လူတစ်ဦး တစ်ယောက် သေဆုံးပြီးလျှင် အထူးသဖြင့် မိသားစုဝင်များက သေဆုံးသူ မည်သည့် ဘုံဘ၀ ရောက်ရှိ နေကြောင်းကို နတ်ဆရာ အမည် ခံထားသူ များနှင့် အကြားအမြင် ရသူများထံတွင် မေးမြန်းမှုများ ပိုမို တွင်ကျယ်လာကြောင်း သိရသည်။
ထိုကဲ့သို့ တမလွန် ဘုံဘ၀ မေးမြန်းမှုများ နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ ကွယ်လွန် ပြီးနောက် မည်သည့် ဘုံဘ၀ ရောက်ရှိ နေကြောင်း သန်လျှင်ရှိ ဘိုးတော် တစ်ဦးထံ သွားရောက် မေးမြန်းခဲ့သည့် ဒုတိယနှစ် ဂျီတီစီ ကျောင်းသူ တစ်ဦးက “သမီး အဖေ က သြဂုတ်လက ဆုံးသွားတာ အဲဒါနေ့တိုင်း ၀မ်းနည်း ရတယ်၊ ဒါနဲ့ အိမ်နီး နားချင်း တစ်ယောက်က ပြောတယ် သန်လျှင်က နတ်ဆရာက တမလွန် ဘ၀ ဟောတာ မှန်တယ် ဆိုတာနဲ့ သွားမေး ဖြစ်တယ်။ မေးကြတဲ့ သူတွေတော့ ရှိတယ်။သူကတော့ အဖေ့ ကို နတ်ပြည် ရောက်နေပြီလို့ ပြောတယ်။ တချို့ ကတော့ ဂျပန်မှာ လူပြန် ဖြစ်နေတယ်တို့၊ နောက် ဘ၀ မကူးသေးဘူး တောင်ကြီး ဘက်မှာ ခဏ နေနေ တယ်တို့ ဟောတယ် ။ သူကတော့ နတ်ပူး သလို လုပ်ပြီး ယုံအောင် ပြောတယ် ။ ယုံကြတဲ့ သူတွေ လဲ ရှိတယ် သမီးတော့ သိပ်မယုံဘူး ဟု Freedom News Group သို့ ပြောသည်။
နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းတွင် ရန်ကုန် အနီး တ၀ိုက် ရှိ မြို့ရွာများ ဖြစ်သည့် ကွမ်းခြံကုန်း ၊ ခရမ်း ၊သုံးခွ ၊လှည်းကူး ၊ စစ်ပင် စသည့် ဒေသများ တွင် သေဆုံး သွားသည့် မိသားစုဝင်များ မည်သည့် ဘုံဘ၀ရောက် ရှိနေကြောင်း နီးစပ်ရာ အကြားအမြင် ရသူများမှ တစ်ဆင့် မေးမြန်းရာမှ တစ်စတစ်စ တွင်ကျယ် လာခြင်း ဖြစ်သည်။
ဆိပ်ကြီး မြို့နယ်တွင် နေပြီး မင်္ဂလာတောင်ညွန့်တွင် အကြားအမြင် ဟောသူ တစ်ဦးက “ဆရာကတော့ ကြားတာ မြင်တာပဲ ဟောတာပါ မကြားတာ မမြင်တာ မဟောပါဘူး ။ သမထ ပိုင်းကို အလေးထားတယ်။ အဓိက ဗေဒင် လက္ခဏာရပ် တွေ ဟောပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကားမှောက် လို့ သေသွားတဲ့ မိသားစု ၀င်တွေကို သူတို့ ရောက်နေတဲ့ တမလွန် ဘုံတွေ ဟောပေး လိုက်လို့ ဆရာ့ ဆီမှာ လူဝင်များတာပါ။“ ဟု ပြောသည်။
အချို့ အကြားအမြင်ဟော ဆရာများမှာ ကနားစီး သူများနှင့် ဘိုးတော်များ မှ တစ်ဆင့် နတ်ပူးသည် ဟု အမည်ခံကာ ဟောပြောကြခြင်း ဖြစ်သည်။ ရန်ကုန်မြို့ ၃၈ လမ်းဈေးရှိ ဈေးသည် တစ်ဦးကမူ “မမှန်တာတွေ လည်း ရှိတယ် တချို့က လုပ်စားတာ အသံတုနဲ့ လူတွေ ကတော့ သူတို့ကို စိတ်ချမ်းသာ အောင် လုပ်ပေးကြတယ် ဆိုပြီး အလှူငွေတွေ ဘာတွေ အများကြီးထည့် တယ် ဟု ပြောသည်။
အကြားအမြင်ရ ဆရာများ ထံတွင် မေးမြန်းသူ အများစုမှာ မိသားစုဝင်များ တမလွန် ဘ၀ နှင့် ပတ်သက်ပြီး မေးမြန်း သကဲ့သို့ အချို့မှာလည်း စီးပွားရေး ၊ မိသားစု ရေး များနှင့် ပတ်သက်ပြီး မေးမြန်းသည်ဟု သိရသည်။
မြန်မာ နိုင်ငံတွင် ပြည်သူများမှာ ရိုးရာဓလေ့ အရ ထိုသို့ သော အယူများကို သက်ဝင် ယုံကြည်များရှိ သကဲ့ သို့  လက်ရှိအုပ်ချုပ်နေ သည့် စစ်အစိုးရ ခေါင်းဆောင် ပိုင်းများတွင်လည်း ဘိုးတော် ၊ နတ်ဆရာ စသည် တို့ ကို အားကိုး မှုကြောင့် ပြည်သူ များတွင် ထို အယူအဆ များမှာ သက်ဝင်လျှက် ရှိနေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံတွင် တစ်ချိန်က နာမည်ကြီး ခဲ့သည် ကြို့ပင်ကောက် လေချွန်နတ် မှာ တမလွန် ဘ၀ရောက်ရှိ နေသူများ ဘ၀ မကူးသေးပါ က မိသားစုဝင်များနှင့်ပါ ဆက်သွယ် ပေးသည်။
သေဆုံးသူ သွားသူများ နှင့် ပတ်သက်ပြီး တမလွန် ဘ၀ အဟော မှာ မြန်မာ နိုင်ငံတွင် သာမက ဒေသတွင်း နိုင်ငံများ အပါအ၀င် အမေရိကန် ၊ ဥရောပ နှင့် ဂျပန် နိုင်ငံများတွင် ပါ ယခုထက် တိုင် ယုံကြည် သက်ဝင်မှု များရှိသေးသည်။
source by : FREEDOM NEWS GROUP
0 ရဲ့ အမြင်:
Post a Comment