
အမေရိကန် နိုင်ငံသား ဖြစ်သူ မစ္စတာ ဂျွန် ဝီလီယံ ယက်ထော သည် အမေရိကန် နိုင်ငံ အမှတ် (၃၁၁၅၈) Deta Road, Falcon, ၆၅၄၇၀ Missouri တွင် နေထိုင်သူ ဖြစ်ကာ Forest Institute တွင် Ph.D ( Psychology) ကို သင်ယူ လျှက်ရှိသူ ဖြစ်ကြောင်း ဖေါ်ပြ ပါရှိခဲ့သည်။
မစ္စတာ ဂျွန် ဝီလီယံ ယက်ထော ၏ အစစ်ခံချက်ဟု ပြောဆိုပါရှိချက်တွင် မေလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ တဆင့်ရောက် ရှိလာပြီး ကျောက်တံတား မြို့နယ်၊ (၁) ရပ်ကွက်၊ (၃၃) လမ်း၊ အမှတ် (၁၈၀ /၁၉၂) ရှိ ဗျူးတီးလန်း ဟိုတယ် တွင် တည်းခိုခဲ့ကာ (၃-၅-၀၉) ရက်နေ့တွင် ၄င်းဟိုတယ်မှ ညနေပိုင်းတွင် အငှားယာဉ်ဖြင့် အင်းယားမြိုင်လမ်း ဘက်သို့ ထွက်ခွာလာပြီး တက္ကသိုလ်ရိပ်သာ လမ်းအနီး လမ်းဆင်း လျှောက်ကာ တောင်ကိုရီးယား သံရုံး အနီးရှိ အင်းယားကန်ဘက် အခြမ်းသို့ သွားရောက်ပြီး ရေထုတ်သည့် မြောင်းအတွင်းမှ ရေကူးကာ အင်းယားကန် အတွင်းသို့ ဆင်းခဲ့ကြောင်း၊ ထို့မှတဆင့် ၄င်းသည် အင်းယားကန် အတွင်းမှ ရေးကူးလျှက် ဒေါ်စု၏ နေအိမ်ဘက်သို့ ကူးခတ်သွားရာ (၄-၅-၀၉) ရက်နေ့ မိုးမလင်းမှီ ရောက်ရှိ ခဲ့၏။
ဒေါ်စု ၏ နေအိမ်တွင် ရှိသော အိမ်ဖော် (၂) ဦး နှင့် ဦးစွာတွေ့ရှိခဲ့ပြီး ၄င်းတွင် ဆီးချို ရောဂါရှိကြောင်း ယခု ရေကူး လာခဲ့ရသဖြင့် အလွန်မော နေပြီး ဗိုက်ဆာနေကြောင်း တို့ကိုပြောပြခဲ့ရာ ထိုအိမ်ရှိ အဖော် (၂) ဦးမှ ထမင်းကျွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ မလာရောက်မှီ က အင်တာနက် ပေါ်တွင် Google Earth မှ တဆင့် ဒေါ်စု ၏ နေအိမ်သို့ သွားရောက် ရမည့်လမ်းကြောင်းကို ရှာဖွေခဲ့ကြောင်း၊ ရေးသားခဲ့ပြီး၊ မစ္စတာ ဂျွန် ဝီလီယံ ယက်ထော သည် ၂၀၀၈ ခုနှစ်က ၂ ကြိမ် လာရောက်ခဲ့ဖူးကြောင်း၊ ထိုအကြိမ်များ ကလည်း အလားတူ ရေကူး၍ ၀င်ရောက်ခဲ့ပြီး အချိန်ကြာကြာ နေခဲ့ဘူးကြောင်း၊ အစစ်ခံ ခဲ့သည်ဟု ဖေါ်ပြပါ ရှိသည် ကိုတွေ့ရသည်။

အမေရိကန် နိုင်ငံသား ဖြစ်သူ မစ္စတာ ဂျွန် ဝီလီယံ ယက်ထော ၏ အခြေအနေ အရပ်ရပ်အား တွေ့ဆုံ မေးမြန်းခွင့်ရရန် အတွက် ပြည်ထဲရေး ဝန်ကြီးဌာန နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနကို အမေရိကန်သံရုံး က ခွင့်တောင်းခံ ထားကြောင်း၊ သို့သော်လည်း တုံ့ပြန်မှု တစုံတရာ မရရှိသေးပါ ဟု အမေရိကန် သံရုံး၏ ပြောရေး ဆိုခွင့် ရှိသူ ရစ်ချတ်မေး (Richard Mei) က လူထုအသံ ကို ပြောဆိုခဲ့သည်။
source by : လူထုအသံ









0 ရဲ့ အမြင်:
Post a Comment