ဆောင်းပါး ဧရာဝတီ |
သခင် ချန်ထွန်း
သံအမတ်ဟောင်းနှင့် ၀ါရင့် နိုင်ငံရေးသမားကြီး
![]() သခင်ချန်ထွန်း |
အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေဘက်ကလည်း အားနည်း လာနေတယ်၊ နိုင်ငံရေးသမားတွေကိုလည်း အစိုးရက ထောင်တွေမှာ ပြန်မလွှတ်ဘူး၊ ဒီမိုကရေစီ ပန်းတိုင်နဲ့က ဝေးကွာ နေဆဲ လို့ မြင်တယ်၊
ဒီမိုကရေစီ ပန်းတိုင်နဲ့ နီးဖို့ဆိုရင် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ဦးအုန်းသန်း တို့ ၊ စုစုနွေးတို့လို လူတွေ နိုင်ငံ တ၀န်း ထောင်နဲ့ သောင်းနဲ့ချီပြီး အများကြီးထွက်လာဖို့ လိုပါတယ်။အကွီနိုလို မိန်းမမျိုး ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပေါ်ခဲ့တယ်၊ ဒါပေမယ့် ရာမို့စ်လို ဗိုလ်ချုပ် တယောက်မှ မရှိဘူး၊ ကျနော် တို့ဟာ အာဏာ အရယူရေးပွဲ မှာ လက်နှေးနေကြတယ်၊ အနိုင်မယူရဲဘူးဖြစ်နေတယ်၊ အောင်ပွဲ မခံယူရဲဘူး၊ အောင်ပွဲခံဖို့ အနိုင်ယူဖို့ဆိုတာက မနှစ်က ၉ လ ပိုင်း စက်တင်ဘာမှာလို သူကရိုက်သတ်နေတာ ကို ကျနော် တို့က လက်တုံ့ပြန်ရမှာမျိုး၊ ရှစ်လေးလုံး ကာလမှာလည်း ဒီလိုပဲ ကျနော်တို့တွေ ဖြစ်ခဲ့တယ်၊ ဒါကြောင့် ကျနော်တို့ သမိုင်းမှာ ကြီးမားတဲ့ ဒီလောက် အောင် မြင်မှုရှိခဲ့ပေမယ့် ဗိုလ်ချုပ် ရာမို့စ် လို လူတ ယောက် မရှိတဲ့အတွက် ကျနော်တို့ ရဲဘော်ပေါင်း များစွာ၊ ပြည်သူပေါင်း များစွာ ရဲ့ အသက်သွေးချွေး ပေးခဲ့ရ တဲ့ အောင်ပွဲကြီး လက်လွတ်ခဲ့ရတယ်။
ဦးဥာဏ်ဝင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
![]() ဦးဥာဏ်ဝင်း |
၁၉၈၈ ခုနှစ်မှာ တပြည်လုံးရှိ ပြည်သူလူထု တရပ်လုံး ဆန္ဒပြတယ်ဆိုတာ အဲဒီ အချိန်က ရှိခဲ့တဲ့ ဆိုရှယ်လစ် ၀ါဒလို့ ဆိုတဲ့ ဆိုရှယ်လစ် တပါတီ အာဏာရှင် စနစ် ကို တွန်းလှန်တာ၊ လိုချင်တာက ဒီမိုကရေစီ ဒါပေမယ့် ကျနော်တို့ တ၀က်ပဲ အောင်မြင်တယ်လို့ပြောရမယ်၊ ဆိုရှယ်လစ် အစိုးရပြုတ်ကျသွားတယ်၊ ကျနော်တို့ ဒီမိုကရေစီ ပြန်မရဘူး၊ ဒီမိုကရေစီပြန် မရခြင်းရဲ့အဓိက တာဝန်ရှိတာ ကတော့ အဲဒီအချိန်က အာဏာရယူ ထားတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(န၀တ) ပေါ့၊ သူတို့မှာ အဓိက တာဝန်ရှိတယ်၊
တ၀က်ပဲ အောင်မြင်တယ်ဆိုတာက ဆိုရှယ်လစ် အစိုးရပြုတ်ကျဖို့နဲ့ ဒီမိုကရေစီ ရဖို့ တိုက်ပွဲ ၀င်ရာမှာ ဆိုရှယ် လစ် အစိုးရတော့ ပြုတ်ကျခဲ့တယ်၊ ကျနော်တို့ ဒီမိုကရေစီ မရပါဘူး၊ ဒါကြောင့် တ၀က်ပဲ အောင်မြင်ခဲ့ပါတယ်၊အခုလည်း ကျနော်တို့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတယ်၊ အန်အယ်လ်ဒီ အလံအောက်မှာ ၀င်တယ်၊ တသီးပုဂ္ဂလ လည်း ၀င်နေကြတာ အများကြီးပါ၊ အခုအထိ ကျနော်တို့ မအောင်မြင်သေးဘူး၊
သို့သော်လည်းပဲ တိုင်းပြည်ကို စီမံ အုပ်ချုပ် နေတဲ့ လူတွေ ပြောတဲ့ ဒီမိုကရေစီ ဆိုတာကို ပြည်သူလူထုက မယုံဘူး၊ ပြည်သူ လူထု ယုံကြည်တဲ့ ဒီမိုကရေစီ ရဖို့ ကျနော်တို့ ကြိုးစား အားထုတ်ဖို့၊ စိတ်ရှည်ဖို့ကို ကျနော်တိုက်တွန်းချင်ပါတယ်။ကျနော်တို့ ကိုယ်တိုင်ကလည်း ၈၈ က မွေးထုတ်ပေးလိုက်တဲ့အတွက် နိုင်ငံရေး ဆောင်ရွက်နေကြတာပါ၊ ကျနော်တို့ အဲဒီ အချိန်ကနေ ကနေ့အထိ နှစ်ပေါင်း ၂၀ မအောင်မြင်သေး သော်လည်း အရှိန် အဟုန်မပျက် ဆက်လက် ကြိုးပမ်း ဆောင်ရွက် ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
ဦးအောင်ကျော်ဇောတရုတ်-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ
ရှစ်လေးလုံး အနှစ် ၂၀ ကတော့ ကျနော့် တဦးချင်း အမြင်အရ မြန်မာပြည်တော်လှန်ရေးအရ လွတ်လပ်ရေး ရပြီး ၁၉၄၈ ကနေ ၁၉၆၈ ၊ အဲဒီက နေပြီး တခါ ၁၉၈၈ ပေါ့၊ အဲဒီလို အနှစ် ၂၀ တွေနဲ့တော့ မတူတာတော့ အမှန်ပဲ၊ အောင်မြင်မှုတွေ လည်း ကြီးမားတယ်၊ ဆုံးရှုံးမှုတွေလည်း ကြီးမားတယ်၊ မြန်မာပြည်နိုင်ငံရေးသမိုင်း မှာ မရခဲ့ဖူးတဲ့ အောင်မြင်မှုတွေလည်း ရတယ်၊ မဆုံးရှုံးခဲ့ဖူးတဲ့ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေ၊ ပြည်သူတွေ ရဲ့အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေရှိတယ်၊ တိုင်းပြည်ကိုချစ်တဲ့ လူငယ်တွေ၊ ခေါင်းဆောင်တွေဟာဘယ် ခေတ်နဲ့မှ မတူတဲ့ ရက်စက်ယုတ်မာတဲ့ အစိုးရရဲ့ လက်အောက် ကို ရောက်ခဲ့ရတယ်။
တိုင်းပြည်လည်း လွတ်လပ်ရေးရပြီးတဲ့နောက် အင်္ဂလိပ် ခေတ်ထက် ဆိုးတဲ့ ဘ၀မျိုးရောက်ခဲ့ရတယ်၊ အခု အနှစ် ၂၀ မှာ ပေးဆပ်မှုကအင်မတန်ကြီးတယ်၊ တချို့နေရာမှာတော့ မြန်မာပြည်သူတွေ ဖြစ်နေတဲ့ ပြဿနာက သေရဲတယ်၊ အသတ် ခံရဲတယ်၊ အဖမ်းခံရဲတယ်၊ အရိုက်ခံရဲတယ်၊ ဒါပေမယ့် ကျနော်တို့ အောင်ပွဲ မယူရဲဘူး ဖြစ်နေတယ်၊ ၁၉၈၈ ခုနှစ်က စပြီး နိုင်ငံရေး ခေါင်းဆောင်တွေအပါ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ကျနော် တို့ဟာ လက်ရှိအခြေအနေအတိုင်း ဖွဲ့စည်းပုံဥပဒေကို အတည်ပြုမယ်၊ ရွေးကောက်ပွဲဝင်မယ် ဆိုရင်တော့ ဒီမိုကရေစီ ပန်းတိုင်နဲ့ ဝေးနေမှာပဲ၊ ကျနော်တို့ဘက်က အခက်အခဲပေါင်းစုံ ရှိသလို အစိုးရဘက်မှာ လည်း အခက်အခဲ ရှိတာပဲ၊ အဲဒါကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီးတော့ မှန်မှန်ကန်ကန်လမ်းကြောင်းနဲ့ မှန်ကန်တဲ့ခေါင်းဆောင်မှု နဲ့ ချီတက် ကြမယ်ဆိုရင် ကျနော်တို့ရဲ့ အနာဂတ် အောင်ပွဲဟာ မဝေးတော့ ပါဘူး။ဦးအောင်နိုင်ဦး
မြန်မာ့အရေးလေ့လာသူ
![]() ဦးအောင်နိုင်ဦး |
၁၉၈၈ ခုနှစ်လှုပ်ရှားမှုဟာ စစ်အစိုးရဟာ သူတယောက်တည်း အုပ်ချုပ်လို့ မရ တော့ဘူး ဆိုတာပြတာပဲ။ တိုင်းပြည်မှာ လူအများစုပါတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးမျိုး လိုအပ်လာပြီ။ တိုင်းပြည်မှာ စီးပွားရေး၊ ပညာရေး ပိုကောင်းဖို့၊ ပွင့်ပွင့်လင်း လင်းရှိဖို့ လိုတယ်ဆိုတာ ပြတာပဲ။ ၈၈ ထိ ၂၆ နှစ်တာ တပါတီစနစ် အုပ်ချုပ်ခဲ့တဲ့ အတွက် ဒီမိုကရေစီ ဆိုတာမရှိခဲ့ဘူး။ တွေ့ဆုံဆွေးနွေးတာ၊ အပြန်အလှန်ညှိနှိုင်းတာ မရှိခဲ့ဘူး။ အတိုက်အခံ ဘက်ကလည်း စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်ခဲ့ဘူး။ အဲလိုမလုပ်နိုင်ခဲ့တာက အတိုက်အခံဘက် က လည်း မညီဘူး။ အပေးအယူ လုပ်နိုင်ခဲ့ရင် ဒီလောက် အခြေအနေ ဆိုးမှာမဟုတ်ဘူးဗျ။ အပြောင်းအလဲ ဖြစ်ချင်ရင် တယောက်နဲ့ တယောက် အပြတ်ချမယ်ဆိုတဲ့ ရန်လိုတဲ့စိတ် တွေ ဖျောက်ဖို့ လိုတယ်။ ဒါပေမယ့် အဲဒီ ရန်လိုတဲ့ စိတ်တွေ အများကြီးတွေ့နေရသေးတယ်ဗျ။
နှစ် ၂၀ မှာပြန်ကြည့်ရင် ကျနော်တို့က စစ်အစိုးရကို အထီးကျန်အောင် လုပ်ဖို့ အကြီးအကျယ် တောင်းဆိုခဲ့တယ်၊ စီးပွားရေး ပိတ်ဆို့ ခဲ့တယ်။ အဲဒီကိစ္စကိုလည်း ပြန်စဉ်းစားသင့်ပြီဗျ။ တကယ်က စစ်အစိုးရဆိုတာကို က အထီးကျန်ဆန်ဆန်ပဲ နေလာ တာ။ အဲလို အထီးကျန်ခဲ့လို့ ကျနော်တို့ နိုင်ငံမှာလိုအပ်တဲ့ နည်းပညာတွေ၊ အကူအညီတွေ၊ နိုင်ငံခြားက ရနိုင်တာတွေ မရခဲ့ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ဘယ်လိုမှကို ပြောလို့ မရဘူး။ဥပမာ ကျနော်တို့ နိုင်ငံဟာ တတိယ ကမ္ဘာနိုင်ငံ ဖြစ်ပြီး ဘယ်လောက်ပဲ ဆင်းရဲ နေပါစေ၊ တကယ်လို့ တခြား နိုင်ငံတွေနဲ့သာ ရင်းနှီးခဲ့မယ်ဆိုရင် နာဂစ်လို ကိစ္စမျိုးမှာ ကျနော်တို့ဟာ မုန်တိုင်းဒဏ် ခံရတဲ့ ပြည်သူတွေကို ကောင်းကောင်း ကူညီနိုင်မယ်။ ခုဟာက နိုင်ငံတကာက ကူညီချင်ပါတယ်ဆိုတာတောင် စစ်အစိုးရက ဆန့် ကျင်ပြီး မယူဘူး ဆိုပြီး ပြောခဲ့တာမျိုးတွေရှိ ပါတယ်။ နိုင်ငံရေးကနေပြီးတော့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေးတွေကို ပြန်ပေးဆွဲထားသလို လုပ်ထားတာ ကတော့ ရပ်တန့်သင့်ပြီလို့ ကျနော့်အနေနဲ့ ထင် တယ်ခင်ဗျ။
အဲတော့ ဒါတွေကို လက်တွေ့ကျကျ သေသေချာချာ သုံးသပ်ပြီးမှ လာမယ့် နှစ် ၂၀ နောက်ပိုင်းကို ဘယ်လို သွားကြမလဲ။ စီးပွားရေးပိတ်ဆို့မှုတွေဟာ တကယ်ပဲ ကောင်းသလား။ အထီးကျန် ဆန်မှုဟာ တကယ်ပဲကောင်း သလား။ စစ်တပ်ထဲမှာ ဘာကြောင့် ခုလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်နေရတာလဲ။ ဒါတွေကို သေသေချာချာ ပြန်စဉ်းစားဖို့ အချိန်တန်ပြီလို့ကျနော်မြင်တယ် ခင်ဗျ။ပြည်ပရောက် အတိုက်အခံတွေ ဟာလည်း တိုင်းပြည်အတွက်တကယ်ကို စေတနာရှိကြပါတယ်။ တကယ်လည်း စွန့်လွှတ်ပြီး လုပ်နေတာတွေ ရှိတယ်။ ဒီလောက် နှစ် ၂၀ လောက် လုပ်လာတယ် ဆိုတော့လည်း သူတို့ ရဲ့တိုင်းပြည်အပေါ်ထားတဲ့စိတ်ကို မေးခွန်းအထွေအထူး ထုတ်စရာမလိုဘူးပေါ့။ ဒါပေမယ့်လည်း ပြဿနာ က ပြည်ပရောက် အတိုက်အခံ အင်အားစုတွေက လွတ်လပ်တဲ့ ဒေသတွေမှာ နေတဲ့အခါကျတော့ ပိုပြီးပြင်း ပြင်းထန်ထန် လုပ်တာကိုင်တာ တွေရှိတယ်။ ဒါတွေဟာလည်း အာဏာရှင်စနစ် ကိုဆန့်ကျင်တာ ဖြစ်တဲ့ အ တွက် လိုအပ်ပါတယ်။ သို့သော်လည်းပဲ ဒီနယ်စပ်က အင်အားစုတွေမှာ ရေရှည် ကြည့်တတ်တဲ့အမြင်နဲ့ ဒီမို ကရေစီကို ဘယ်လိုပိုပြီး အားကောင်းအောင်လုပ်မလဲဆိုတဲ့ ရေရည်အမြင်နဲ့ နားလည်မှု၊ ပြင်ဆင် မှုတွေ တော်တော် နည်းတယ်။ ဒါကြောင့်မို့လည်း အနှစ် ၂၀ ဖြစ်လာတဲ့အထိ ဒီဘက်မှာ ဘာမှတိတိကျကျ မ အောင်မြင်ဘဲနဲ့ ပိုပြီး နောက်ဆုတ် လာရတဲ့ အနေအထား မျိုးဖြစ်တယ်။ ကျနော်တို့နိုင်ငံမှာ တည်ငြိမ်တဲ့ ဒီမို ကရေစီရဖို့ အနည်းဆုံး အနှစ် ၂၀၊ နှစ်၃၀ ကြာနိုင်တယ် ခင်ဗျ။ ကျနော်တို့ လက်ထက် မှာတောင် ရနိုင်ချင်မှ ရနိုင်မှာ ဆိုတော့ ရေရှည် အမြင် ရှိဖို့လို တယ်ဗျ။ အတိုက်အခံအင်အားစုတွေမှာ နိုင်ငံရေး အခြေအနေ တွေ အားလုံးကို သေသေချာချာ နားလည် ကျွမ်းကျင်ကြ ပေမယ့် အဲဒီလို ရေရှည် အမြင်မျိုး ကျနော်လုံးဝမတွေ့မိ ဘူးလို့ ထင်တယ်။
ဦးတိတ်နိုင်(အတွင်းရေးမှူး)ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း
ဦးတိတ်နိုင် |
ခုချိန်မှာတော့ မြန်မာပြည်သူလူထုက စစ်အစိုးရရဲ့ မတရားဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက် မှုကို အပြင်းအထန် ခံစားနေ ရပြီး မလှုပ်နိုင်အောင် ဖြစ်နေရပြီ။ ဒါပေမယ့် နိုင်ငံတကာက စစ်အစိုးရကို ဆက်ဆံတဲ့ နေရာမှာတော့ အရမ်းကို သံတမန် ဆန်လွန်းတယ်။ အားမရဘူးပေါ့ဗျာ။
ကိုမြအေး၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့
![]() ကိုမြအေး |
၈ ရက် ၈ လ ၈၈ ခုနှစ်မှာ မြန်မာတနိုင်ငံလုံးမှာ သွေးမြေကျခဲ့ရတယ်၊ ရိုးသားဖြူစင် သန့်ရှင်းတဲ့ ရဟန်း ရှင်လူ ကျောင်းသား ပြည်သူတွေ သွေးတွေ ကပ်တရာ လမ်းတွေပေါ် မှာ ကျဆင်းခဲ့ ရတယ်။ အဲဒီကျဆုံးမှုတွေက ၁၉ နှစ်တိုင်သည်အထိ ကျနော် တို့တိုင်းပြည် ဒီမိုကရေစီ မရသေးဘူး။ အဓိက ပြောချင်တာက ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့စိတ်ဓာတ် ကို ကျနော်တို့ ရင်ထဲမှာ ကိန်းအောင်းထားတယ် … မြန်မာနိုင်ငံ ဒီမိုကရေစီရအောင် ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ ကြိုးပမ်း ဆောင်ရွက် သွားမယ်ဆိုတာ ကို ကျနော်တို့ ပြောချင်ပါတယ်။
(ရန်ကုန်မြို့ သာသနာ့သိပ္ပံကျောင်းတိုက်၌ ရှစ်လေးလုံး ၁၉ နှစ်ပြည့် အခမ်းအနား ကျင်းပစဉ် ဧရာဝတီသို့ ပြောဆိုချက်)
ဦးဝင်းမင်း
မြန်မာ့အရေး လေ့လာသူ
![]() ဦးဝင်းမင်း |
၈၈ တုန်းက ဒီလောက်အများကြီး သွေးတွေ ချွေးတွေပေးဆပ်ခဲ့ပြီး အခုအချိန်ထိ အပြောင်း အလဲမဖြစ်တဲ့ အပေါ်မှာတော့ အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် နိုင်ငံရေး ပြောင်းလဲဖို့ လိုအပ်တယ် ဆိုတာကို လူတွေပိုမို လက်ခံလာ ကြတယ်။ ဒါကတော့ ၁၉၈၈ နောက်ပိုင်းမှာ ရခဲ့တဲ့ ကြီးမားတဲ့ရလာဒ်လို့ ဆိုရမှာပါ။ အဲဒီအရှိန်နဲ့ပဲ တချိန်ကျရင်တော့ အပြောင်းအလဲ ဖြစ်မှာပါ။
၁၉၈၈ လှုပ်ရှားမှုကြီးက အနှစ် ၂၀ ကြာခဲ့ပေမယ့် ဆက်သွားနေတုန်းပဲဆိုတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ သံဃာ့ လှုပ်ရှားမှုကို ကြည့်မယ်ဆိုရင်လည်း ၈၈ ကျောင်းသား တွေက စခဲ့တာပဲ။ နောက်ထပ်လှုပ်ရှားမှု တွေ ထပ်ဖြစ် လာဦးမယ်ဆိုရင်လည်း ၈ လေးလုံးမျိုးဆက်က တစုံ တရာ ပါဝင်ပတ်သက်နေဦးမှာပဲ။ အဲဒီ အတွက်တော့ ဂုဏ်ယူတယ်ဗျ။ ၈ လေးလုံး မျိုးဆက် အနေနဲ့ ခုချိန်မှာ ကိုမင်းကိုနိုင်တို့ကို ဖမ်းဆီးထောင်ချထားတဲ့အတွက် တော့ တစုံတရာ အားနည်းတယ်လို့ပြောလို့ရတာပေါ့။ ဒါပေမယ့် နောင်ဖြစ်လာမယ့် ဆန္ဒပြပွဲတွေအတွက် အထောက်အကူ ဆက်ဖြစ်နေဦးမှာပါ။အနှစ် ၂၀ တိုင်ခဲ့ပြီဆိုပေမယ့် ကျနော့်မှာတော့ အပြောင်းအလဲ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကရှိနေတုန်းပဲ။ ဘာကြောင့် လဲဆိုတော့ အာဏာရှင်ဆိုတာ ကာလ တစုံတရာ ထိန်းချုပ်ထားနိုင်ပေမယ့် တသက်လုံး တော့ ထိန်းမထားနိုင်ဘူးလေ။ တကယ့်ကိုကြီးမားတဲ့ ဆိုဗီယက်ရုရှားလိုနိုင်ငံကြီးတောင် ပြိုလဲခဲ့ရသေးတာပဲ။မြန်မာ စစ်အစိုးရကတော့ ခုထိခိုင်မာနေသေး တယ်လို့ ပြောလို့ရပေမယ့် စီးပွားရေး ဖူလှုံမှု၊ တိုးတက်မှုကို မဖန်တီး ပေးနိုင်သရွေ့ မတည်ငြိမ်မှုတွေ ဆက်ဖြစ် နေဦးမယ်။ အခွင့်သာရင် လူတွေက လမ်းပေါ်တက်ပြီး ဆန္ဒပြတာ မျိုးတွေ လုပ်ပြီး အစိုးရကို ဖြုတ်ချတာမျိုးတွေ လုပ်နေဦးမှာပဲ။
ကျနော့်အမြင် ပြောရရင် ခုလောလောဆယ် လူထုဆန္ဒပြပွဲတွေက မအောင်မြင်နိုင်သေးဘူးပေါ့။ ဒါပေမယ့် လူထုဆန္ဒပြပွဲတွေ ရယ် နိုင်ငံတကာက ဖိအားရယ် ၈၈ က ပြောင်းလဲလာတဲ့ မျိုးဆက်ရယ် အဲဒီ ၃ ခု ပေါင်းဆုံ လိုက်မယ်ဆိုရင်တော့ အားလုံး မျှော်လင့်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ အပြောင်းအလဲဖြစ်ဖို့ အလားအလာ အများကြီး ရှိပါတယ်။အနှစ် ၂၀ အကြာမှာ ပြည်ပရောက် အတိုက်အခံတွေရဲ့ လှုပ်ရှားမှုအနေနဲ့ကတော့ နိုင်ငံတကာရဲ့ အာရုံစိုက် မှုကို ဆက်ထိန်း ထားနိုင်တယ်၊ ပြည်တွင်းကိုလည်း ထောက်ပံ့မှု တစုံတရာ ပေးထားနိုင်တယ်။ ဆက်လက် တည်တံ့နေတာတော့ရှိ တာပေါ့။ ဒါပေမယ့် ပြည်ပအတိုက်အခံတွေရဲ့လှုပ်ရှားမှုထဲမှာ အားနည်းတဲ့ အချက် ကတော့ ညီညွတ်ရေးလို့ပဲ ပြောရမယ်။ တနိုင်ငံ လုံးရဲ့အရေးကို အလေးထားပြီး ဆောင်ရွက်တာထက်စာရင် ကိုယ့်အဖွဲ့အကျိုးစီးပွားကိုပိုစိတ်ဝင်စားပြီး ညှိနှိုင်းဆောင်ရွက် မှုတွေ အားနည်းတယ်ပဲပြောရမှာပေါ့။ကိုယ်သာ လျင်လှုပ်ရှားမှုကို ကိုယ်စားပြုတယ်ဆိုပြီး တလွဲမာနတွေ၊ ပုဂ္ဂိုလ်ရေးအာဃာ တတွေနဲ့ ခုချိန်ထိ အပြိုင်အဆိုင် လိုဖြစ်နေတာ တွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ဒီထက် တဆင့်ကို ကျော်လွန်ပြီး ဒီထက် ပိုကောင်းတဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။
ကိုထွန်းမြင့်အောင်၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့
![]() ကိုထွန်းမြင့်အောင် |
ယနေ့အထိ အာဏာရှင်စနစ်ပုံစံနဲ့ သွားနေတုန်းပဲ။ ဒီလိုပုံစံအတိုင်းဆက် သွားနေရင် ဒီမိုကရေစီပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ဘူး။ တဘက်မှာ ဒီမိုကရေစီအင် အားစုတွေကို သုံးသပ်ချင်တာ ဘာလဲဆိုတော့ ကျနော် တို့ ဟာ ကြမ်းတမ်းတဲ့ ခရီးတွေကို ဖြတ်လျှောက်ရဲတဲ့ ရင်းနှီးမှုတွေ ရှိရုံနဲ့တင် မလုံလောက်ဘူး။ အခြေအနေ အချိန် အခါနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေကိုလည်း စဉ်စားဖို့လိုနေပြီ။
ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကူးထင်ရာလုပ်မနေဘဲ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန်လေးစား မှုတွေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီး ဟန်ချက် ညီညီ ဆောင်ရွက်ကြဖို့ လိုတယ်။ နောက်တချက် က ခေါင်းဆောင် လုပ်နေတဲ့ ပါတီအဖွဲ့ အစည်း၊ ပုဂ္ဂိုလ် အသီးသီး တို့ဟာ တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် လုပ်သင့် လုပ်ထိုက်တဲ့အချက်တွေမှာ၊ လုပ်သင့်လုပ်ထိုက် တဲ့အချိန်မှာ ပြတ်ပြတ် သားသား ဦးဆောင်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ အချိန်ကျော်သွားမှ လုပ်နိုင်တဲ့အခွင့်အလမ်း တွေ လျော့သွားလိမ့်မယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ စည်းရုံးရေးက အရေးကြီးပါတယ်။ ဒီနေရာမှာ တရားဝင်ရပ်တည်ခွင့်ရတဲ့ အဖွဲ့ အစည်းတွေ သွားရမယ့်ပုံစံက တပိုင်း၊ တရားဝင်ရပ်တည်ခွင့်မရတဲ့အင်အားစုတွေ သွားရတဲ့ပုံစံနဲ့ ၂ မျိုး တွေ့ရတယ်။ တရားဝင် ရပ်တည် ခွင့်ရတဲ့အဖွဲ့အစည်းက စနစ်ကျတဲ့ လုပ်ငန်းတွေကို ပိုပြီး ဆောင်ရွက်သင့် တယ်။ ကျနော်တို့ အပါအ၀င် တရားဝင် ရပ်တည်ခွင့်မရအဖွဲ့အစည်းတွေကလည်း ဒီထက်ပိုပြီး ကြိုးစားကြဖို့ လိုတယ်။ ဥပမာ - ပြီးခဲ့တဲ့ စက်တင်ဘာလှုပ်ရှားမှုမှာ ကျနော်တို့ဟာ ကွန်ယက်တွေကို ခိုင်ခိုင်မာမာ မတည် ဆောက်ထားနိုင်တာ၊ ဦးဆောင်မှုမပေးနိုင်တာကြောင့် ရလဒ် ကောင်းတွေထွက်လာပါနိုင်ရဲ့နဲ့ မလုပ်နိုင်ခဲ့ကြ ဘူး။ပြည်သူလူထု ကို ပြောချင်တာကတော့ စိတ်ဓာတ်ရှိရုံနဲ့ ဒီမိုကရေစီပန်တိုင်ကို မရောက်ဘူး၊ စိတ်ဓာတ်ရှိရုံနဲ့ ပြည်သူ လူထုရဲ့ စားဝတ်နေရေးတွေ ပြေလည်သွားမှာမဟုတ်ဘူး။ စိတ်ဓာတ်ရှိတယ်ဆိုရင် အဲဒီစိတ်နဲ့ ကိုက်ညီတဲ့ ခြေ တွေ၊ လက်တွေ လှုပ်ရှားဖို့လိုမယ်။ ဒီလှုပ်ရှားမှုမှာ ကျနော်တို့နဲ့ ပူးပေါင်း ပါဝင် ရလိမ့်မယ်။ ဘေးကနေ လက်ခုပ်တီး နေရုံ နဲ့ မလုံလောက် ပါဘူး၊ အကြောက်တရားတွေကို လျှော့ဖို့လိုပါတယ်။ သတ္တိမွေးကြပါ၊ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ကြပါလို့ ပြည်သူလူထုကို တိုက်တွန်းပါတယ်။
ဒေါက်တာနိုင်အောင်(မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၊ အတွင်းရေးမှူးချုပ်)
ရှစ်လေးလုံးဟာ မြန်မာ့သမိုင်းနဲ့ကြည့်ပြီးပြောမယ်ဆိုရင် အရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်တယ်လို့ ပြောလို့ရမှာ ပါ။ ၁၉၈၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး တောင်းဆိုမှုဟာ ယနေ့အထိ ရှိနေတုန်းဆို တာကို ပြောလို့ရတယ်၊ ဒါကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃလှုပ်ရှားမှုကြီးက သက်သေပြခဲ့ပြီး ဖြစ်ပါ တယ်။
အနှစ် ၂၀ လောက် တိုက်ပွဲကမပြီးဆုံးသေးဘဲ ဖြစ်နေပေမယ့် လူနော်တို့ ရည်မှန်းတဲ့ခရီးကို ရောက်ဖို့ မဝေးတော့ဘူးလို့ ထင်ပါတယ်။ အနှစ် ၂၀ ကာလအတွင်းမှာရှိနေတဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစု တွေရဲ့ အသံကလည်း ပိုပြီးစုစည်း လာတယ်၊ နိုင်ငံတကာအင်အားစုကလည်း ကျနော်တို့အရေးကို အာရုံစူးစိုက်မှုတွေ ပိုများလာတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ ကျနော်တို့ကြားမှာလည်း စုစည်းညီညွတ်မှုတွေ ရလာတယ်။ ၁၉၈၈ ခုနှစ် ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့တဲ့ မျိုးဆက်သစ် လူငယ်တွေ ကလည်း နအဖ စစ်အာဏာ ရှင်ရဲ့ သရုပ်မှန်ကို ကွက်ကွက်ကွင်းကွင်းမြင်လာပြီး ရှစ်လေးလုံးမှာ စခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေမှာ ပူးပေါင်းတိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ်။ဒီအချိန်မှာ ၂၀၁၀ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးဆိုတဲ့ငြင်းပယ်မှုနဲ့ နအဖ သက်ဆိုးရှည်မယ့် အုပ်ချုပ် မှုကို အပြီးသတ်ငြင်းဆန်နိုင်ဖို့အတွက် ကျနော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ တပြိုင်တည်း လက်တွဲလှုပ်ရှားကြဖို့ လိုပါတယ်။
မိုဃ်းသွေးမျိုးဆက်သစ် လူငယ်များ အစည်းအရုံးGeneration Wave
၁၉၈၈ ကနေ အနှစ် ၂၀ ကာလအတွင်း ပြန်ကြည့်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုဖြစ်စဉ်နဲ့ လုံးဝ ကင်းလွတ်လို့ မရလို့သာ အတိုင်းအတာတခုလောက် ရွေ့လျားတိုးတက်ခဲ့တယ်ဆိုပေမယ့် တကယ်က ကမ္ဘာ ကြီး ပေါ်က ပြုတ်ကျကျန်ခဲ့ တယ်လို့ ပြောလို့ရပါတယ်။ အင်တာနက်တွေ၊ အီးမေးလ်တွေ အီလက်ထရွန်းနစ် မီဒီယာတွေ စတဲ့ ရုပ်ဝတ္ထုတိုးတက်မှုတွေ ရှိတယ်လို့ ထင်ရပေမယ့် ဒါကို တိုးတက်မှုလို့ မြင်လို့မရ ပါဘူး။ ကမ္ဘာကြီးပေါ်က ပြုတ်ကျခါစ အရှိန်လေးနဲ့ ခဏ လိုက်ရွေ့တဲ့သဘောပါ။ အချိန်ကြာတာနဲ့ အမျှ ကျနော်တို့ နှေးကွေးသည်ထက် နှေးကွေးယုတ်လျော့လာမှာပါ။
အဓိကအားဖြင့်ပြောရင် ကျနော်တို့ သိမြင်ခွင့်ရတဲ့ ခေတ်မှာ ပညာရေးပိုင်းဟာ သိသိသာသာ ထိုးကျခဲ့တယ်။ ကျနော်တို့တွေ လူချင်းတူရဲ့နဲ့ သူများနိုင်ငံတွေရဲ့ အနိုင်ကျင့်စော်ကားမှုတွေ ခံနေရတယ်။ ဒါက အတတ် ပညာ ပိုင်းတင်ပြောတာပါ။ အသိ ပညာအတွေး အခေါ်ပိုင်းမှာဆိုရင် ကျနော်တို့ခေတ်ဟာ တကယ့်ကို ကံဆိုး မိုးမှောင်ကျတဲ့ခေတ်ကြီးလို့ ပြောနိုင်ပါတယ်။ ဒါတွေဟာပညာရေးစနစ်ကို အဓိကဗဟိုပြုတဲ့ အထွေထွေဆုတ် ယုတ်မှုကြီးရဲ့ဆိုးရွားလွန်းတဲ့ ရလာဒ်တွေပါ။ စာရိတ္တ ဆိုရင်လည်း မကြုံစဖူးကျိုးကြေပျက်စီး ကုန်ကြပြီ။
၈ ရက်၊ ၈ လ၊ ၈၈ ဆိုတာကို လူငယ်တွေ ဘာမှန်းတောင် မသိကြဘူး။ အာဏာရှင်တွေ ဘက်ကလည်း ရည် ရွယ်ချက် ကြီးကြီးနဲ့ သမိုင်းအဆက်ဆက်ကို ဖြတ်တောက်ပစ်နေခဲ့တာ ခုဆို ဗိုလ်ချုပ် အောင်ဆန်း ဆိုတာ တောင် ဒဏ္ဍာရီလိုဖြစ်နေရပြီ မဟုတ်လား။
အကြံပေးခွင့် ရမယ် ဆိုရင်တော့ ဒီနေ့ ကျောင်းသားလူငယ် မျိုးဆက်သစ်တွေရဲ့ အသိပညာ ငတ်မွတ်မှု၊ ယုံမှား သံသယ၊ ဆာလောင်မှုနဲ့ ချင်ခြင်း အကြိုက်တွေကို တတ်နိုင်သမျှ နီးစပ်တွေ့မြင်နိုင်အောင် ညီညွတ်စွာ ကြိုးစားကြ စေချင်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် တက္ကသိုလ်ကျောင်းသူတဦး
လူဟောင်းတွေကတော့ ရှစ်လေးလုံးနေ့ကျရင် အနက်ရောင်ဝတ်တာတို့ ဘုရားသွားပြီး ကောင်းမှုကုသိုလ် လုပ်တာတို့ လုပ်ကြမှာပါ။ ကျမတို့ကတော့ ဆွမ်းကပ်ဖို့ စီစဉ်ထားတယ်။ တခြားတော့ ဘာမှလုပ်နိုင်မယ် မထင်ပါဘူး။ လူတွေမှာက စီးပွားရေးအဆင်မပြေတာနဲ့ အဲဒီဘက်ကို စိတ်မရောက်နိုင်ပါဘူး … အိမ်ရှေ့ ၇ အိမ်၊ အိမ်နောက် ၇ အိမ်ကို မနည်းလှုံ့ဆော်ရမယ့် သဘောမှာရှိတယ်။ ရှစ်လေးလုံးနေ့ကိုတောင် မှတ်မိကြတာ မဟုတ်ဘူး။ လုံခြုံရေးတွေ အရမ်းချထားလို့သာ ဘာတွေဖြစ်နေပါလိမ့် … သြော်ဟုတ်သားပဲ အနှစ် ၂၀ တောင်ပြည့်ပြီလို့ သိကုန်ကြတာ။














0 ရဲ့ အမြင်:
Post a Comment