန်ဘိုးရှိတဲ့ ဘ၀တွေကို အဆုံးသတ် ခံကြတော့ မလား၊ ငါတို့ဟာ ငတုံး ငညံ့တွေ အဖြစ် ငါတို့ရဲ့ သားစဉ် မျိုးဆက်တွေ အတွက် ချန်ထားရစ် ခဲ့ကြတော့ မလား၊ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်း မရှိကြတော့တဲ့ လူသားတွေ အဖြစ် မိမိကိုယ် မိမိ သတ်မှတ် လိုက်ကြပြီလား၊ မကောင်းမှန်းလဲ သိတယ်၊ မဖြစ်သင့်မှန်းလဲ သိတယ်၊ မကြိုက်လဲလုပ် ကြိုက်လဲ လုပ်ဆိုတဲ့ တရား မျှတမှု ကင်းမဲ့တဲ့ မတရားတဲ့ အမိန့် အာဏာကို ဖီဆန်ရဲတဲ့ သတ္တိ၊ အမှန်တရားကို ဖော်ထုတ် ရဲတဲ့ သတ္တိတွေ မပြ ကြတော့ ဘူးလား၊ သာကီ မျိုးဟေ့ ဒို့ဗမာ ဆိုတာတွေရော ပုံပြင်တွေ အဖြစ် စာအုပ် တွေထဲမှာ ကျန်ရစ်ခဲ့ ကုန်ပြီလား …….။
မြန်မာ ပြည်သည် စစ်တပ် အုပ်ချုပ်မှု အောက်မှာ ပြားပြားမှောက် ခဲ့ရသဖြင့် အဆင့်အတန်း မမီ ဆင်းရဲမွဲတေသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကို ခဏတာ ဘေးဖယ်ထားပြီး တိုင်းပြည် တစ်ခုရဲ့ အသက် သွေးကြော ဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတာတွေ ဘယ် အဆင့်အတန်း ရောက်နေသလဲ ဆိုတာ ဝေးဝေး လံလံ ပြေးကြည့်စရာ မလိုပါ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရုံနဲ့ လင်းကနဲ ရှင်းကနဲ တွေ့မြင် နိုင်ပါတယ်။ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခ အထွေထွေကို လျစ်လျူရှုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ် တွေမှာတော့ စည်းဇိမ်ခံ ယစ်မူးလို့ သွေးရူးသွေးတမ်း ထထအော်နေကြဆဲ။
ပညာမဲ့သူ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်က ပညာမဲ့တဲ့ တိုင်းပြည် ဖြစ်လာတယ်၊ လူရမ်းကား လူမိုက်တွေ တိုင်းပြည် အုပ်ချုပ်တော့ တိုင်းပြည်မှာ သူခိုးဂျပိုး လူမိုက် လူရမ်းကားတွေ ပေါများ လာတယ်၊ ကြီးနိုင် ငယ်ညှင်း ဆိုတဲ့ တိရိစ္ဆာန် ၀ါဒတွေ ခေတ်စား လာတယ်၊ ဗုဒ္ဓ ဘာသာ ကြီးစိုးတဲ့ တိုင်းပြည်၊ ကိုယ်ချင်းစာ တရားတွေ အပ်ကြောင်း ထပ်နေအောင် ထားစရာ နေရာ မရှိ လောက်အောင် ပြန့်နှံ့ ခဲ့သည့် တိုင်းပြည်၊ ဒီတိုင်းပြည်မှာ ဒီနေ့ ဒီတရားတွေ မရှိတော့ဘူး၊ အာဏာနဲ့ ငွေရှိဖို့ပဲ လိုတယ် ကျန်တာတွေ ဘာတစ်ခုမှ အရေးမကြီးဆိုသည့် မှားယွင်းသည့် အယူအဆတွေ၊ အဓမ္မတွေ လူငယ်တွေကြားမှာ ပြန့်နှံ့ စီးဝင်လျှက် ရှိနေပေပြီ။ ဒီလို တရားမရှိ ထင်ရာစိုင်း အုပ်ချုပ်နေတဲ့ သူတွေက တည်ဆောက် ပါမယ် ဆိုတဲ့ ဒီမိုကရေစီက ဘာဒီမိုကရေစီလဲ ဆိုတာ တိရိစ္ဆာန်ပင် နားလည်နိုင်မည် ထင်ပါသည်။
မဟုတ်မဟတ် ယုံတမ်း စကား ပလီပလာ မာယာ ပရိယာယ် အသွယ်သွယ်နဲ့ စုံလင်စွာ ၀ါဒဖြန့် ဇာတ်လိုက်ကျော် အဖွဲ့ဟူ၍ ကမ္ဘာပေါ်တွင် ထင်ရှားသည့် နအဖ ခေါ်သည့် စစ်အုပ်စုသည် သန်း(၅၀) ကျော်သော ပြည်သူတွေကို ၂၀၁၀ သေတွင်း မီးလောင်တိုက် ထဲသို့ ပို့ဆောင် နေကြပြီ ဖြစ်သည်။ နာဇီ ဂျာမန် ဟစ်တလာသည် ဂျူး လူမျိုးတို့အား မီးလောင် တိုက်သွင်းခြင်းက တစ်ကြိမ် တစ်ခါသာ သေခဲ့ ကြရသည်။ ၂၀၁၀ မီးလောင်တိုက် ကတော့ သားစဉ် မျိုးဆက် အကြိမ်ကြိမ် သေကြရမည့် မီးလောင်တိုက်ကြီး တစ်ခု ဖြစ်နေသည်ကို သိရှိ နားလည် သဘောပေါက်ကြရန် အထူး အရေးကြီး လှပေသည်။
တိုင်းပြည် တစ်ခု ပြုပြင် ပြောင်းလဲရေးသည် တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ စိတ်စေတနာဖြူစင်စွာနဲ့ လုပ်ဆောင်ဖို့ အရေးကြီး ပေသည်။ အချင်းချင်း သစ္စာ ရှိရမည်၊ အပြန်အလှန် နားလည်မှု တည်ဆောက် ကြရမည်။ ပြည်သူလူထု အကျိုးကို ရှေ့ရှုပြီး တိုင်းပြည် အကျိုး စီးပွားကို အတူတကွ အားလုံး ပူပေါင်း ပါဝင်နိုင်အောင် လုပ်ဆောင်ရမည်။ တစ်ယူသန်၊တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း အစွန်းရောက်ဝါဒ၊ လူမျိုး မုန်းတီးရေး ၀ါဒ တွေကို စွန့်လွတ် ကြရမည်၊ စစ်သည်သာ ကိုးကွယ်ရာ စစ်သည်သာ အားထားရာ ဟူသည့် ဆင်ကန်း တောတိုး စရိုက်တွေကို ပြုပြင် ပြောင်းလဲ ပစ်ရမည် ဖြစ်သည်။
ထိုကဲသို့သော ယုံကြည်မှုမျိုးကို တည်ဆောက်ဖို့ မကြိုးစားပဲ အမှန်တရားသည် သေဒဏ် အဖြစ် သတ်မှတ်ကာ လက်နက် အားကိုး အာဏာ အားကိုးပြီး တိုင်းပြည်နှင့် လူမျိုးအပေါ် ညှင်းပမ်း နှိပ်စက် ထင်တိုင်း ကြဲကြဦးမည် ဆိုပါက ။
၂၃.၁၂.၂၀၀၉









0 ရဲ့ အမြင်:
Post a Comment